၁၉၁၀ ပြည့်နှစ်များက တိရစ္ဆာန်ဥယျာဉ်၏ ၀င်ပေါက်။
ဗမာပြပွဲ
တိရစ္ဆာန်ရုံတွင် ဗမာသရုပ်ပြပွဲကို လာရောက်ကြည့်ရှုသော ဂျာမန်ဧကရာဇ် Wilhelm II ကို တွေ့မြင်ရစဉ်။
1910
ဂျာမန်တိရစ္ဆာန်ဉယျာဉ်မှ မြန်မာပြပွဲ
room Germany
၁၉၁၃ ခုနှစ်တွင် ဘာလင်မြို့ (Berlin) အနီးရှိ ဟာဂန်ဘက် (Hagenbeck) တိရစ္ဆာန်ရုံ၌ ဘုန်းကြီးတစ်ပါး အပါအ၀င် မြန်မာအမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၅၀ ခန့်ကို ရုံသွင်း ပြသခဲ့သည်။
၁၉၁၀ ပြည့်နှစ်များအတွင်း ဥရောပတစ်ခွင်တွင် လူသားများကို တိရစ္ဆာန်ဥယျာဉ်များ၌ ပွဲထုတ်ပြသခြင်း ခေတ်စားခဲ့သည်။ ထိုနယ်ပယ်၏ ရှေ့ဆောင်တစ်ဉီးမှာ ကားလ်ဟာဂန်ဘက် (Carl Hagenbeck) ဖြစ်သည်။ ဖခင်ဖြစ်သူနှင့်အတူ အထူးအဆန်း တိရစ္ဆာန်များကို နှစ်ပေါင်းများစွာကြာ ပွဲထုတ်ပြသပြီးနောက် သူသည် ၁၉၀၇ ခုနှစ်တွင် ဟာဂန်ဘက် တိရစ္ဆာန်ဥယျာဉ်ကို တည်ထောင်ခဲ့သည်။ တိရစ္ဆာန်များကို လှောင်အိမ်ထဲ မထည့်ဘဲ ထိုအစား "သဘာ၀" ပတ်ဝန်းကျင် အနေအထားတွင် ပြသခဲ့သည့် ပထမဉီးဆုံးသော တိရစ္ဆာန်ဥယျာဉ် ဖြစ်သည်။ ဧည့်သည်များနှင့် တိရစ္ဆာန်များ အကြား နက်ရှိုင်းသည့် ကျုံးများ ခြားထားသည်။ အလွန်အောင်မြင်ခဲ့သည်။ များမကြာမီ ရုံသွင်း ပြသသည့်အထဲတွင် လူသားများကိုပါ ထည့်သွင်းလာသည်။ တစ်မူထူးခြား ဆန်းပြားသော လူ့အဖွဲ့အစည်းများမှ လူများ ဖြစ်ကြကာ အထူးသဖြင့် အာဖရိကတိုက်မှ ဖြစ်ပြီး အာရှတိုက်နှင့် အခြားနေရာများမှလည်း ပါဝင်သည်။
ယနေ့ခတ်တွင် ထိုလူသားပြပွဲများမှာ လူသားချင်း နှိမ့်ချဆက်ဆံခြင်းဟု လက်ခံထားကြသည်။ ထိုပြပွဲများတွင် ပါ၀င်ခဲ့သူများကို နောင်နှစ်ပေါင်းများစွာ အကြာတွင် မေးမြန်းသောအခါ တိရစ္ဆာန်များနှင့်အတူ အကြည့်ရှုခံရခြင်းကြောင့် အရှက်ရသိမ်ငယ်ရပုံကို ပြောပြခဲ့ကြသည်။ တစ်ခါတရံတွင် လာရောက်ကြည့်ရှုသူ ဧည့်ပရိသတ်တို့က ယင်းတို့အား တို့ကြည့် ထိကြည့်ခြင်းများ၊ အနံ့ခံကြည့်ခြင်းများ ပြုလုပ်တတ်ကြောင်း ဆိုကြသည်။ ထိုသို့ ပြပွဲများတွင် ကလေးငယ်များကိုပင် ပြသလေ့ ရှိပြီး လာရောက်ကြည့်ရှုသူများက ကလေးများကို အစာကျွေးကြလေ့ ရှိသည်။ တိရစ္ဆာန်ရုံတွင် နေထိုင်ရသည့် အနေအထားမှာ အလွန်တရာမှ ဆင်းရဲစုတ်ပြတ်ကြောင်း ထုတ်ဖော်ပြောခဲ့သလို လအနည်းငယ် အကြာတွင် ရောဂါဘယများကြောင့် သေဆုံးသူများလည်း ရှိခဲ့သည်။
ထိုလူသားပြပွဲများမှာ ဥရောပတိုက်တွင် ခေတ်သစ် လူမျိုးခွဲခြားရေးဝါဒ တိုးပွားပျံ့နှံ့လာခြင်းနှင့် ဆက်စပ်နေသည်။ "သိပ္ပံနည်းကျ" သည်ဟု ဆိုသော နည်းလမ်းများ အရ ကမ္ဘာတစ်ဝှမ်းရှိ လူသားများကို လေ့လာခြင်း၊ လူအမျိုးအစား စာရင်းပြုစုခြင်း၊ လူ့အဆင့်အတန်း ခွဲခြားသတ်မှတ်ခြင်းတို့ကို ပေါ်ပေါက်လာခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ပါ၀င်သည်။ ဥရောပ နယ်ချဲ့ဝါဒ ကြီးစိုးခေတ်ကာလ လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများမှာ လူသားတို့သည် ဇီ၀ဗေဒအရ ကွဲပြားခြားနားသည်ဆိုသော အချက်ပေါ်တွင် အခြေခံသည်။ တိရစ္ဆာန်ရုံများတွင် လူသားတို့ကို ပြသခြင်းဖြင့် မိမိတို့နှင့် မတူသော နိမ့်ကျသည့် လူအမျိုးအစားတို့မှာ "မိမိတို့နည်းတူ" အခြားလူသားများ မဟုတ်ဘဲ လေ့လာရေးအတွက်၊ ဖျော်ဖြေရေးအတွက် အသုံးတော်ခံများသာ ဖြစ်ကြသည်ဟူသော ယူဆချက်ကို အားပေးလိုက်သလို ဖြစ်နေသည်။
ယနေ့ခေတ် ဟာဂန်ဘက် တိရစ္ဆာန်ရုံ၏ ကြော်ငြာတွင် ယနေ့တိုင် ကျန်ရှိနေသေးသည့် ထိုပြခန်း၏ အဆောက်အဦများ အကြောင်း ဖော်ပြထားသည်။ Birma-Teich သို့မဟုတ် မြန်မာရေကန်ဟု သိကြသည့် ထိုနေရာတွင် "၁၉၁၃ ခုနှစ်က မြန်မာပြည်မှ လူမျိုးများ ပြခန်း အတွက် ထိုကျောက်သား အဆောက်အဦများကို စတင် တည်ဆောက်ခဲ့သည်။ မြန်မာရေကန်ရှိ ဝရန်တာကို မြန်မာနတ်များနှင့် ဒဏ္ဍာရီလာ သတ္တဝါများ၏ ရုပ်ထုများဖြင့် တိုးချဲ့ခဲ့ပြီး သစ်သားကျောင်းဆောင် တစ်ဆောင်လည်း ထပ်မံ ဖြည့်ဆောက်ခဲ့သည်။ ယနေ့ မြန်မာရေကန် ဝရန်တာတွင် ထိုရုပ်ထုများ၏ အကြွင်းအကျန်များကို မြင်တွေ့ရပြီး ၎င်းတို့သည် ဟာဂန်ဘတ် တိရစ္ဆာန်ရုံတွင် လူမျိုးများ ပြခန်းများ ပြခဲ့ဖူးသည့် နောက်ဆုံးသော အထောက်အထား ဖြစ်ပေသည်။"
ထိုဟာဂန်ဘက် တိရစ္ဆာန်ရုံတွင် ပြသခံခဲ့ရသည့် မြန်မာများ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူတို့တတွေ နေရပ်သို့ ပြန်ရောက်လာခဲ့သည်လားတို့ကို မသိရှိရပါ။
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်