အမေ့ခံအတိတ်
အမေ့ခံအတိတ်
သမိုင်းဝင် မြစ်ကြီးနားတိုက်ပွဲ
event_note ခေတ်ကာလများပြပုံ

သြဂုတ် ၁၉၄၄

သမိုင်းဝင် မြစ်ကြီးနားတိုက်ပွဲ

Read in English

၁၉၄၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကချင်နှင့် မဟာမိတ် (Allied) တပ်ဖွဲ့များ အားဖြည့်မှုဖြင့် တရုတ် (China) နှင့် အမေရိကန် (American) တပ်များ (မယ်ရစ်လ်၏ ဖောက်ထွင်းသူများ (Merill’s Marauders) တပ်ဖွဲ့ အပါအဝင်) သည် မြစ်ကြီးနားမြို့ကို ဂျပန်တို့၏ လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်ကြီး အတွင်း အရေးကြီးလှသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။  မြစ်ကြီးနားမြို့ရှိ အချက်အချာ ကျသော လေယာဉ်ကွင်းများကို ပြန်လည် ချုပ်ကိုင်နိုင်ခဲ့သည်။ ၇၈ ရက်ကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီးနောက် မြစ်ကြီးနားမြို့တွင် အခိုင်အမာ တပ်စွဲထားသော ဂျပန်တပ်များ လက်ထဲမှ ပြန်သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသမိုင်းတွင်သော ဝန်းရံတိုက်ခိုက်မှုတွင် စုစုပေါင်း လူ ၁၀,၀၀၀ နီးပါး ဒဏ်ရာရ သို့မဟုတ် သေကြေခဲ့သည်။ ဂျပန်တို့သည် မဖြစ်နိုင်သည့်ကြားကပင် အပြင်းအထန် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်။ ၁၉၄၄ ခုနှစ် သြဂုတ်လတွင် မဖြစ်မနေ တပ်ဆုတ်ကြရသောအခါ ဂျပန်ဗိုလ်ချုပ် ဂန်ဇို မူဇီကာမီ (Maj-General Genzo Muzikami) သည် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ 

မြစ်ကြီးနားမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း (မိုးကောင်းမြို့ကိုလည်း ထိုအတောအတွင်း ပြန်လည်သိမ်းနိုင်ခဲ့ခြင်း) ကြောင့် မဟာမိတ်တပ်များသည် အိန္ဒိယနိုင်ငံ (India) နှင့် တရုတ်နိုင်ငံ (China) တို့ကို ဆက်သွယ်ပေးသည့် လီဒိုလမ်းမကြီး (Ledo Road) ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုထက် ပိုအရေးကြီးသည်မှာ မြစ်ကြီးနား လေယာဉ်ကွင်းကို ပြန်လည်ချုပ်ကိုင်နိုင်သဖြင့် မဟာမိတ် လေတပ်များသည် အိန္ဒိယ-တရုတ် စစ်ဆင်ရေးတွင် အားသာမှု ရှိခဲ့သည်။

၁၉၄၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က အမေရိကန် ဆက်သွယ်ရေး တပ်ဖွဲ့မှ ရိုက်ကူးခဲ့သည့် ဤဓါတ်ပုံ၏ နောက်ကျောတွင် "[ပင်ဆယ်ဗေးနီးယားပြည်နယ်၊ အမေရိကန် ပြည်ထောင်စု (Pennesylvania, USA)] မဟာနွိုင်မြို့ (Mahanoy City) မှ တပ်ကြပ်ကြီး ဂျွန်ဘပ်စ်ဆိုက် (John Bussites) သည် အမေရိကန်နှင့် တရုတ်တပ်များ အကြား ညှိနှိုင်းရေး တပ်ကြပ်ကြီး အဖြစ် ဆောင်ရွက်နေရာမှ ခေတ္တ အနားယူနေစဥ် ရိုက်ကူးထားပုံ ဖြစ်သည်။ သူသည် ပြန်လည်သိမ်းပိုက်မိသော မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား ကျွန်းသစ် ထုတ်လုပ်ရေး ကုမ္ပဏီရုံး အနီးတွင် နားနေခဲ့သည်။ သူသည် တာဝန်အရ ရှေ့အကျဆုံးသော၊ အန္တရာယ်များသော အနေအထားများတွင် တာဝန်ထမ်းဆောင်ရသည်။ ဘေ့စ်ဘော (Baseball) ကစားရာတွင် ကျွမ်းကျင်သူ ဖြစ်သောကြောင့် တရုတ်တပ်သားများက ၎င်းတို့ လက်လှမ်းမမီသော နေရာများသို့ လက်ပစ်ဗုံးများ ပစ်ရန် သူ့အား တောင်းဆိုလေ့ ရှိကြသည်။" ဟု ရေးထိုးထားခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်