အမေ့ခံအတိတ်
အမေ့ခံအတိတ်
အင်ဖာနှင့် ကိုဟီမာ တိုက်ပွဲများ
event_note ခေတ်ကာလများပြပုံ

ဇွန် ၁၉၄၄ - ၁၈ ဇူလိုင် ၁၉၄၄

အင်ဖာနှင့် ကိုဟီမာ တိုက်ပွဲများ

room India

people William Slim Mutaguchi Renya

Read in English

သမိုင်းမော်ကွန်းတင်သည့် အင်ဖာ (Imphal) နှင့် ကိုဟီမာ (Kohima) တိုက်ပွဲများသည် ၁၉၄၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် စတင်ခဲ့ပြီး ၁၉၄၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် မဟာမိတ်တို့က အနိုင်ရကာ ပြီးဆုံးသွားခဲ့သည်။ ထိုစစ်ပွဲနှစ်ခုကို စတာလင်ဂရတ် (Stalingrad) တိုက်ပွဲကဲ့သို့ပင် ဒုတိယကမ္ဘာစစ် အနေအထားကို ပြောင်းလဲခဲ့သည့် အလားတူ အာရှတိုက်ပွဲများဟု အများက သတ်မှတ်ထားကြသည်။  

ဒုတိယကမ္ဘာစစ်ကြီး အတွင်း ဂျပန်တို့ အကြီးအကျယ် အရေးနိမ့်ခဲ့ရသော တိုက်ပွဲနှစ်ခု ဖြစ်သည်။ အကယ်၍ ထိုတိုက်ပွဲများတွင် ဂျပန်တို့က အနိုင်ရပြီး အင်ဖာမြို့မှ ဘင်္ဂလားနယ် (Bengal) သို့ ဆက်လက် ချီတက်နိုင်ခဲ့ပါက  အိန္ဒိယပြည် (India) ၏ သမိုင်းကြောင်း၊ မြန်မာပြည်၏ သမိုင်းကြောင်းသာမက ကမ္ဘာ့သမိုင်းသည်ပင် တစ်နည်းတစ်ဖုံ ဖြစ်သွားခဲ့နိုင်သည်။

မဟာမိတ်တပ်များ အနိုင်ရလိုက်ခြင်းကြောင့် တရုတ်ပြည်သို့ ဝင်သည့် (ဗိုလ်ချုပ်ကြီး ဂျိုးဆက်စတီးဝဲလ် (Joseph Stillwell) ကို ဂုဏ်ပြု၍ မှည့်ခေါ်ထားသည့်)"စတီးဝဲလမ်းမကြီး (Stillwell Road)"  ပြန်ပွင့်သွားခဲ့သလို မြန်မာပြည်ကိုလည်း ဂျပန်တို့ လက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အင်ဖာတိုက်ပွဲတွင် အရေးနိမ့်သွားသောကြောင့် ဂျပန်တပ်များသည် ချင်းတွင်းမြစ်ကို ဖြတ်ကာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ဆုတ်ခွာသွားရတော့သည်။ နောင်တစ်နှစ် အကြာတွင် မဟာမိတ်တပ်များသည် မိတ္ထီလာမြို့နှင့် မန္တလေးမြို့ကို လည်းကောင်း၊ ၁၉၄၅ ခုနှစ် မေလတွင် ရန်ကုန်မြို့ကိုလည်းကောင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

အချိန်သုံးလကျော် ကြာခဲ့သည့် အဆိုပါ တိုက်ပွဲများတွင် ဂျပန် (Japanese)၊ အိန္ဒိယ (Indian)၊ ဗြိတိသျှ (British)နှင့် မြန်မာ စစ်သားပေါင်း ၇၀,၀၀၀ ကျော် ဒဏ်ရာရ၊ သေဆုံးခဲ့သည်။ ထိုစဥ်က မြန်မာပြည်တွင် ရှိနေခဲ့သည့် အမှတ် ၁၄ ဗြိတိသျှ တပ်မတော်သည် ထိုခေတ်အခါက ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးသော တပ်ဖွဲ့ ဖြစ်သည်။ တပ်သားဦးရေ တစ်သန်းကျော် ရှိသည့်အနက် ၇၀၀,၀၀၀ ခန့်မှာ အိန္ဒိယလူမျိုးများ ဖြစ်သည်။ အိန္ဒိယ၊ အာဖရိကန် (African)၊ ဂေါ်ရခါး (Gurkha)၊ မြန်မာ၊ ဗြိတိသျှ၊ ကနေဒီယံ (Canadian)၊ သြစတြေးလျံ (Australian) နှင့် အခြားသော လူမျိုးစုံ ရောနှောနေသည့် တပ်ကြီးတွင် လူမျိုး ရောနှောပါဝင်မှု အများဆုံး ဖြစ်ပြီး အားလုံးအတူ ယှဥ်တွဲကာ ဂျပန်တပ်များကို တိုက်ခိုက်ခဲ့ကြသည်။

ယနေ့ မြန်မာနိုင်ငံတွင် ယင်းတိုက်ပွဲများ၏ နှစ်ပတ်လည် အကြောင်း သတိပြုမိမှု သိပ်မရှိကြပေ။ ကိုဟီမာမြို့ သုသာန်တွင် ရေးထိုးထားသော သင်္ချိုင်းစာမှာ ကမ္ဘာကျော် ဖြစ်သည်။ 

“အိမ်ပြန်ရောက်တဲ့အခါ 

ကျွန်တော်တို့ ကိုယ်စား ပြောပေးပါ။ 

သင်တို့ရဲ့ မနက်ဖြန်တွေ အတွက် 

ကျွန်တော်တို့ရဲ့ ယနေ့တွေကို ပေးဆပ်ခဲ့ပါတယ်”

အမေရိကန် စစ်သမိုင်းဌာန (United States of Military Academy Department of History) ၏ အမေရိကန် စစ်ဆင်ရေးများမှ မြေပုံများကို အွန်လိုင်းတွင် ပြသထားမှုတွင် ဖော်ပြပါ မြေပုံကို ဒုတိယကမ္ဘာစစ် အတွင်းက "တတိယအကြိမ် မြန်မာပြည် စစ်ဆင်ရေး" ဟု ဖော်ပြထားပြီး ၁၉၄၃ ခုနှစ် နိုဝင်ဘာလမှ ၁၉၄၄ ခုနှစ် မေလ အတွင်း အစောပိုင်း တိုက်ပွဲများ၏ နေရာများနှင့် ပါဝင်သော တပ်အင်အားများကို ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်