အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်တွင် တိတ်တဆိတ် မြှုပ်နှံထားခံရသော ဂျင်ဂျစ်ခန်၏ မျိုးဆက်
၁၈၅၇ ခုနစ်က ဘုရင်ကြီး ဖမ်းဆီးခံရစဥ်
၁၈၅၇ ခုနစ်က ဘုရင်ကြီး ဖမ်းဆီးခံရစဥ်

ဘုရင်ကြီး မသေဆုံးမီ ရန်ကုန်တွင် တွေ့ရစဥ်
ဘုရင်ကြီး မသေဆုံးမီ ရန်ကုန်တွင် တွေ့ရစဥ်

၁၈၅၇ ခုနစ်က အိန္ဒိယနိုင်ငံ မြေပုံ
၁၈၅၇ ခုနစ်က အိန္ဒိယနိုင်ငံ မြေပုံ

event_note ခေတ်ကာလများပြပုံ

၇ နိုဝင်ဘာ ၁၈၆၂

ရန်ကုန်တွင် တိတ်တဆိတ် မြှုပ်နှံထားခံရသော ဂျင်ဂျစ်ခန်၏ မျိုးဆက်

room India

Read in English

ဂျင်ဂျစ်ခန် (Genghis Khan) ၏ မျိုးဆက်၊ စစ်ဘုရင် တာမာလိန်း (တီမူး - Timur or Timurlane) မှ တိုက်ရိုက်ဆင်းသက်လာသူ၊ မဂိုမင်းဆက်နှင့် အိန္ဒိယပြည်၏ နောက်ဆုံးသောဘုရင် ဗဟာဒူး ရှားဇဖား (Bahadur Shah Zafar) သည် ၁၈၆၂ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ အသက် ၈၇ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ သူသည် မကွယ်လွန်သည့် အချိန်ထိ ဗြိတိသျှအကျဉ်းသား အဖြစ် စိတ်ဆင်းရဲစွာ နေထိုင်သွားခဲ့ရပြီး သူ၏ရုပ်အလောင်းကို ရွှေတိဂုံစေတီတော်၏ တောင်ဘက်တွင် အမှတ်အသား မပြုဘဲ လျှို့ဝှက်မြှုပ်နှံခဲ့သည်။ 

မဂိုအင်ပါယာ (Mughal Empire)သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး အင်ပါယာ တစ်ခုဟု အသိအမှတ် ပြုထားကြသည်။ ၁၇၀၀ ပြည့်နှစ် ကာလများတွင် အာဏာစက် အထွတ်အထိပ် ရောက်စဉ်က ယနေ့ခေတ် အာဖဂန်နစ္စတန်နိုင်ငံ (Afghanistan) ကို ဖြတ်၍ ဥဇဘက်ကစ္စတန်နိုင်ငံ (Uzbekistan) ထိ ထိန်းချုပ်ထားနိုင်ကာ ပိုင်နက်ထဲတွင် ယနေ့ခေတ် ပါကစ္စတန်နိုင်ငံ (Pakistan) ၊ အိန္ဒိယနိုင်ငံ (India) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Bangladesh) တို့ ပါဝင်ခဲ့သည်။ ထိုအင်ပါယာကို မွန်ဂို-တာ့ခ်လူမျိုး (Mongol-Turk) စစ်ဘုရင်ကြီး တီမူးမှ တိုက်ရိုက်ဆင်းသက်လာသည့် ဘာဘူး (Babur)က ၁၅၀၀ ပြည့်နှစ် အစောပိုင်းတွင် ဥဇဘက်ကစ္စတန်နိုင်ငံ၌ စတင်တည်ထောင်ခဲ့သည်။ စစ်ဘုရင်တီမူးကမူ ယနေ့ခေတ် ကိုရီးယားနိုင်ငံ (South Korea) မှ ဂျာမနီနိုင်ငံ (Germany) နှင့် အီဂျစ်နိုင်ငံ (Egypt) နယ်စပ်ထိ ကြီးကျယ်ခဲ့သည့် မွန်ဂိုအင်ပါယာ (Mongol Empire) ၏ ဘုရင် ဂျင်ဂျစ်ခန်၏ မျိုးဆက်မှ ဆင်းသက်လာသူဟု ဆိုသည်။

မဂိုတို့သည် မတူသော ယုံကြည်ကိုးကွယ်မှုများ ညီညွတ်စွာ ယှဉ်တွဲနေထိုင်သော၊ သိပ္ပံပညာ တိုးတက်သော၊ စည်ပင်သာယာပြီး ယဉ်ကျေးမှု အဆင့်အတန်း မြင့်သော ခေတ်ကာလ တစ်ခုတွင် နေထိုင်ခဲ့ကြသည်။ မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ လူတိုင်း ထိပ်တန်းရာထူးကြီးများ ရရှိနိုင်သလို အက္ကဘာဘုရင် (Akbar) သည် ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေမည့် ကိုးကွယ်စရာ ဘာသာသစ် တစ်ခုပင် တည်ထောင်ရန် ကြိုးပမ်းခဲ့သေးသည်။ 

၁၈၀၀ ပြည့်နှစ် အစောပိုင်းသို့ ရောက်သောအခါ ကြီးကျယ်ခမ်းနားခဲ့သော မဂိုအင်ပါယာကြီးသည် ဒေလီမြို့ (Delhi) နှင့် အနီးတဝိုက်ဒေသများကိုသာ အုပ်စိုးနိုင်တော့သည်။ အိန္ဒိယဒေသ အများစုကမူ အရှေ့အိန္ဒိယကုမ္ပဏီ (East India Company) လက်အောက် ရောက်နေပြီ ဖြစ်သည်။ ဗဟာဒူးရှားဇဖားကို ၁၇၇၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဘာဘူးမှ စရေတွက်လျှင် ၁၉ ဆက်မြောက် ဘုရင် ဖြစ်သည်။ သူသည် ထင်ရှားသော အူရဒူလူမျိုး ကဗျာဆရာလည်း ဖြစ်သည်။ 

ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို လှုပ်ခါသွားစေခဲ့သည့် ၁၈၅၇ ခုနှစ် အိန္ဒိယပြည် စစ်ဗာရီပုန်ကန်မှု ဖြစ်သောအခါ ဘုရင်ကြီးသည် ၈၂ နှစ်အရွယ် ရှိပြီ ဖြစ်သည်။ ထိုပုန်ကန်မှုတွင် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိသော်လည်း သူ့ကို ခုံရုံးတင် စစ်ဆေးကာ သားတော် မင်းသားမီဇာဂျဝန်ဘာ့ခ် (Mirza Jawan Bakht) နှင့် ဆွေတော်မျိုးတော်များ၊ နောက်လိုက်နောက်ပါ များစွာကို ရန်ကုန်မြို့သို့ နယ်နှင်လိုက်သည်။ 

ရန်ကုန်မြို့ ရောက်သောအခါ ဘုရင်ကြီးသည် ရွှေတိဂုံစေတီတော် အနီးရှိ အိမ်ငယ်တစ်ခုတွင် နေထိုင်ရသည်။ ၁၈၆၂ ခုနှစ် သူမကွယ်လွန်မီတွင် အူရဒူဘာသာဖြင့် “ကံဆိုးလှတဲ့ ဇဖား! (သူ့ကို) မြှုပ်ရတဲ့ မြေနှစ်ကိုက်တောင်မှ သူချစ်တဲ့မြေမှာ မဖြစ်ရရှာ” ဟု ကဗျာ ရေးသားခဲ့သေးသည်။

ဘုရင်ကြီး ဆုံးပါးသွားသောအခါ သူ၏ မိသားစုမှာ အစိုးရ ထောက်ပံ့ကြေး အနည်းငယ်ဖြင့်သာ ဆက်လက်ရှင်သန်ရသည်။ မင်းသားဂျဝန်ဘာ့ခ်မှာ မော်လမြိုင်မြို့သို့ အပို့ခံရပြန်သည်။ ၁၉၄၅ ခုနှစ်က မော်လမြိုင်မြို့ကို မဟာမိတ်တပ်များ ပြန်လည်သိမ်းပိုက်မိသည့်အခါ ဂျဝန်ဘာ့ခ်၏ သားတော်များထဲမှ တစ်ဦး ဖြစ်သည့် မဂိုမင်းသားအိုကြီးသည် အစိုးရထောက်ပံ့ကြေး ၁၂ အန်နာခွဲ (တစ်ကျပ်ထက် နည်းသည်) ထုတ်ရန် တောင်ကုန်းပေါ်ရှိ နေအိမ်မှ ဆင်းလာခဲ့ဖူးသည်။ အခြား မြေးနှစ်ဦး ဖြစ်သည့် မင်းသားဂျန်ရှမ်ဘာ့ခ် (Jamshed Bakht)နှင့် ဆီကန်ဒါဘာ့ခ် (Sikander Bahkt)တို့ကမူ ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ကြသည်။ ဂျန်ရှမ်ဘာ့ခ်သည် ရန်ကုန်မြို့တွင်ပင် ကွယ်လွန်သွားသော်လည်း သူ၏ သားတစ်ဦးသည် အိန္ဒိယပြည်သို့ ပြန်သွားခဲ့ပြီး မလောက်မငှသော အစိုးရပင်စင်နှင့် နေရကာ ဆင်းဆင်းရဲရဲပင် ဆုံးပါးသွားခဲ့သည်။ ကျန်ရှိသော သူ၏ မိသားစုသည် ကာလကတ္တားမြို့ (Calcutta) ၏ ဆင်းရဲသားရပ်ကွက် တစ်ခုတွင် နေထိုင်ကြပြီး အိန္ဒိယအစိုးရက ပေးအပ်သည့် မဖြစ်စလောက်သော ပင်စင်လစာ ရူပီး ၄၀၀ ကို မည်သို့ ခွဲဝေယူကြရမည်ကို အငြင်းပွားနေကြဆဲ ဖြစ်သည်။

ဘုရင်ကြီး၏ နောက်ဆုံးသော မြေးတော်များထဲမှ တစ်ဦး ဖြစ်သည့် မင်းသမီး ရာနော့ဇမာဏီဘီဂမ် (Ranauq Zamani Begum)မှာ ပန်းသေးမင်းသား တစ်ပါးနှင့် လက်ဆက်ခဲ့သည်။ ဘုရင်ကြီး နယ်နှင်ခံရရာတွင် လိုက်ပါခဲ့သည့် အခြားသော နောက်လိုက်နောက်ပါများမှာမူ ရန်ကုန်မြို့ စူရတီဘဇား (သိမ်ကြီးဈေး) တွင် အခြေချကာ ယနေ့ထိပင် သူတို့၏ မျိုးဆက်များ ဆက်လက်နေထိုင်နေကြဆဲ ဖြစ်သည်။

ဗြိတိသျှတို့က ဘုရင်ကြီးကို လူတို့ အမေ့ပျောက်ခံ ဖြစ်စေလိုခဲ့သော်လည်း နယ်နှင်ခံရပြီးနောက် ဤမျှ နိုင်ငံတကာတွင် ကျော်ကြားခဲ့သည့် အချိန် ရှိမည် မဟုတ်ချေ။  ၁၉၉၁ ခုနှစ်တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့က ပူးပေါင်းကာ ဘုရင်ကြီးနေထိုင်သွားခဲ့သော နေရာအနီးတွင် အထိမ်းအမှတ် ဂူဗိမာန် တခမ်းတနား တည်ဆောက်ခဲ့သည်။ ဆောက်လုပ်ရေး လုပ်ဆောင်နေစဥ် (ဗြိတိသျှတို့က) လျှို့ဝှက် မြှုပ်နှံခဲ့သည့် အုတ်ဂူကိုလည်း အလုပ်သမားတို့က ပြန်လည်တွေ့ရှိခဲ့ကြသည်။ ယခုအခါ သူ့အုတ်ဂူကို သမ္မတများနှင့် ဝန်ကြီးချုပ်များက လာရောက်၍ ဂါရဝ ပြုကြသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်