အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်ရောက် အိပ်ချ် ဂျီ ဝဲလ်စ်
၁၉၃၉ ခုနှစ် ဇူလိုင်လက ရန်ကုန်လှေလှော်အသင်း၌ အိပ်ချ်ဂျီဝဲလ်ကို မြန်မာပြည် PEN Club မြန်မာစာရေးဆရာ၊ ပညာရှင်တို့နှင့်အတူ တွေ့ရစဉ်။
၁၉၃၉ ခုနှစ် ဇူလိုင်လက ရန်ကုန်လှေလှော်အသင်း၌ အိပ်ချ်ဂျီဝဲလ်ကို မြန်မာပြည် PEN Club မြန်မာစာရေးဆရာ၊ ပညာရှင်တို့နှင့်အတူ တွေ့ရစဉ်။

event_note ခေတ်ကာလများပြပုံ

ဇူလိုင် ၁၉၃၉

ရန်ကုန်ရောက် အိပ်ချ် ဂျီ ဝဲလ်စ်

Read in English

အိပ်ချ် ဂျီ ဝဲလ်စ် (H. G. Wells) သည် ၁၉၃၉ ခုနှစ် ဇူလိုင်လက ရန်ကုန်မြို့သို့ အလည်အပတ် လာရောက်ခဲ့ဖူးသည်။ ထိုစဉ်က သူသည် အသက် ၇၂ နှစ် အရွယ် ရှိပြီး ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး စာရေးဆရာများထဲမှ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူ့တစ်သက်တာတွင် အချိန်စက်ယန္တရားကမ္ဘာများ၏ စစ်ပွဲ အစရှိသည့် ဂန္တဝင်ဝတ္ထုများ အပါအဝင် အခြားသော စာအုပ်ပေါင်း တစ်ရာနီးပါး ရေးသားခဲ့သည်။ ယနေ့ခေတ်တွင်  (ဂျူးလ်စ်ဗားန် - Jules Verne ကဲ့သို့ပင်) သိပ္ပံဝတ္ထုစာရေးဆရာ ဖခင်ကြီး အဖြစ် ထင်ရှားကျော်ကြားသည်။ အိပ်ချ် ဂျီ ဝဲလ်သည် "ကမ္ဘာ့လူအဖွဲ့အစည်းတစ်ရပ်" ဆိုသော အတွေးအခေါ်ကို စွဲမြဲစွာ လက်ကိုင်ထားသူ ဖြစ်သည်။ နိုင်ငံပေါင်းချုပ် အသင်းကြီးကို ထောက်ခံသူဖြစ်ပြီး ခေတ်လူငယ်များကို ကမ္ဘာ့သမိုင်း သင်ကြားပေးရန်မှာ အရေးကြီးသည်ဟု စိတ်အားထက်သန်စွာ ယုံကြည်သူလည်း ဖြစ်သည်။ 

၁၉၃၉ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်လာချိန်သည် နိုင်ငံရေး ရှုပ်ထွေးနေသော ကာလ ဖြစ်သည်။ ဒီမိုကရေစီ မကျတကျ ရေးသားထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် ပတ်သက်ပြီး  နိုင်ငံရေး အသိုက်အဝန်း တစ်ရပ်လုံးက ကန့်ကွက်လျက် ရှိသည်။ ဗုဒ္ဓဘာသာနှင့် မွတ်စလင် အဓိကရုဏ်းများကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးထားသည်။ လူမျိုးရေး တင်းမာမှုများ အလွန်မြင့်တက်နေသည့် အချိန် ဖြစ်သည်။  ပို့ကုန်များ ထိုးကျနေခြင်း၊ အလုပ်သမား အရေးအခင်းများ စသည်တို့ကြောင့် တိုင်းပြည်စီးပွားရေးမှာ အခြေအနေဆိုးနေကာ သန်းချီသော မရှိနွမ်းပါး ပြည်သူပြည်သားများ ခိုကိုးရာမဲ့ ဖြစ်နေကြရသည်။  ဒေါက်တာဘမော် အစိုးရအဖွဲ့ ပြိုလဲသွားသည်မှာ မကြာသေးဘဲ နိုင်ငံရေးပါတီများ တစ်ဖွဲ့စီကွဲကာ ရန်စောင်နေကြသည်။ နိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ရာနှင့်ချီကာ ထိန်းသိမ်းခံထားရသည်။ မြန်မာပြည်မကြီးနှင့် တောင်တန်းဒေသများကြား ဆက်ဆံရေးမှာလည်း မသေချာ မရေရာလှ။  တစ်ချိန်တည်းမှာပင် တရုတ်ပြည်သို့ လမ်းမကြီးအသစ် ဖောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး အင်အားကြီး နိုင်ငံများ အကြိတ်အနယ် အားပြိုင်နေသည့်ကြားသို့  မြန်မာပြည်မှာ ဆွဲသွင်းခံနေရသေးသည်။ 

သြစတြေးလျနိုင်ငံ (Australia) မှ လန်ဒန်မြို့ (London) သို့ အပြန်ခရီးတွင် ရန်ကုန်မြို့၌ သုံးရက်ကြာ နေထိုင်ခဲ့သည်။ (အင်္ဂလိပ်လူမျိုး အပေါင်းအသင်းများ အစား) မြန်မာမိတ်ဆွေတို့နှင့် အချိန်ဖြုန်းရန် ဆုံးဖြတ်ခဲ့သည်။ အများစုမှာ ရန်ကုန်တက္ကသိုလ်မှ ပညာရှင်များ၊ စာရေးဆရာများ ဖြစ်ကြပြီး ထိုသူတို့၏ လောကအမြင် ခံယူချက်များကို သိရှိလိုသဖြင့် ဖြစ်သည်။ သူသည် ဗြိတိသျှကိုလိုနီစနစ်အား အတော်ပင် အဆိုးမြင်သည့်ပုံ ရှိသည်။ နောက်ပိုင်း သူရေးသည့် စာများထဲတွင် မြန်မာပြည်မှ ကိုလိုနီအစိုးရကို “ဦးနှောက်မရှိသော နတ်မိစ္ဆာ” ဟုလည်းကောင်း၊ “အစိုးရဆိုသည်ထက် သွက်ချာပါဒ”သာသာဟု လည်းကောင်း ခိုင်းနှုန်းခဲ့သည်။ “မြန်မာတို့ချည်းသာ ပါဝင်သည့် မြန်မာပြည်”ကို လိုလားသည့် မြန်မာ့အမျိုးသားရေးဝါဒ အားကောင်းလာနေခြင်းကို လေ့လာသိရှိခဲ့ရာတွင် “မြန်မာလူမျိုးဆိုသည်မှာ အပြုံးချိုသော၊ ခေါင်းမာသော၊ ဟာသဉာဏ်ရွှင်သူများဖြစ်ကာ အတိုက်အခံဘက်တွင် ထင်ပေါ်သူများ”၊ “အိုင်ယာလန်လူမျိုးတို့ကို စံထား”သူများ ဖြစ်ကြောင်း ရေးသားခဲ့သည်။ 

တွေ့ဆုံခဲ့ရသည့် မြန်မာတို့ကို သဘောကျသော်လည်း ယင်းတို့၏ အတွေးအခေါ်မှာ စိတ်ပျက်စရာ ကောင်းသည်ဟု ခံစားရသည်။ အမြင်ကျဉ်းမြောင်းသော အမျိုးသားရေး ရည်မှန်းချက်ထဲတွင် နစ်မြုပ်နေပြီး ကိုယ်ပိုင်ကမ္ဘာကျဉ်းလေးကို လွန်ကာ နိုင်ငံရေးအမြင် မရှိသောလူများဟု သုံးသပ်ခဲ့သည်။ စာရေးဆရာအဖွဲ့ကို သူက “သည်ကမ္ဘာ့မေးခွန်းနှင့် ပတ်သက်ပြီး နယ်ချဲ့ဝါဒနှင့် အမျိုးသားရေးဝါဒဆိုသော ဘက်နှစ်ဘက်ကိုပဲ မြင်ကြတာကိုး။ လွတ်လပ်စွာ တွေးခေါ်နိုင်တဲ့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်တဲ့ လစ်ဘရယ်ကမ္ဘာလည်း ရှိသေးတယ်။ ထိုကမ္ဘာမှာ နေထိုင်ကြပါ။” ဟု ပြောခဲ့သည်။ မြန်မာတို့က ဤသို့တုံ့ပြန်ကြသည်မှာ “အစိုးရက ခွင့်မပေး”၊ “အတိတ်က ဖြစ်ရပ်တွေက ကြားခံနေတယ်” ဟု ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်