အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပထမကမ္ဘာစစ်ကြီးအတွင်း စစ်မှုထမ်းခဲ့သော မြန်မာများ
event_note ခေတ်ကာလများပြပုံ

၁၉၁၇ - ၁၁ နိုဝင်ဘာ ၁၉၁၈

ပထမကမ္ဘာစစ်ကြီးအတွင်း စစ်မှုထမ်းခဲ့သော မြန်မာများ

Read in English

နိုဝင်ဘာလ ၁၁ ရက်နေ့သည် ပထမ ကမ္ဘာစစ်ကြီး အဆုံးသတ်သည့် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ပထမကမ္ဘာစစ်အတွင်းက  မြန်မာတို့ ပါဝင်ခဲ့သည့် အခန်းကဏ္ဍကို လူအများ မေ့လျော့နေတတ်ကြပါသည်။

စစ်ကြီးအတွင်း မြန်မာ ထောင်နှင့်ချီကာ မိမိဆန္ဒအလျောက် စစ်ထဲဝင်ပြီး မက်ဆိုပိုတေးမီးယား (ယနေ့ခေတ် အီရတ်) တွင် စစ်မှုထမ်းခဲ့သည်။ မြန်မာပြည်မှ စစ်သားများသည် စစ်ယာဉ်မောင်း၊ စစ်အင်ဂျင်နီယာ၊ အလုပ်ကြမ်းတပ်သားစသဖြင့် တာဝန်ယူခဲ့သည်။ အနောက်စစ်မျက်နှာတန်း (ပြင်သစ်)ရှိ လုပ်သားတပ်ဖွဲ့တွင် ချင်းစစ်သည်များ အမှုထမ်းခဲ့သည်။

၁၉၁၇-၁၉၁၈ ခုနှစ်များအတွင်း ဖွဲ့စည်းတည်ထောင်လိုက်သော အမှတ် ၇၀ နှင့် အမှတ် ၈၅ ဗမာ့ရိုင်ဖယ်တပ်များသည် မက်ဆိုပိုတေးမီးယားတွင် သာမက ပါလက်စတိုင်းတွင် အော်တိုမန်အင်ပါယာနှင့် ဖြစ်ပွားသော စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ယင်းတပ်ရင်းကြီးနှစ်ခုထဲတွင် ချင်း၊ ကချင်၊ ဗမာ၊ ကရင်စသော တိုင်းရင်းသားမျိုးစုံ ပါဝင်သည်။

စစ်အတွင်း ဖမ်းဆီးရမိသော တူရကီသုံ့ပန်းများကို ရန်ကုန်၊ သရက်မြို့၊ ရွှေဘို၊ မိတ္ထီလာသို့ခေါ်ဆောင်လာခဲ့သည်။ လေဒီရှားလော့ဒ် အစ္စဘယ်လ် ဝီလာကက်ဖ်က တူရကီအကျဉ်းသားများကို ၁၉၁၈ ခုနှစ် မေမြို့ ရုက္ခဗေဒဥယျာဉ် ဆောက်လုပ်သည့်နေရာတွင် အသုံးပြုခဲ့သည်။ ဂျာမန်စစ်သုံ့ပန်းများကို ရှမ်းတောင်ပိုင်း ရထားလမ်းချဲ့ရာတွင် ခိုင်းစေခဲ့သည်။

ပါလက်စတိုင်းတွင် တာဝန်ကျသော  ကချင်တပ်သားအချို့မှာ ကချင်တောင်တန်းများမှ ဝေးဝေးလံလံ အခြားဒေသများသို့ တစ်ခါမှ ရောက်ဖူးခြင်းမရှိချေ။ ထို့ကြောင့် ယင်းတို့ခမျာ ပတ်ဝန်းကျင်အသစ်တွင် နေသားကျရန် အတော်ပင် အခက်အခဲဖြစ်ခဲ့သည်။ သဲကန္တာရထဲတွင် လပေါင်းများစွာ နေထိုင်ရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည့် တပ်သားများလည်း ရှိခဲ့သည်။

(ဓာတ်ပုံ - မက်ဆိုပိုတေးမီးယား (အာရပ်) တစ်နေရာရောက် “A” ကုမ္ပဏီ၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၇၀ ဗမာ့ရိုင်ဖယ်တပ်ရင်းမှ စစ်သားများကို တွေ့ရစဉ်)

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်