အမေ့ခံအတိတ်
အမေ့ခံအတိတ်
တပ်မတော်နေ့
event_note ခေတ်ကာလများပြပုံ

၂၇ မတ် ၁၉၄၅

တပ်မတော်နေ့

people William Slim

Read in English

၁၉၄၅ ခုနှစ် မတ်လတွင် ဗမာ့အမျိုးသားတပ်မတော် (ဘီအန်အေ) မှ ဂျပန် (Japanese) တို့ကို တော်လှန်၍ မဟာမိတ် (the Allies) တို့နှင့် ပူးပေါင်းရန် ကြမ္မာငင်သော ဆုံးဖြတ်ချက် ချလိုက်သည့်နေ့ကို တပ်မတော်နေ့ အဖြစ် မှတ်တွင်ပါသည်။ 

မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် စစ်ရေးပြပြီးနောက် ဗမာ့အမျိုးသားတပ်မတော်သည် မြို့ပြင်သို့ ချီတက် ထွက်ခွာသွားပြီး မြစ်ဝကျွန်းပေါ်ဒေသ၊ ပျဉ်းမနားမြို့နှင့် တောင်ငူမြို့ (ယနေ့ နေပြည်တော် တည်နေရာ) တွင် တပ်စွဲထားသော ဂျပန်တပ်များကို စတင် တိုက်စစ်ဆင်ခဲ့သည်။ မြန်မာပြည်တွင် စစ်ကြီးပြီးခါနီး ကာလ ဖြစ်သည်။ အိန္ဒိယပြည် (India) မှ ချီတက်လာသော ဗြိတိသျှ (British)၊ အာဖရိကန် (African)၊ အိန္ဒိယ (Indian)၊ ဂေါ်ရခါး (Gurkha)၊ တရုတ် (Chinese)နှင့် အမေရိကန် (American) တပ်သား သန်းချီသည် ကုန်းကြောင်းစစ်ဆင်ရေးကြီးဖြင့် မြန်မာပြည်၏ မြောက်ပိုင်းခြမ်းကို သိမ်းထားခဲ့ပြီး ဖြစ်သည်။ 

ဗိုလ်ချုပ်ကြီး စလင်း (Slim) ၏ အမှတ် ၁၄ တပ်မတော်သည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလတွင် ချင်းတွင်းမြစ်ကိုလည်းကောင်း၊ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဧရာဝတီမြစ်ကိုလည်းကောင်း ဖြတ်ကျော်နိုင်ခဲ့သည်။ တစ်ပတ်အတွင်းမှာပင် မန္တလေးမြို့ကို သိမ်းနိုင်ခဲ့သည်။ ရန်ကုန်မြို့သို့ သွားသည့်လမ်း ပွင့်သွားခဲ့လေပြီ။ ဂျပန်တို့၏ နောက်တန်းကို တိုက်ခိုက်ခြင်းသည် အကျိုးရှိလှသောကြောင့် ရန်ကုန်မြို့သို့ မြန်ဆန်စွာ ချီတက်နိုင်ခဲ့ပြီး မိုးဦးကျသည့်အချိန်တွင် မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ 

ပို၍ အရေးကြီးသည်မှာ ထိုသို့ ဘက်ပြောင်းလိုက်ခြင်းကြောင့် ဗြိတိသျှတို့နှင့် အသက် ၃၀ အရွယ်သာ ရှိသေးသည့် ဗမာ့အမျိုးသားတပ်မတော်၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြား ဆက်ဆံရေးသစ် ဖြစ်ပေါ်လာစေခဲ့သည်။ ထိုဆက်ဆံရေးသည် နောင်မြန်မာ့သမိုင်းကြောင်းတွင် ဖြစ်ပေါ်လာသည့် အရေးကိစ္စအလုံးစုံအတွက် ဇာတ်ခုံတည်ပေးခဲ့ပေသည်။ 

ဓာတ်ပုံမှာ ၁၉၄၅ ခုနှစ် အစောပိုင်းက ရိုက်ကူးထားသော ဗမာ့အမျိုးသားတပ်မတော်၏ပုံ ဖြစ်သည်။ ပုံပါ သုံးရောင်ခြယ် အလံကို ၁၉၃၀ ပြည့်နှစ်များက မျိုးချစ် ဒို့ဗမာအစည်းအရုံးက စတင် အသုံးပြုခဲ့ပြီး အိုင်းရစ် ပြည်သူ့သမ္မတနိုင်ငံ၏ အလံကို မှီငြမ်းထားခြင်း ဖြစ်သည်။ နောင်တွင် ဗမာ့အမျိုးသားတပ်မတော်က မှီငြမ်းအသုံးပြုခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလက ဂျပန်အင်ပါယာ၏ လက်အောက်ခံ "ဗမာနိုင်ငံတော်" (၁၉၄၃-၅၄ ခုနှစ်) အဖြစ် တည်ရှိခဲ့စဥ်က နိုင်ငံတော်အလံ အဖြစ်လည်း အသုံးပြုခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်