အမေ့ခံအတိတ်
အမေ့ခံအတိတ်
ခွဲရေးတွဲရေး ပြဿနာများ
event_note ခေတ်ကာလများပြပုံ

၁ ဧပြီ ၁၉၃၇

ခွဲရေးတွဲရေး ပြဿနာများ

Read in English

မြန်မာပြည်ကို အိန္ဒိယပြည် (India) မှ ခွဲထုတ်လိုက်ခြင်းသည် ၂၀ ရာစုနှစ် မြန်မာ့သမိုင်းတွင် အရေးကြီးဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်ကို ငြင်းဆိုဖွယ်ရာ မရှိချေ။  ဒုတိယကမ္ဘာစစ် အပြီးတွင် ဗြိတိသျှတို့ လက်အောက်မှ မြန်မာပြည် တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် လွတ်မြောက်မည်မှာ သေချာသလောက် ရှိခဲ့သည်။ သို့သော် ၁၉၃၇ ခုနှစ်တွင် မြန်မာပြည်သည် အိန္ဒိယပြည်မှ ခွဲမထွက်နိုင်ခဲ့လျှင် ၁၉၄၀ ပြည့်နှစ် နှောင်းပိုင်းနှင့် ၁၉၅၀ ပြည့်နှစ်များ အတွင်း တိုင်းပြည်လွတ်လပ်ရေး အခြေအနေသည် လုံးဝကွဲပြားသွားနိုင်သည်။ ထိုသို့ခွဲထွက်နိုင်ခြင်းသည် ပါကစ္စတန်နိုင်ငံ (Pakistan) တည်ထောင်ရေး အရေးကိစ္စအပေါ် ဆက်နွယ်သက်ရောက်မှု ပေးခဲ့ပေသည်။  

၁၉၃၇ ခုနှစ်က မြန်မာပြည် အဆင်ပြေ ချောမွေ့စွာ ခွဲထွက်နိုင်ခဲ့သည်ကို ကြည့်ကာ လန်ဒန် (London) နှင့် ဒေလီ (Delhi) ရှိ အစိုးရအရာရှိများက ၁၉၄၇ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံကို အိန္ဒိယပြည်ထဲမှ ခွဲထုတ်ရေးသည်လည်း မခက်ခဲလောက်ဟု တွက်ဆခဲ့ကြသည်။ ထို့ကြောင့် ပါကစ္စတန်နိုင်ငံ တည်ထောင်ရန် ဆန္ဒရှိသူများဘက်မှ ငြင်းခုံပြောဆိုမှုကို အလေးသာစေခဲ့သည်။  

၁၉၂၀ ပြည့်နှစ်လွန် "ဒိုင်အာခီ" အုပ်ချုပ်ရေးကာလများ အတွင်း အိန္ဒိယပြည်မှ မြန်မာပြည်ခွဲထွက်ရန် အဆိုပြုချက် ပထမဦးဆုံး ထွက်ပေါ်လာခဲ့သည်။ ထိုစဥ်က မြန်မာပြည်သည် ဗြိတိသျှအိန္ဒိယ၏ ပြည်နယ် ဖြစ်နေဆဲ ဖြစ်ပြီး ဘင်္ဂလားဘုရင်ခံ၏ အုပ်ချုပ်မှု လက်အောက်တွင် ရှိခဲ့သည်။  ၁၉၃၀ ပြည့်နှစ်တွင် (အိန္ဒိယပြည်၏ အနာဂတ်ကို အဆုံးအဖြတ် ပေးသော ဗြိတိသျှပါလီမန် ကော်မရှင်တစ်ခု ဖြစ်လာမည့်) ဆိုင်မွန်ကော်မရှင်အဖွဲ့ (Simon Commission) က ခွဲထွက်ရေးကို ထောက်ခံခဲ့သည်။ မြန်မာပြည်မှာ သီးခြား တိုင်းပြည်တစ်ခု ဖြစ်ပြီး “သမိုင်းခလုတ်တိုက်” ၍ “အုပ်ချုပ်စီမံခန့်ခွဲရေး အဆင်ပြေရန် အတွက်” အိန္ဒိယပြည်နှင့် ပူးတွဲခဲ့ရသည်ဖြစ်ကြောင်း ထိုအဖွဲ့က ထောက်ပြသည်။ မြန်မာပြည် ဘုရင်ခံ ဆာချားလ်စ်အင်းနက်စ် (Sir Charles Innes) က “မြန်မာပြည်သည် နိုင်ငံကြီး နှစ်ခု ဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြား ရှိနေသည့် နယ်မြေငယ် တစ်ခုသာ”ဟု ရေးသားခဲ့သည်။ “မြန်မာတို့ အနေနှင့် တစ်တိုင်းတစ်ပြည် အဖြစ် သီးခြားရပ်တည်ပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ တစ်မူထူးခြားသော ဂုဏ်အင်္ဂါရပ်များကို ဆက်လက်ထိန်းသိမ်းနိုင်ပါမည်လား” ဟု မေးခွန်းထုတ်လေသည်။  

မြန်မာပြည် လူထုအကြား စိုးရိမ်နေသည်မှာလည်း ထိုနည်းတူပင်။ တစ်ချိန်တည်းမှာပင် အိန္ဒိယဆန့်ကျင်သော၊ ပြည်ဝင်ခွင့်ပေးရန် ငြင်းဆိုသော သဘောထားများက လူထုကြားထဲတွင် များစွာ ပျံ့နှံ့လျက်ရှိသည်။ မဟာစီးပွားပျက်ကပ်ကြီး မြန်မာပြည်သို့ ရိုက်ခတ်လာခဲ့အခါ ပိုမို ဆိုးဝါးလာခဲ့တော့သည်။ ၁၉၃၀ ပြည့်နှစ်တွင် အိန္ဒိယလူမျိုး ဆန့်ကျင်ရေး အဓိကရုဏ်းများ ပထမဦးဆုံးအကြိမ် ဖြစ်ပွားပြီး လူပေါင်း ရာချီကာ သေဆုံး၊ ထောင်ချီကာ ဒဏ်ရာရခဲ့သည်ဟု မှန်းဆရသည်။  

သို့သော် အသစ်ပေါ်ပေါက်လာသည့် နိုင်ငံရေးသမား အများစုက ခွဲရေးကို လက်မခံကြ။ ဗြိတိသျှအစိုးရ၏ လှည့်ကွက်တစ်ခု ဖြစ်သည်ဟု ထင်ကြသည်။ အိန္ဒိယပြည်တွင် ကိုလိုနီစနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တဖြည်းဖြည်း အရှိန်ရလာနေကြောင်း သိသည့် အတွက် မြန်မာပြည် လွတ်လပ်ရေး မရဘဲ ဗြိတိသျှလက်ထဲ နောက်ကျကျန်ရစ်မှာ စိုးရိမ်နေခဲ့သည်။ ၁၉၃၅ ခုနှစ် အိန္ဒိယပြည် အုပ်ချုပ်ရေး အက်ဥပဒေအရ အိန္ဒိယတို့ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ပိုရလာလိမ့်မည်။ ခွဲထွက်ပါက မြန်မာပြည်တွင် ဗြိတိသျှအုပ်ချုပ်မှု ထာဝရတည့်တံ့သွားမည်ဟု အတော်များများက တွေးကြသည်။ အိန္ဒိယပြည်မှ ခွဲထွက်လိုက်ပါက မြန်မာပြည်သည် လူဆိုးလူသွမ်း အလုပ်လက်မဲ့ အင်္ဂလိပ်လူမျိုးများကို စွန့်ပစ်ရာနေရာ ဖြစ်လာပြီး ဗြိတိသျှ ကုမ္ပဏီများ၏ အမြတ်ကြီးစားထုတ် ခေါင်းပုံဖြတ်ခြင်းကို ပိုမိုခံရမည်ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေးသမားအချို့က ယုံကြည်ကြသည်။ ၁၉၃၁-၃၂ ခုနှစ်က လန်ဒန်မြို့၌ ကျင်းပသော မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော မြန်မာကိုယ်စားလှယ် အတော်များများက ခွဲထွက်ရေးကို လက်မခံခဲ့။  ၁၉၃၂ ခုနှစ် ရွေးကောက်ပွဲများတွင် ဦးချစ်လှိုင်၊ ဒေါက်တာဘမော် ခေါင်းဆောင်သည့် ခွဲထွက်ရေးကို ဆန့်ကျင်သော နိုင်ငံရေးပါတီများ မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့ပါသည်။  

သို့သော်လည်း ဗြိတိသျှအစိုးရက ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်ရန် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရွေးကောက်ပွဲများ အသစ်ထပ်မံကျင်းပပြီး အုပ်ချုပ်ရေး အစိုးရသစ် တစ်ရပ်ကို ဖွဲ့စည်းသည်။ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဒေါက်တာဘမော်ကို “မြန်မာပြည်၏ ပထမဦးဆုံး အဓိပတိ”အဖြစ် ခန့်အပ်ခဲ့သည်။  

ဖော်ပြပါပုံများမှာ ၁၉၃၇ ခုနှစ် မေလက လန်ဒန်မြို့တွင် ပြုလုပ်သော ဆဌမမြောက် ဂျော့ချ်ဘုရင် (George VI) ၏ ဘိသိက်ပွဲတွင် ဒေါက်တာဘမော်နှင့် ဇနီး ဒေါ်ခင်မမမော်တို့အား တွေ့ရပုံ ဖြစ်သည်။ ကျန်ပုံများမှာ အိန္ဒိပြည်မှ မြန်မာပြည် ခွဲထွက်ရေး အထိမ်းအမှတ် အဖြစ် ထုတ်ဝေခဲ့သော စာအိတ်နှင့် ဗြိတိသျှအင်ပါယာကြီး အပိုင်းပိုင်း ကွဲသွားသည့် မြေပုံ ဖြစ်ပါသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်