အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြားက သံတမန်ဆက်ဆံရေး
ဗီယက်နမ်နိုင်ငံ၏ နောက်ဆုံးသော ဧကရီ နမ်ဖွန်
ဗီယက်နမ်နိုင်ငံ၏ နောက်ဆုံးသော ဧကရီ နမ်ဖွန်

event_note ခေတ်ကာလများပြပုံ

ဇူလိုင် ၁၈၂၂ - ဇွန် ၁၈၃၃

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြားက သံတမန်ဆက်ဆံရေး

Read in English

မြန်မာသံအဖွဲ့သည် ဗီယက်နမ်နိုင်ငံ (Vietnam) သို့ ပထမဦးဆုံးအကြိမ် အဖြစ် ၁၈၂၂-၂၃ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ သံအဖွဲ့သည် ၁၈၂၂ ခုနှစ် ဇူလိုင်လတွင် အင်းဝမြို့မှ ထွက်ခွာလာပြီး ရန်ကုန်မြို့တွင် လအနည်းငယ် နားကာ လိုအပ်သည်များကို ပြင်ဆင်ပြီးနောက် ပင်လယ်ခရီး စတင်နှင်သည်။ ပီနန်မြို့ (Penang)၊ မလ္လကာမြို့ (Malacca) နှင့် စင်ကာပူမြို့ (Singapore) တို့ကို ဖြတ်ကျော်ကာ ၁၈၂၃ ခုနှစ် ဇွန်လတွင် ဆိုင်ဂုံမြို့ (Saigon) သို့ ရောက်ရှိသည်။

ဤသည်မှာ ဘကြီးတော် လက်ထက်က ဖြစ်သည်။ ယိုးဒယားပြည် (Siam) ကို သိမ်းပိုက်ရန် စိတ်အားထက်သန်နေသည့် ဘကြီးတော်သည် ဗီယက်နမ်ပြည် (ထိုခေတ်အခေါ် ယွန်းပြည်) နှင့် မဟာမိတ် ဖွဲ့လိုသည်။ ထိုစဉ်က ဗီယက်နမ်ပြည်သည် ကမ္ဘောဒီးယားပြည် (Cambodia) ကို ကျူးကျော်ပြီးကာစ ဖြစ်သည်။ ဧကရာဇ်ဖြစ်သူမှာ မင်းမက် (Minh Mang) ဖြစ်သည်။ ခမည်းတော် ငုယင်မင်းဆက် (Nguyen dynasty) တည်ထောင်သူ ကျားလုံ (Gia Long) နတ်ရွာစံပြီး များမကြာမီ နန်းတက်လာခဲ့သည်။

မြန်မာသံအဖွဲ့၏ ခေါင်းဆောင်မှာ ဂျော့ချ်ဂစ်ဘဆင် (George Gibson) အမည်ရ ထူးခြားသော ပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ ဖခင်မှာ အိန္ဒိယဘုရင်အဆက်ဆက်ထံတွင် ကြေးစား အဖြစ် အမှုထမ်းခဲ့သော အင်္ဂလိပ်လူမျိုး (English) ဖြစ်ပြီး မိခင်မှာ ဟိုင်ဒါရာဘဒ်မြို့ (Hyderabad) ဖွား အိန္ဒိယလူမျိုး (India) ဖြစ်သည်။ ဂစ်ဘဆင်သည် မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့သည်။ ၁၇၇၀ နှင့် ၁၇၈၀ ပြည့်နှစ်များအတွင်း ရွှေဘိုမြို့အနီး နဘားမြို့ရှိ ရိုမန်ကက်သလစ် ခရစ်ယာန် စာသင်ကျောင်းတွင် ပညာသင်ယူခဲ့သည်။ မြန်မာဘာသာ သာမက အင်္ဂလိပ်၊ ပေါ်တူဂီ (Portuguese) နှင့် တလဂူးဘာသာ (Telegu) တို့ကို ကျွမ်းကျင်ပြီး ပြင်သစ်ဘာသာ (French) ကို မတောက်တခေါက် ပြောတတ်သည်။ စီးပွားရေးသမား တစ်ယောက် ဖြစ်ကာ သင်္ဘော ဆောက်လုပ်ရေးလုပ်ငန်းကို အဓိက လုပ်ကိုင်သည်။ အာရှဒေသတစ်လွှား လှည့်လည် ခရီးထွက်ဖူးသူ ဖြစ်ပြီး ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ (Lisbon) သို့ နှစ်ခေါက် ရောက်ဖူးသည်။ သံအဖွဲ့၏ ခေါင်းဆောင် အဖြစ် တာဝန်ပေးအပ်ခံရသည့်အချိန်တွင် ထားဝယ်ဒေသမှ ငှက်သိုက်များကို ဗီယက်နမ်ပြည်သို့၊ ထိုမှတစ်ဆင့် တရုတ်ပြည်သို့ ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်နေခဲ့သည်။ ဘကြီးတော်၏ နှစ်သက်မြှောက်စားခြင်းကို ခံရသည်။ မြန်မာတို့ အသုံးပြုရန် မြေပုံများ ဆွဲပေးခဲ့သည် သာမက ပြင်ပကမ္ဘာကြီးနှင့် ပတ်သက်သော ဗဟုသုတများကိုလည်း ပြောပြပေးနိုင်ခဲ့သည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအတွင်း ဂစ်ဘဆင်သည် ဗြိတိသျှတို့ အတွက် မြန်မာမြေပုံကို ငွေကျပ် ၅၀၀၀ အခကြေးငွေ ယူကာ ရေးဆွဲပေးခဲ့သည်။ 

ထိုမတိုင်မီ ဗီယက်နမ်ပြည်မှ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်သို့ လာရောက်ခဲ့ပြီး ငှက်သိုက် ကုန်သွယ်ရေး တိုးချဲ့ရန် စိတ်အားထက်သန်ကြောင်း ပြသခဲ့သည်။ သို့သော် မြန်မာသံအဖွဲ့ကို ဗီယက်နမ်ပြည်သို့ တန်ပြန်စေလွှတ်လိုက်သည့် ဘကြီးတော်၏ ရည်ရွယ်ချက်မှာ စစ်မက်ဆိုင်ရာ မဟာမိတ်ဖွဲ့ရန် အတွက် ဖြစ်သည်။ ဂစ်ဘဆင်သည် နေမျိုးသီရိသူရနော်ရထာဘွဲ့ကို ပေးအပ်ခံရသည်။ ဗီယက်နမ်တို့သည် ဂစ်ဘဆင်နှင့် သူ၏ သံအဖွဲ့ကို ပျူငှာစွာ ကြိုဆိုဧည့်ခံသည်။ နောက်ဆုံးတွင်ကား ယိုးဒယားပြည်ကို မြန်မာနှင့် ပေါင်း၍ တိုက်ခြင်းသည် ယင်းတို့အတွက် အကျိုးရှိလိမ့်မည်ဟု လက်မခံပေ။ လက်ထဲတွင် ရှိနေပြီးသား ကမ္ဘောဒီးယားပြည်ကို ဆုံးရှုံးလိုက်ရမည့်အရေးကို ကြည့်ကာ မစွန့်စားလိုခဲ့ပေ။ ထို့အပြင် ဗီယက်နမ် စစ်တပ်နှင့် မြန်မာစစ်တပ်တို့မှာ အလှမ်းဝေးစွာ တည်ရှိနေသဖြင့် စစ်ဆင်ရေး နည်းဗျူဟာ အတွက် အသေအချာ အချိတ်အဆက် ပြုနိုင်မည် မဟုတ်ကြောင်းဟု သံသယ ရှိခဲ့သည်။ မြန်မာတို့က မိမိတို့၏ စစ်အင်အား ခိုင်မာတောင့်တင်းကြောင်း ပြောဆိုသည့်အခါ ဗီယက်နမ်တို့က မြန်မာတို့၏ စစ်အင်အား အင်မတန် တောင့်တင်းသည်မှန်လျှင် မည်သည့်အတွက်ကြောင့် ယိုးဒယားကို တစ်ကိုယ်တည်း မတိုက်နိုင်သနည်းဟု ပြန်မေးခဲ့သည်။

ပုံတွင် ၁၉ ရာစုနှစ်က ဗီယက်နမ် နန်းတွင်းသား အရာရှိများနှင့် ဗီယက်နမ်ပြည်၏ နောက်ဆုံးသော ဧကရီ နမ်ဖုန် (Nam Phuong) (Albert Kahn collection) တို့ကို တွေ့မြင်နိုင်သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်