အမေ့ခံအတိတ်
အမေ့ခံအတိတ်
တရုတ်ပြည်၏ စစ်ပြိုင်ခေတ်ကာလ

4th Century

တရုတ်ပြည်၏ စစ်ပြိုင်ခေတ်ကာလ

room China

Read in English

မဟာအလက်ဇန္ဒားဘုရင် (Alexander the Great) သည် သူသိထားသော ကမ္ဘာကြီးကို သိမ်းပိုက်ရန် ပြင်ဆင်နေသော ကာလ ၄ ရာစုနှစ်က ဖြစ်သည်။  ချင် (Qin) မင်းဆက် ဘုရင် ဟွေ့ဝန် (Hui Wen) သည်လည်း နယ်မြေချဲ့ထွင်မှုများ ပြုလုပ်နေပြီး ယနေ့ခေတ် တရုတ်ပြည် အဖြစ် ကြီးထွားလာမည့် အင်ပါယာကြီး အတွက် အခြေခံအုတ်မြစ် ချလျက် ရှိသည်။ 

ဤသည်မှာ တရုတ်ပြည် "စစ်ပြိုင်ခေတ်"က ဖြစ်ပြီး တရုတ်ပြည် တစ်ပေါင်းတစ်စည်းတည်း မရှိသေးပေ။ ဟွေ့ဝန် အုပ်စိုးသော ချင်တိုင်းပြည်သည် အဆက်မပြတ် ထီးပြိုင်နန်းပြိုင်လျက် ရှိကြသော ပဒေသရာဇ်နိုင်ငံငယ်များစွာထဲမှ တစ်ခု ဖြစ်သည်။ ချင် နိုင်ငံတော်မှာ မြစ်ဝါမြစ် (Yellow River) အလွန်မှ စတင်ကာ ဂိုဘီသဲကန္တာရ (Gobi Desert) နှင့် ဘေးချင်းကပ် တည်ရှိသည့် ခြောက်သွေ့ဖုန်ထူသော ဒေသ ဖြစ်သည်။ တောင်ဘက်အရပ်တွင် ချင် တို့နှင့် ဘာသာစကားရော၊ ထုံးထမ်းဓလေ့ပါ လုံးဝ ကွဲပြားခြားနားသည့် ရှူ (Shu) မင်းနေပြည်တော် (ယနေ့ စီချွမ်ပြည်နယ် - Sichuan province တည်ရှိနေရာ နေရာ) ရှိသည်။ ရှူ နိုင်ငံတော်မှာ စည်ပင်သာယာ ဝပြောပြီး ကြွယ်ဝချမ်းသာသည်။ ဟွေ့ဝန်၏ အဓိက ရည်မှန်းချက်မှာ အရှေ့ဘက်မှ ထီးပြိုင်နန်းပြိုင်များကို သူ့ပိုင်နက်ထဲသို့ သိမ်းသွင်းရန် ဖြစ်သည်။ သို့သော် သူ၏ အကြံပေး ဖြစ်သော မှူးကြီးမတ်ရာများက တောင်ဘက်ရှိ ရှူ နိုင်ငံတော်ကို ဦးစွာသိမ်းယူပါက သူလိုချင်သော မဟာဗျူဟာအရ အားသားချက် ရရှိမည်ဟု တိုက်တွန်းကြသည်။ သို့သော် အကွက်ကျကျ စီစဉ်ဖို့တော့ လိုသည်။ အကြောင်းမှာ ယင်းနှစ်နိုင်ငံအကြားတွင် ကြမ်းတမ်းသော တောင်တန်းကြီးများ ကာဆီးနေပြီး သူ၏ ဒူးလေးကိုင် သံချပ်ကာ စစ်တပ်ကြီး ချီတက်နိုင်မည့် လမ်းမရှိချေ။

ဟွေ့ဝန်သည် ပရိယာယ် ဆင်ရန် ဆုံးဖြတ်လိုက်သည်။ ချင် နှင့် ရှူ တို့ အကြား သံတမန် ဆက်ဆံရေး ရှိထားပြီသား ဖြစ်သည်။ ချင်တို့ဘက်မှ ရှူ ဘုရင်ထံသို့ ကိုယ်လုပ်တော်များ ဆက်သခဲ့ဖူးသည်။ တရုတ်ရာဇဝင်မှတ်တမ်းများ အရ ရှူ  ဘုရင်သည် မြောက်ပိုင်းသား မိန်းမလျာ တစ်ဦးကို အရူးအမူး ချစ်ခင်စုံမက်ခဲ့ပြီး ထိုသူ ကွယ်လွန်သွားသောအခါ မဖြေဆည်နိုင်ဘဲ စိတ်ကယောက်ကယက် ဖြစ်နေခဲ့သည်။ ချင် နန်းတွင်းတွင် ရှူ ဘုရင်အား တဏှာရူးသော ငတုံးတစ်ယောက်ဟု မှတ်ယူထားသည်။ ရှူ နန်းတွင်းတွင် ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲမှုများ ဖြစ်နေကြောင်း ကောလာဟလကလည်း ထွက်နေသေးသည်။ 

ဟွေ့ဝန် အတွက်မူ ထိုအကွဲအပြဲသည် အခွင့်အရေးတစ်ခု ဖြစ်လာသည်။ ဟွေ့ဝန်သည် သူ့လူများကို ကျောက်ဆစ်နွားရုပ်တုများ ထုလုပ်ခိုင်းလိုက်သည်။ ထို့နောက် အလည်အပတ် ရောက်ရှိနေသော ရှူ သံအမတ်များ မြင်နိုင်မည့် ချင် ပိုင်နက် တစ်နေရာတွင် သွားထားခိုင်းလိုက်သည်။ ကျောက်ရုပ်များ၏ နံဘေးတွင် ရွှေတုံးများကို ချထားစေပြီး (တရုတ် သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားချက်အရ) နွားရုပ်တုများက ရွှေတုံးများကို အညစ်အကြေး အဖြစ် စွန့်သယောင်ယောင် ဆင်ထားလိုက်လေသည်။ အစီအစဉ်က အလုပ်ဖြစ်သည်။ ရွှေမစင်စွန့်သော နွားများ အကြောင်း ရှူ  ဘုရင် ကြားသိရသောအခါ အံသြဖွယ်နွားအချို့ကို ပို့ပေးရန် တောင်းဆိုသည်။ ထိုအခါ ဟွေ့ဝန်က နွားများကို လက်ဆောင် အဖြစ် ဝမ်းပန်းတသာ ဆက်သမည် ဖြစ်ကြောင်း၊ သို့သော် နွားများမှာ နုနယ်လှသဖြင့် အထိအခိုက်မခံနိုင်ဘဲ ဂရုတစိုက် သယ်ယူပို့ဆောင်ဖို့ လိုအပ်ကြောင်း၊ ထို့အတွက် တောင်တန်းကြီးများကို ဖြတ်သန်းသွားလာနိုင်မည့် အထူးလမ်းမကြီးတစ်ခု ဦးစွာ ဖောက်လုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း အကြောင်းပြန်လိုက်လေသည်။ ရှူ ဘုရင်ကလည်း သဘောတူလိုက်သည်။ 

သို့ဖြင့် “ကျောက်နွား လမ်းမကြီး” ပေါ်ပေါက်လာခဲ့လေသည်။ တောင်ကြားများပေါ်သို့ သစ်သားပြားကြီးများကို ကုန်းဘောင်ထိုးခင်းကာ တောင်နံရံနံဘေးသို့ တည့်မတ်စွာ ထွင်းဖောက်ထားသော ယင်းလမ်းမကြီးသည် ခေတ်ဦးပိုင်းကာလ တည်ဆောက်ရေးပညာ၏ အံမခန်းလက်ရာတစ်ခု ဖြစ်သည်။ လမ်းမကြီး တည်ဆောက်ပြီးစီးသည်နှင့် တစ်ပြိုင်နက် ချင် တို့ ကျူးကျော်စစ်ထိုးပြီး ရှူ ပြည်ကို အပြီးအပိုင် သိမ်းပိုက်လိုက်လေတော့သည်။ ဤသည်မှာ နယ်မြေသစ် ချဲ့ထွင်ရေး အတွက် အဓိက ကျသော အနောက်တောင်ဘက်သို့ ကျူးကျော်မှု ဖြစ်သကဲ့သို့ ပထမဦးဆုံးသော တရုတ်အင်ပါယာကြီး ပေါ်ပေါက်လာစေမည့် ခြေလှမ်းတစ်ခုပင် ဖြစ်ပေသည်။

~ သန့်မြင့်ဦး၏ Where China meets India စာအုပ်မှ ကောက်နှုတ်ပါသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်