အမေ့ခံအတိတ်
အမေ့ခံအတိတ်
လားရှိုးတိုက်ပွဲ
event_note ခေတ်ကာလများပြပုံ

၂၉ ဧပြီ ၁၉၄၂

လားရှိုးတိုက်ပွဲ

people Chiang Kai-shek

Read in English

၁၉၄၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ဂျပန်အင်ပါယာ တပ်မတော် (Japanese imperial army) ၏ အမှတ် ၅၆ တပ်မတော်သည် ကူမင်တန် (Kuomintang) တို့၏ “တရုတ် ကျူးကျော်တပ်ပေါင်းစု (မြန်မာပြည်)" ကို အနိုင်ရပြီး လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ငါးနာရီကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီးနောက် လားရှိုးတစ်မြို့လုံး မီးလောင်ပြာကျခဲ့ရသည်။ ထိုတိုက်ပွဲတွင် ဂျပန်တို့ အနိုင်ရခြင်းကြောင့် မြန်မာလမ်းမကြီး (Burma Road) လည်း ပြတ်တောက်သွားတော့သည်။ ၁၉၃၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော ထိုလမ်းမကြီးသည် လားရှိုးမြို့နှင့် ကူမင်မြို့ (Kunming) ကို ဆက်သွယ်ထားပြီး တရုတ်တပ်များက မဟာမိတ်တပ်များနှင့် ချိတ်ဆက်ရာ အသက်သွေးကြော လမ်းမကြီး ဖြစ်ပေသည်။

ထိုမတိုင်ခင် လေးလခန့်က ဂျပန်တပ်များသည် မြန်မာပြည် အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ဝါရှင်တန် (Washington) နှင့် လန်ဒန် (London) အစိုးရတို့က တရုတ် (Chinese) အစိုးရ ကာကွယ်ရေးဦးစီးချုပ် ချန်ကေရှိတ် (Generalissimo Chiang Kai-shek) ထံ အကူအညီ တောင်းရာ ချန်ကေရှိတ်က အင်အား အတောင့်တင်းဆုံးသော တရုတ်စစ်တပ်များကို ချက်ချင်း စေလွှတ်ပေးခဲ့သည်။ စစ်လက်နက်အင်အား တောင့်တင်းသည့် တပ်မ အနည်းငယ်ထဲမှ တစ်ခု ဖြစ်သော အမှတ် ၂၀၀ တပ်မကိုပင် တရုတ် ကျူးကျော်တပ်ပေါင်းစု (မြန်မာပြည်) ၏ တစ်စိတ်တစ်ဒေသ အဖြစ် မြန်မာပြည်သို့ တာဝန်ချပေးခဲ့သည်။ 

တရုတ်တပ်များနှင့် ဂျပန်တပ်များသည် မတ်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တောင်ငူမြို့တွင် အပြင်းအထန် တိုက်ပွဲဖြစ်သည်။ တစ်အိမ်တက်ဆင်း တိုက်ခိုက်မှုများကြောင့် လှပသော ဘူတာမြို့ကလေးမှာ ဖြူခါပြာခါ ကျကာ ကျန်ခဲ့တော့သည်။ ဧပြီလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း တရုတ်တပ်များနှင့် အမှတ် ၇ ဗြိတိသျှ သံချပ်ကာတင့်ကားတပ်သည် ရေနံချောင်းတိုက်ပွဲတွင် ချောင်ပိတ်မိနေသော ဗြိတိသျှ (British) နှင့် အိန္ဒိယ (India) စစ်သား ၇၀၀၀ကို ကယ်ဆယ်နိုင်ခဲ့သည်။

ချန်ကေရှိတ်က မန္တလေးမြို့ကို အခိုင်အမာ တပ်စွဲပြီး အိန္ဒိယနိုင်ငံ (India) မှ ယူနန်ပြည် (Yunnan) အထိ အနောက်မှအရှေ့သို့ ခုခံစစ်ကြောင်း ဆွဲလိုခဲ့သည်။ သို့သော် အမှတ် ၃၃ ဂျပန်တပ်မကို အားဖြည့်ရန် အမှတ် ၁၈ နှင့် ၅၆ တပ်မများ ထပ်ရောက်လာရာ ဂျပန်တို့သည် မြောက်အရပ်သို့ ဦးတည်ကာ ဧရာဝတီမြစ်ကြောင်း အတိုင်း တစ်ကြောင်း၊ ရန်ကုန်မြို့ အပေါ်ဘက် မန္တလေးလမ်းမကြီးနှင့် ရထားလမ်း အတိုင်း တစ်ကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လားရှိုးမြို့သို့ လမ်းကြောင်းမှ တစ်ကြောင်း စသော စစ်ကြောင်းသုံးခုဖြင့် ရန်သူကို ပတ်ပတ်လည် ဝိုင်းကာ အနိုင်တိုက်ရန် ချီတက်လာနေကြသည်။

ဧပြီလ ၂၄ ရက်နေ့တွင် မြန်မာပြည်ရှိ မဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆာဟာရိုးအလက်ဇန္ဒရား (Sir Harold Alexandar) က အိန္ဒိယနိုင်ငံသို့ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။ ဖရိုဖရဲနှင့် အားလုံး တပ်ခေါက်ကြရတော့သည်။ သာမန်ပြည်သူ ၆၀၀,၀၀၀ ကျော်တို့သည် မြန်မာပြည်မှ အိန္ဒိယနိုင်ငံသို့ ခြေလျင်ဆုတ်ခွာလာခဲ့ရာ လမ်းခရီးတွင် ပြည်သူ ၈၀,၀၀၀ ခန့် သေဆုံးခဲ့ရသည်။ 

လားရှိုးမြို့ကို သိမ်းပြီးနောက် ဂျပန်တို့သည် မြောက်အရပ်နှင့် အရှေ့မြောက်အရပ်သို့ ရှေ့ဆက်တိုးလာသည်။ မိုးကုတ်မြို့၊ မြစ်ကြီးနားမြို့ အထိ ရောက်လာပြီး ယနေ့ခေတ် တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ကာ ယူနန်ပြည်နယ်၊ ဘောင်ရှမ်းမြို့ (Baoshan) အနီး သံလွင်မြစ်ထိပင် နောက်ဆုံး ရောက်ရှိလာခဲ့သည်။ နှစ်လကျော်အတွင်း ကီလိုမီတာ ၁၄၀၀ အထိ စစ်ချီလာနိုင်ခဲ့ရာ ဒုတိယကမ္ဘာစစ် အတွင်း ကုန်းကြောင်းမှ အဝေးဆုံး စစ်ချီနိုင်မှုကြီး ဖြစ်ပေသည်။ (ဂျာမန် (German) တပ်များ ပိုလန်နိုင်ငံ (Poland) မှ မော်စကိုမြို့ (Moscow) သို့ စစ်ချီခဲ့စဥ်က ၁၂၀၀ ကီလိုမီတာ အကွာအဝေးသာ ရှိခဲ့သည်။) တရုတ်တို့သည် ၁၉၄၅ ခုနှစ် ဇန်နဝါရီလ မတိုင်မီ အထိ ဂျပန်တပ်များကို မောင်းမထုတ်နိုင်ခဲ့ချေ။

ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်တွင် တရုတ်စစ်တပ်များ ပါဝင်ပတ်သက်မှုကို သိရှိသူ နည်းပါးသည်။ (အထူးသဖြင့် မြန်မာနိုင်ငံတွင် သိသူ သိပ်မရှိကြပေ။) သို့သော် တရုတ်တပ်များ စစ်ကူရောက်လာခြင်းမှာ အလွန် အရေးကြီးသော အချက် ဖြစ်ခဲ့သည်။ တရုတ်တို့သည် ဂျပန်တို့က ယူနန်တစ်ပြည်နယ်လုံးကို သိမ်းပိုက်မသွားနိုင်ရန် ခုခံနိုင်ခဲ့သည်။ ယူနန်ပြည်နယ် ကျပါက ချုံကင်းမြို့ (Chungking) ရှိ ကူမင်တန်အစိုးရလည်း လဲပြိုသွားမည် ဖြစ်သည်။ ထို့အစား ဂျပန်တပ် ၄၀ သည် တိုက်ပွဲများကြောင့် တရုတ်ပြည်တွင် သုံးနှစ်ကြာ ခြေချုပ်မိနေခဲ့ပြီး အခြားနေရာများတွင် စစ်တိုက်ရန် မတတ်နိုင်ခဲ့။ (ဥပမာ ပစိဖိတ်ဒေသ (Pacific) တွင် အမေရိကန် (American) တို့နှင့် တိုက်ပွဲဖြစ်ရန် မတတ်နိုင်ခဲ့။) ချန်ကေရှိတ်၏ အင်အားအကောင်းဆုံး တပ်မများသည် မြန်မာပြည်တွင်း တိုက်ပွဲဝင်ရခြင်းကြောင့် အများအပြား သေကြေပျက်စီးခဲ့သည်။ ၁၉၄၂-၁၉၄၅ ခုနှစ်များ အတွင်းက မြန်မာပြည် ရှေ့တန်းတွင် အဆုံးအရှုံးများသာ မရှိခဲ့ပါက ၁၉၄၉ ခုနှစ်တွင် မော်စီတုန်း (Mao Zedong) ၏ ပြည်သူ့လွတ်မြောက်ရေးတပ်ကို ရှုံးနိမ့်ချင်မှ ရှုံးနိမ့်လိမ့်မည်ဟု ဆိုကြပေသည်။ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည် စစ်ဆင်ရေးသည် ကမ္ဘာ့သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သည်။ ဤအကြောင်းကို မြန်မာပြည်တွင် (ကျဉ်းမြောင်းသော အမျိုးသားရေး အမြင်များမှ လွဲ၍) သင်ကြားမှု မရှိသလောက်ပင်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်