အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကမ္ဘာ့စီးပွားရေးပျက်ကပ်မှ အဓိကရုဏ်းနှင့် တော်လှန်ပုန်ကန်မှုများ
ဆာဂျိုးဆက်သြဂတ်စ်တပ်စ် မောင်ကြီး
ဆာဂျိုးဆက်သြဂတ်စ်တပ်စ် မောင်ကြီး

၁၉၃၀ လူမျိုးရေး အဓိကရုဏ်း
၁၉၃၀ လူမျိုးရေး အဓိကရုဏ်း

Cameron Highlanders တပ်ရင်း ၁ မှ တပ်သားများ
Cameron Highlanders တပ်ရင်း ၁ မှ တပ်သားများ

ဆရာစံကို ကြိုးပေးရန် ထုတ်လာစဥ်
ဆရာစံကို ကြိုးပေးရန် ထုတ်လာစဥ်

1920s - မေ ၁၉၃၀

ကမ္ဘာ့စီးပွားရေးပျက်ကပ်မှ အဓိကရုဏ်းနှင့် တော်လှန်ပုန်ကန်မှုများ

Read in English

၁၉၃၀ ပြည့်နှစ်များက မြန်မာပြည်မှာ အကြပ်အတည်းပုံထဲ ရောက်နေခဲ့သည်။ ထိုစဉ်က မြန်မာပြည်သည် ဗြိတိသျှ အိန္ဒိယ၏ ပြည်နယ်တစ်ခု အဖြစ်သာ ရှိနေသေးသည်။ "ဒိုင်အာခီ" စနစ်သစ်အောက်တွင် ရွေးကောက်ပွဲ နိုင်ထားသည့် အမတ်များနှင့် ဗြိတိသျှ အစိုးရက ခန့်အပ်သော အမတ်များ ပါဝင်သည့် ဥပဒေပြု လွှတ်တော်က ရွေးချယ်တင်မြှောက်ထားသည့် ဝန်ကြီးများဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ၁၉၂၂ ခုနှစ်၊ ၁၉၂၅ ခုနှစ်နှင့် ၁၉၂၈ ခုနှစ်တို့ အသီးသီးတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ ထိုရွေးကောက်ပွဲများသည် နိုင်ငံရေး ပါတီသစ်များစွာ၏ ကန့်ကွက်ခြင်းကို ခံရသည်။ နိုင်ငံရေး ပါတီအားလုံး လိုချင်သည့် အဓိကအချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် "ဟုမ်းရူး" ဟု ခေါ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေး ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သာမန်ပြည်သူတို့၏ ဘဝမှာ ဆိုးသထက် ပိုဆိုးလာနေခဲ့သည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ ပြည်တွင်း စက်မှုလုပ်ငန်းများ တည်ထောင်ရန် အားထုတ်မှုများက ဗြိတိသျှတို့၏ လက်အောက်တွင် ရပ်တန့်ခဲ့ပြီ။ ထို့အစား ပေါပေါပဲပဲဖြင့် အလုပ်လုပ်ပေးမည့် အိန္ဒိယပြည်မှ အလုပ်သမားများကို ခေါ်သွင်းကာ ပြည်ပကုမ္ပဏီ အရေအတွက် အနည်းငယ်က ချုပ်ကိုင်ထားလျက် တွင်းထွက်သယံဇာတ ကုန်ကြမ်းများကို တင်ပို့ခြင်းကို အဓိက ထားသည့် နိုင်ငံရေးရာ စီးပွားရေး စနစ်ကို စတင် တည်ထောင်ခဲ့သည်။ ဆန်တင်ပို့သည့် ကုမ္ပဏီ လက်တစ်ဆုပ်စာက ဈေးကွက်ကို မောင်ပိုင်စီးထားပြီး မြန်မာလယ်သမားများထံမှ စျေးပေါပေါဖြင့် ဝယ်ယူနိုင်အောင် အချင်းချင်း လက်ဝါးချင်းရိုက်ကာ ကြံစည်ထားကြသည်။

၁၉၂၀ ပြည့်နှစ်များတွင် ကိုလိုနီခေတ် မတိုင်မီ လူမှုဖွဲ့စည်းပုံ အားလုံး ပြိုလဲသွားသည်။ ဒုစရိုက်မှုများ မြင့်တက်ခဲ့ပြီး မြန်မာပြည်သည် ကမ္ဘာတစ်ဝှမ်းတွင် လူသတ်မှုနှုန်း အမြင့်ဆုံးထဲမှ တစ်ခု ဖြစ်ခဲ့သည်။ အကျဉ်းထောင်များလည်း ပြည့်လျှံနေကာ ဗြိတိသျှအင်ပါယာ ပိုင်နက်အတွင်း ထောင်ကျနေသည့် လူဦးရေ အများဆုံး ရှိနေသည့် ဒေသတစ်ခု ဖြစ်ခဲ့သည်။ (အားလုံးနီးပါးသည်လည်း ဗုဒ္ဓဘာသာ မြန်မာလူငယ်များ ဖြစ်သည်။) တစ်နိုင်ငံလုံး ခိုးဆိုးလုယက်မှုများ ဖြစ်ပွားလျက်သလို အခွန်ပေးရန် ဆန့်ကျင်သည့် လှုပ်ရှားမှုများကလည်း အနှံ့အပြား ဖြစ်နေသည်။ ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီသည့် အရေအတွက် အနည်းငယ်သာ ရှိသည်။ ၁၉၂၀ ပြည့်လွန် အစောပိုင်းက ကပ်ရောဂါကြောင့် ခန့်မှန်းခြေ လူလေးသိန်းခန့် သေဆုံးခဲ့သည်။ အဂတိလိုက်စားမှုမှာလည်း ထူပြောလှသည်။ အထူးသဖြင့် ပုလိပ်တို့ကို လာဘ်ထိုးနိုင်သည်။ ခန့်မှန်းချက် တစ်ခုက တရားသူကြီး ၆၀၀ ဦးတွင် ၅၀ ဦးခန့်သာ လာဘ်မယူဟု ဆိုသည်။ အစတော့ သာမန်ပြည်သူပြည်သားများက ခံသာသေးသည်။ သို့သော် စား၀တ်နေရေးအတွက် အကြွေးပေါ် အကြွေးဆင့်ရသည့် အခြေအနေကို ရှောင်မရတော့ချေ။

ထိုအခြေအနေတွင် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီး၏ ဂယက်မှာ မြန်မာပြည်သို့ ၁၉၂၈-၁၉၃၀ ပြည့်နှစ်များ အတွင်း ရိုက်ခတ်လာလေတော့သည်။ ဆန်ဈေး ထိုးကျသွားသည့်အတွက် သန်းချီသော လယ်သမားများ ကြွေးမြီဆပ်ရန်၊ အခွန်ဆောင်ရန် မတတ်နိုင်တော့။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ လယ်ယာမြေဧက ၂ သန်းခန့်သည် ငွေတိုးချေးစားသည့် ချစ်တီးတို့၏ လက်တွင်းသို့ ကျရောက်သွားသည်။ သတ္တုတွင်းများနှင့် စက်ရုံများ ပိတ်ကုန်သဖြင့် ဆင်းရဲသော အိန္ဒိယလူမျိုးများလည်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြပြီး အတော်များများမှာ မိမိနေရပ်သို့ မပြန်နိုင်ကြ။

၁၉၃၀ ပြည့်နှစ် ရောက်သည့်အခါ အရေအတွက် ထောင်သောင်းချီသော မြန်မာ၊ အိန္ဒိယ ဆင်းရဲသား အလုပ်သမားထုသည် မဖြစ်စလောက် လစာသာရသည့် အလုပ်အကိုင် အကြွင်းအကျန်များကို လုနေကြရလေသည်။ မေလ ၅ ရက်နေ့တွင် ပြင်းအား ရစ်ချတာ စကေး ၇.၃ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ ရန်ကုန်မြို့တွင်းရှိ အဆောက်အဦ ဒါဇင်ချီနှင့် ပဲခူးမြို့ရှိ ရွှေမော်ဓော စေတီ ပြိုကျပျက်စီးခဲ့သည်။ ၁၉၃၀ ပြည့်နှစ် မေလကုန်၌ မြန်မာပြည်၏ ပထမဆုံးသော လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားကာ ရန်ကုန်မြို့တွင်ပင် အနည်းဆုံး လူ ၁၂၀ ဦး သေဆုံးပြီး လူ ၉၀၀ ခန့် ဒဏ်ရာရသည်။ အိန္ဒိယလူမျိုးများ (တလဂူး - Telegu ဘာသာစကား ပြောဆိုသူ အများစု) နှင့် မြန်မာလူမျိုး ဆိပ်ကမ်း အလုပ်သမားများ ခိုက်ရန်ဖြစ်ပွားရာမှ တစ်မြို့လုံး ပျံ့နှံ့သွားကာ နောင်နှစ်ပတ်ကျော် အတွင်း ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့သူ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များစွာ အသက်ပေးခဲ့ကြရသည်။ အချင်းဖြစ်ကြသူများရော၊ အသက်ဆုံးကြသူများပါ စီးပွားရေးစနစ်၏ အောက်ဆုံးအလွှာတွင် ရှိနေကြသူများဖြစ်ပြီး နယ်ချဲ့စီးပွားရေးစနစ်၏ ခေါင်းပုံဖြတ်မှုကို မျိုးဆက်တစ်ဆက်မက ခံခဲ့ကြရသူများပင် ဖြစ်သည်။

ကြား၀င်ထိန်းသိမ်းပေးရန်အတွက် ဗြိတိန်ဘုရင်မကြီး၏ တပ်မဟာမှ ကမ်မရွန်းတောင်ပေါ်သား ခြေလျင်တပ် (The Cameron Highlanders) ကို ခေါ်ယူခဲ့သည်။ ပြည်လမ်းမ တစ်လျှောက်နှင့် မြို့ထဲသွားသည့် လမ်းမများတွင် စစ်ဆေးရေးဂိတ်များ ချထားပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို ဝင်ရောက် စီးနင်းသောအခါ လက်နက်များကို ရှာတွေ့ခဲ့သည်။ ဖရေဇာလမ်းနှင့် ဒလဟိုဇီလမ်း၌ စက်သေနတ်များ တပ်ဆင်ထားကာ မဂိုလမ်း အရှေ့ဘက် မြို့ထဲဧရိယာကို သေနတ်ကိုင် ကင်းတပ်အဖွဲ့များက ပုံမှန် လှည့်လည်နေခဲ့သည်။ ဇွန်လ ဒုတိယပတ် ရောက်မှသာ အကြမ်းဖက်မှုများ ငြိမ်သက်သွားခဲ့သည်။ သို့သော် ရက်သတ္တပတ် အနည်းငယ် အကြာတွင် (စိန့်ဂျွန်းအနီးရှိ) ဗဟိုအကျဉ်းထောင်ကြီးတွင် ဆူပူမှု ဖြစ်ပွားရာ အိန္ဒိယလူမျိုး အစောင့်များ၊ ထောင်၀န်ထမ်းများက အကျဉ်းသား ဒါဇင်ချီကို အစုလိုက် အပြုံလိုက် သတ်ပစ်လိုက်ကြသည်။ အဓိကရုဏ်းအတွင်း အသက်ဆုံးခဲ့သော အိန္ဒိယလူမျိုးများ အတွက် လက်စားချေခြင်း ဖြစ်သည်မှာ သေချာသလောက် နီးပါးရှိသည်။

ထိုကာလတွင် တစ်နိုင်ငံလုံး ပူပင်သောကများ၊ ဒေါသမီးများနှင့် လောင်မြိုက်နေတော့သည်။ ထိုနှစ် မိုးရာသီ ကုန်ခါနီးတွင် စီးပွားရေး အခြေအနေ ပိုပိုဆိုးလာသည်နှင့် တစ်နှစ်စာ အခွန်ကင်းလွတ်ခွင့် ပေးပါရန် တောသူတောင်သားများက တောင်းဆိုကြသည်။ ထိုစဉ်က ဘုရင်ခံ တာဝန်ယူနေသူမှာ အောက်စဖို့ဒ်တက္ကသိုလ်ဆင်း ဝတ်လုံတော်ရ ဆာဂျိုးဆက်သြဂတ်စ်တပ်စ် မောင်ကြီး(ဆာဂျေအေမောင်ကြီး) ဖြစ်ပြီး ထိုသို့ရာထူးကြီးကို မြန်မာလူမျိုးထဲမှ ပထမဆုံး ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူက ကျေးရွာများသို့ ကွင်းဆင်း ကြည့်ရှုကာ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေကြသော တောင်သူလယ်သမားများ၏ အသနားခံ တောင်းဆိုချက်များကို နားထောင်ခဲ့သော်လည်း အခွန်ကင်းလွတ်ခွင့် ပေးရန် ငြင်းဆိုခဲ့သည့်အပြင် အခွန်အခများကိုပင် မလျှော့ချပေးခဲ့ပေ။ အမှန်တွင်မူ ဆာဂျေအေမောင်ကြီးကိုယ်၌လည်း လုပ်ပိုင်ခွင့် အာဏာရှိလှသည်မဟုတ်။ တကယ်တမ်း လုပ်ပိုင်ခွင့် အာဏာမှာ ဗြိတိသျှတို့လက်ထဲတွင်သာ ရှိနေပြီး ယင်းတို့က အစိုးရနှင့် စစ်တပ်ကို ချုပ်ကိုင်ထားသည်။ မြန်မာလူမျိုး ဖြစ်သော ဆာဂျေအေမောင်ကြီးခမျာ ပဲခူးကလပ် အတွင်းသို့ပင် ဝင်ခွင့်မရရှာပေ။

ဒီဇင်ဘာလတွင် မြေငလျင် နောက်တစ်ကြိမ် အကြီးအကျယ် လှုပ်ပြီးနောက် များမကြာ အရှေ့တောင်အာရှတွင် အကြီးမားဆုံးသော နယ်ချဲ့ဆန့်ကျင်ရေး ပုန်ကန်မှုကြီး တစ်ရပ် မြန်မာပြည်၌ စတင်ပေါ်ပေါက်ခဲ့သည်။ (ထိုအချိန်အထိ ဘုန်းကြီးလူထွက် နိုင်ငံရေးသမား အဖြစ်သာ မထင်မရှား ရှိနေသေးသည့်) ဆရာစံနှင့် သူ၏ ဂဠုန်တပ်များ ဦးဆောင်သည့် ပုန်ကန်ထကြွမှုမှာ သာယာဝတီနယ်မှ ဟင်္သာတနယ်၊ ရမည်းသင်းနယ် အထိ ချက်ချင်းပြန့်သွားသည်။  

မြန်မာ တောင်သူလယ်သမားများ၏ တော်လှန်ပုန်ကန်မှုမှာ ပြင်းထန်လှသောကြောင့် ဗြိတိသျှတို့သည် အိန္ဒိယပြည်မှ တပ်ခွဲ ၂ ခုကိုပင် စစ်ကူခေါ်ခဲ့ရသည်။ အရေးပေါ် အာဏာထုတ်ပြန်ကာ သတင်းဌာနများကိုလည်း တင်းကြပ်စွာ ထိန်းချုပ်ထားခဲ့သည်။ နောင်ကိုးလ အကြာ ပုန်ကန်တိုက်ခိုက်မှုများ ငြိမ်သွားသော အချိန်တွင် သူပုန်ဦးရေ အနည်းဆုံး ၃၀၀၀ ခန့် အသတ်ခံရပြီး ၈၀၀၀ ကျော် အဖမ်းခံရကာ ၇၈ ဦး ကြိုးပေးခံရသည်။ ဗြိတိသျှတို့ မန္တလေးမင်းနေပြည်တော်ကို သိမ်းပိုက်သည်မှာ ၄၆ နှစ်တင်းတင်း ပြည့်သည့် ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆရာစံအား သာယာဝတီ အကျဉ်းထောင်၌ ကြိုးပေးကွပ်မျက်ခဲ့သည်။

၁၉၃၀ ပြည့်နှစ်များအတွင်း မြန်မာ့နိုင်ငံရေးမှာ တဖြည်းဖြည်းနှင့် အပြောင်းလဲကြီး ပြောင်းလဲသွားတော့မည် ဖြစ်ပေသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်