၂၁ နိုဝင်ဘာ ၁၉၂၂
မြန်မာပြည်တွင် ပထမဦးဆုံး ရွေးကောက်ပွဲ
၁၉၂၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာပြည်၏ ပထမဦးဆုံးသော အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့သည်။ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဥပဒေပြုကောင်စီအသစ်အတွက် ရွေးကောက်ပွဲများကို “ဗမာပြည်မ” (ရခိုင်ပြည်နယ် အပါအဝင် ယနေ့ခေတ်၏ ပြည်နယ်များ) အနှံ့အပြားတွင် ကျင်းပခဲ့သည်။ ဥပဒေပြုကောင်စီတွင် အမတ် ၁၀၃ နေရာအနက်မှ ၂၁ ဦးကို ဘုရင်ခံမှ တိုက်ရိုက်ရွေးချယ် ခန့်အပ်ခဲ့သည်။ ၂၄ နေရာကို လူနည်းစု (ကရင်၊ အိန္ဒိယ၊ ဥရောပ၊ အင်္ဂလို-အိန္ဒိယ သို့မဟုတ် အင်္ဂလို-မြန်မာ) နှင့် စီးပွားရေးလုပ်ငန်းများ အတွက် "ချန်လှပ်ထား"ပြီး ကျန်အမတ်များသည် အများပြည်သူတို့က ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်သည်။ ထိုခေတ်က လူထုတစ်ရပ်လုံး၏ သည်းသည်းလှုပ် အားပေးထောက်ခံမှုကို ရထားသော (သမ္မတ သို့မဟုတ် "သရဖူ မဆောင်းရသော ရှင်ဘုရင်" ဟုပင် ချီးကျူးခေါ်ဝေါ်ကြသော) ဦးချစ်လှိုင်က ဦးဆောင်သည့် မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) က ရွေးကောက်ပွဲကို သပိတ်မှောက်သည်။
ဒိုင်အာခီအုပ်ချုပ်ရေး စနစ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွေးကောက်ပွဲများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၁၉ ခုနှစ် အိန္ဒိယ စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ အိန္ဒိယပြည်နယ်တိုင်းတွင် နှစ်ဦးစပ် အုပ်ချုပ်ရေး အကောင်အထည် ဖော်ရန်၊ ထို့အပြင် နယူးဒေလီ (မြို့တော်သစ်) တွင် အင်ပါယာ ဥပဒေပြုကောင်စီ ထားရှိရန် ဖြစ်လာခဲ့သည်။ (ထိုစဉ်က မြန်မာပြည်သည် အိန္ဒိယ၏ ပြည်နယ် ဖြစ်နေဆဲ ဖြစ်သည်။) “တာဝန်သိ အစိုးရ”တစ်ရပ် ပေါ်ပေါက်ရေးသို့ ခြေတစ်လှမ်း ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ အာဏာသည် ဘုရင်ခံနှင့် ကောင်စီ၏ ရွေးကောက်ခံ အမတ်များ၏ လက်ထဲတွင် ရှိသည်။ "သီးသန့်ကဏ္ဍများ" (ဘဏ္ဍာရေး၊ အခွန်အမြတ်၊ ရဲပုလိပ်နှင့် တရားရေး) ကို ဘုရင်ခံ၏ အုပ်ချုပ်မှုကောင်စီက ဆက်လက်ကိုင်တွယ်မည် ဖြစ်ပြီး "လက်လွှဲကဏ္ဍများ" (ဥပမာ ကျန်းမာရေး၊ ပညာရေး၊ သစ်တော၊ စိုက်ပျိုးရေး) ကို ဘုရင်ခံ ခန့်အပ်သော ဝန်ကြီးများနှင့် ဥပေဒပြုကောင်စီက တာဝန်ယူရမည် ဖြစ်သည်။ မြန်မာပြည်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အလွန်အငြင်းပွားခဲ့ကြသည်။ နိုင်ငံရေးသမား အတော်များများက ဒိုင်အာချီ အုပ်ချုပ်ရေးကို အစကပင် လက်မခံဘဲ လုံးဝအလျှော့မပေး။ အခြားသူများကတော့ ဒိုင်အာခီစနစ်အောက်တွင် နည်းလမ်းရှာ လုပ်ကိုင်ရန် ရွေးချယ်ခဲ့သည်။
အခွန် အများအပြား ဆောင်ထားသည့် အသက် ၂၅ နှစ် ပြည့်ပြီးသူ (အမျိုးသမီးများ အပါအဝင်) များသာ မဲပေးခွင့် ရှိသဖြင့် သာမန်ပြည်သူ အများစုမှာ အပယ်ခံရသည်။ (ထိုစဥ်က လူဦးရေ ၁၂ သန်း ရှိသော မြန်မာပြည်တွင်) လူ ၁.၈ သန်းသာ မဲပေးခွင့် ရှိပြီး လာရောက်မဲပေးသူမှာ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
၁၉၂၂ ခုနှစ် ရွေးကောက်ပွဲများတွင် မည်သည့်ပါတီကမှ အပြတ်အသတ် အနိုင်မရခဲ့ပေ။ ဂျီစီဘီအေအသင်းကြီးမှ ခွဲထွက်ကာ ဦးဘဖေ ဦးဆောင်၍ တည်ထောင်ထားသော ၂၁ ဦး အမျိုးသားရေးပါတီက အကြီးဆုံး ဖြစ်ပြီး ပို၍ မျှတသော တိုးတက်ရေးပါတီကို အနိုင်ရသည်။ ဘုရင်ခံ ဆာဟားကုတ်ဘတ္တလာ (Harcourt Butler) သည် ပါတီနှစ်ခု၏ နိုင်ငံရေး ခေါင်းဆောင်များနှင့် အခြားသူများ ဖြစ်သော ထိုခေတ်ကာလက ကိန်းဘရစ် (Cambridge)၊ အောက်စဖို့ (Oxford) သို့မဟုတ် လန်ဒန် (London) တွင် ပညာသင်ကြားခဲ့ကြသည့် ဝတ်လုံတော်ရ ရှေ့နေ ဆာဂျိုးဆက် သြဂတ်စ်တပ်စ် မောင်ကြီး၊ ဆာအမ်အေမောင်ကြီးနှင့် ဆာမောင်ခင်တို့နှင့် အစိုးရ ဖွဲ့လိုက်သည်။
၁၉၃၇ ခုနှစ်တွင် ဒိုင်အာခီဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၃၅ ခုနှစ် မြန်မာနိုင် အက်ဥပဒေနှင့် အစားထိုးလိုက်သည်။ ထိုအက်ဥပဒေ အရ မြန်မာပြည်သည် အိန္ဒိယပြည်မှ ခွဲထွက်ခဲ့ပြီး မြန်မာပြည် “ဟုမ္မရူး”ရရန် ခြေလှမ်းတစ်လှမ်း တိုးနိုင်ခဲ့သည်။ ၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်များ တစ်လျှောက်လုံး ဖွဲ့စည်းပုံ အပြောင်းအလဲဆိုင်ရာ နိုင်ငံရေးများက မြန်မာပြည်ကို လွှမ်းမိုးထားခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်စီးပွားရေး၏ အနာဂတ် စသည်တို့ အတွက် ဆွေးနွေးတိုင်ပင်မှု မရှိသလောက်ပေ။ ရှမ်းနှင့် ကရင်နီပြည်နယ်များ၊ ချင်း၊ ကချင်နှင့် ကရင် ကုန်းမြင့်ဒေသများ အားလုံး အထက်ပါ ဖွဲ့စည်းပုံ တိုးတက်ပြောင်းလဲမှုများတွင် ပါဝင်ခြင်း မရှိဘဲ “ချန်လှပ်” ခံထားရသည်။ ထိုဒေသများတွင် ရွေးကောက်ပွဲလည်း မရှိ။ ဤသို့ဖြင့် “ချန်လှပ်”ဒေသများနှင့် “လုပ်ငန်းစဉ်”ဒေသများ၏ ကိုလိုနီခေတ် သမိုင်းကြောင်း ဖြတ်သန်းတွေ့ကြုံပုံခြင်း အလွန်ပင် ကွာခြားခဲ့တော့သည်။
ဖော်ပြပါပုံမှာ ၁၉၂၃ ခုနှစ်က ဘုရင်ခံ၊ အုပ်ချုပ်ရေးကောင်စီနှင့် ဝန်ကြီးများ၏ ဓာတ်ပုံ ဖြစ်သည်။
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်