အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၅၀ ခုနှစ်က ကူမင်တန် ကျူးကျော်မှု

event_note ခေတ်ကာလများပြပုံ

၁ အောက်တိုဘာ ၁၉၄၉ - အောက်တိုဘာ ၁၉၅၄

၁၉၅၀ ခုနှစ်က ကူမင်တန် ကျူးကျော်မှု

Read in English

၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပီကင်းမြို့ (Peking) ရှိ တားမြစ်ထားသော မြို့တော် (Forbidden City)၏ ဂိတ်ပေါက်၀မှ မော်စီတုန်း (Mao Tse-tung) က တရုတ်ပြည်သူ့သမ္မတနိုင်ငံ (Peoples' Republic of China) ကို တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ မြို့တော်၏ အနောက်တောင်ဘက် မိုင်ထောင်ချီ ဝေးသည့် အရပ်တွင်မူ စစ်ရှုံးထားသော ချန်ကေရှိတ် (Chiang Kai-shek) ၏ တပ်ကြွင်းတပ်ကျန်များသည် နယ်ခြားစည်း အတိအကျ မရှိသော တိမ်တိုက်များကြားရှိ ဝ တောင်တန်းများကို ပင်ပန်းကြီးစွာ ကျော်ဖြတ်ကာ မြန်မာပြည်အရှေ့ဖျားရှိ စော်ဘွားပိုင် ကျိုင်းတုံနယ်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ အမှတ် ၈ တရုတ်တပ်မတော်၏ ခေါင်းဆောင် ဗိုလ်ချုပ် လီမီ (Li Mi) က ထိုတပ်များကို ဦးဆောင်လာ၍ ထိုင်းနိုင်ငံသို့ သွားရာလမ်းပေါ်ရှိ တာချီလိတ် နယ်စပ်မြို့ အနီးတွင် တပ်စွဲလိုက်ကြသည်။ အင်အားမှာ ၂၅၀၀ ခန့် ရှိသည်။

ကျူးကျော်ဝင်ရောက်လာမှုကို အလန့်တကြား ဖြစ်ကာ ၁၉၅၀ ပြည့်နှစ် ဇူလိုင်လတွင် မြန်မာတပ်မတော်သည် အလယ်ပိုင်းဒေသ၌ လက်နက်ကိုင် သောင်းကျန်းသူ နှိမ်နင်းစစ်ဆင်ရေးကို သဲကြီးမဲကြီး ဆောင်ရွက်နေလျက်ရှိသော တပ်စုများကို ချက်ချင်း ပြန်ခေါ်ပြီး တရုတ်ဖြူတပ်များကို တိုက်ထုတ်စေကာ တာချီလိတ်မြို့ကို ပြန်သိမ်းခဲ့သည်။ သို့တိုင် တရုတ်ဖြူတပ်များသည် မိုင်းဆတ်မြို့နှင့် မလှမ်းမကမ်းတွင် တဖန် ခြေကုတ် ရယူပြန်သည်။ ယင်းနောက် ဒေသခံရှမ်းနှင့် အခြား လူမျိုးစုများကို စစ်သားစုဆောင်းရေး ဆင်းပြီး ပြန်လည် အင်အားဖြည့်တင်းခဲ့သည်။ ၁၆၄၀ ပြည့်နှစ်များက ကျူးကျော်ဝင်ရောက်လာသည့် မင်တရုတ်တပ်များကဲ့သို့ပင် သူတို့၏ ရည်ရွယ်ချက်မှာလည်း မြန်မာပြည်တွင် နေရန် မဟုတ်၊ မြန်မာပြည်၌ ခြေကုတ်ယူကာ သူတို့၏ တိုင်းပြည်ကို ပြန်လည် သိမ်းပိုက်ရန် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ လောလောဆယ်တော့ တရုတ်ဖြူတပ်တို့သည် မြန်မာပြည်၌ စခန်းချကြလေပြီ။ 

၁၉၅၃ ခုနှစ် ရောက်သောအခါ တပ်သားသစ် အင်အား ၁၂၀၀၀ ခန့်ကို စုဆောင်းနိုင်ခဲ့သည်။ ဒေသခံ လူမျိုးစုများထံမှ အခွန်ကောက်ကာ မိုင်းဆတ်မြို့တွင် လေယာဉ်ကွင်းတစ်ခု ဆောက်လိုက်သည်။ ထိုင်ဝမ် (Taiwan) ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ယင်းတို့၏ ရဲဘော်ရဲဘက် ကူမင်တန်တပ်များနှင့် ပုံမှန် လေကြောင်း အသွားအလာ ရှိနေသည်။ လက်နက်များ၊ ထောက်ပံ့ပစ္စည်းများ အပြင် လျှို့ဝှက် အမေရိကန် စစ်ရေးနည်းပြများ၊ အခြားသော အစိုးရ အရာရှိများပါ လေယာဥ်ဖြင့် လာရောက်ကြသည်။ မကြာမီ ကူမင်တန်တပ်များသည် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ရုံမက အထက်ပိုင်းရှိ ကချင်တောင်တန်းဒေသသို့ လည်းကောင်း၊ ယင်းတို့နှင့် နားလည်မှု ယူထားသည့် အောက်ပိုင်းရှိ ကရင်လူမျိုးတို့၏ ပိုင်နက်များသို့လည်းကောင်း တိုးချဲ့လာတော့သည်။ ၁၉၅၃ ခုနှစ် မတ်လသို့ ရောက်သောအခါ ရှမ်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မည့် အနေအထားတွင် ရှိနေပြီး ပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် တစ်ရက်ခရီး အကွာအဝေးတွင် ရောက်ရှိနေပြီ ဖြစ်သည်။

မြန်မာတို့ အတွက် ဤသည်မှာ ကူမင်တန်တပ်များနှင့် အမေရိကန်တို့ ပူးပေါင်းပြီး ကျူးကျော်လာခြင်းသာ ဖြစ်သည်။ မမျှော်လင့်ထားသည့် အန္တရာယ်ကို အပြတ်အသတ် ချေမှုန်းမှ ဖြစ်တော့မည်။ အင်္ဂလိပ်-မြန်မာ ကပြား ဗိုလ်မှူးချုပ် ဒေါက်ကလပ်စ်ဘလိတ်ခ် (Douglas Blake) ဦးဆောင်သည့် တပ်မဟာ ၃ ခုက ကူမင်တန်တပ်များကို သံလွင်မြစ် တစ်ဘက်ကမ်း အရှေ့အရပ် အထိပင် တိုက်ထုတ်နိုင်ခဲ့သော်လည်း ကျိုင်းတုံမြို့ အနီးရောက်မှ အပြင်းအထန် ခုခံမှုနှင့် ကြုံရသည်။ 

ဧပြီလတွင် မြန်မာတို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၌ စေ့စပ်ဆွေးနွေးရေးနှင့် တရုတ်ဖြူတပ်များ ထိုင်ဝမ်နိုင်ငံသို့ ပြန်လည်ဆုတ်ခွာရေး ဆုံးဖြတ်ပေးရန် အတွက် အရေးဆိုခဲ့သည်။ ဘန်ကောက်မြို့ (Bangkok) တွင် အစည်းအဝေးများ ပြုလုပ်ပြီး နောက်ဆုံးတွင် တရုတ်ဖြူတို့က တပ်သားအင်အား ၂၀၀၀ ကို ဖယ်ရှားရွှေ့ပြောင်းရန် သဘောတူခဲ့သည်။ ပြောသည့်အတိုင်း အမှန်တကယ်လည်း ရွှေ့ပြောင်းပေးခဲ့ပါသည်။ (ဒုတိယ ကမ္ဘာစစ်တွင်းက "ကျားပျံများ" လေတပ်စိတ်ကို ဦးစီးခဲ့သည့် အမေရိကန် ဗိုလ်ချုပ်ကြီးဟောင်း ချန်နော့ (Chennault) ၏ လေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။) သို့ရာတွင် ပြောင်းရွှေ့ခံရသည့် အင်အား ၂၀၀၀ ၌ အများစုမှာ လူငယ်လေးများ၊ ဒေသခံ တပ်သားသစ်များ၊ စစ်မတိုက်ရသည့် စစ်မှုထမ်းများသာ ဖြစ်ကြသည်။ လက်နက်ချရာတွင် ရရှိလိုက်သော လက်နက်များမှာလည်း မီးကျိုးမောင်းပျက် လက်နက်ဟောင်းများသာ ဖြစ်သည်။ မြန်မာတို့က မကျေမချမ်း ဖြစ်တော့သည်။ အားကိုးတကြီးနှင့် များစွာ မျှော်လင့်ထားပြီးမှ ယခုတော့ ကုလသမဂ္ဂကို အားထား၍ မရကြောင်း မြန်မာတို့ သဘောပေါက်သွားသည်။ နောင်ဆိုလျှင် မိမိကိုယ်ကိုမိမိ ကာကွယ်နိုင်မှ ဖြစ်ချေမည်။ ထို့အတွက် ပိုကြီးမား၍ ပိုမို အင်အားတောင့်တင်းသော စစ်တပ် လိုအပ်သည်။

၁၉၅၀ ပြည့်နှစ်များ၌ မြန်မာ့တပ်မတော် အတွင်း အသွင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သည်။ ဗြိတိသျှလက်ကျ တစ်ဝက်၊ ဂျပန်လက်ကျ တစ်ဝက်နှင့် နိုင်ငံရေး အယူအဆ မတူသော အုပ်စုကွဲများ ပေါင်းစပ်ထားသည့် အင်အားစုငယ် တစ်ခု အဖြစ်မှ ပို၍ တပေါင်းတစည်းတည်း ဖြစ်သော တပ်မတော် တစ်ခုတည်းကိုသာ သစ္စာခံပြီး စနစ်ကျ ကျွမ်းကျင် ပီပြင်စွာ လုပ်ကိုင်လည်ပတ်သော စစ်ယန္တရားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ တရုတ်ဖြူတပ်များ ကျူးကျော်၀င်ရောက်လာသဖြင့် ရှမ်းပြည်နယ်၌ စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်သောအခါ တပ်မတော်မှာ အန္တရာယ်ကြီးသော စစ်မျက်နှာများစွာတွင် မနိုင်၀န်ထမ်းနေရသည်။ မည်သို့မည်ပုံ အုပ်ချုပ်ကွပ်ကဲရမည်ကို သေသေချာချာ စနစ်ချထားခြင်း မရှိခဲ့ချေ။ ဤသို့ ဖြစ်ပျက်နေသည့်အချိန်တွင် ရန်ကုန်မြို့ရှိ စစ်ရုံး၌ တစ်နေ့ထက် တစ်နေ့ အရေးပေါ် ပြဿနာများကိုသာ ရှင်းလင်းရင်းနှင့် လုံးလည်လိုက်နေပြီး ရေရှည် အတွက် မစဉ်းစားနိုင်၊ အသာစီးရအောင် လုပ်ဆောင်ရန်လည်း မတွေးနိုင်။ ဗိုလ်ချုပ်ကြီးနေဝင်းက ထိုသို့သော ပြဿနာများကို သဘောပေါက်ပြီး နည်းဗျူဟာနှင့် ညှိနှိုင်းလုပ်ဆောင်ရန် လိုအပ်ချက်ကို ပိုနားလည်ထားသည်။ ၁၉၅၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည် အနှံ့အပြားတွင် စစ်မက်များ ဖြစ်ပွားနေပြီ ဖြစ်၍ လိုအပ်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် ထိုင်စောင့်မနေနိုင်ဟု ဆိုကာ ငယ်ရွယ်ဖျတ်လတ်သော ဗိုလ်မှူးကြီးများကို  စုစည်းပြီး တပ်မတော် စီမံရေးရာဌာနကို စတင်ဖွဲ့စည်းသည်။ ထိုဗိုလ်မှူးကြီးများကို ချက်ချင်းပင် တာဝန်ထမ်းဆောင်စေသည်။ သူတို့၏ သုံးသပ်ချက်မှာ မြန်မာနိုင်ငံ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုသည် တရုတ်နိုင်ငံ ဖြစ်ကြောင်း၊ ပီကင်းအစိုးရမှ ရန်စကျူးကျော်လာခဲ့သည် ရှိသော် မြန်မာတပ်မတော် အနေနှင့် အနည်းဆုံး သုံးလခန့် တောင့်ခံနိုင်ရန် လိုအပ်ကြောင်း၊ ထို့နောက်တွင်သာ ကံကောင်းပါက ကုလသမဂ္ဂအလံကို ဟန်ပြသည့် အမေရိကန်တို့၏ အကူအညီ ရရှိနိုင်ကြောင်း ဖြစ်သည်။ 

ဗြိတိသျှ (Britain)၊ အမေရိကန် (American)၊ အိန္ဒိယ (India)၊ ဆိုဗီယက် (Soviet) နှင့် သြစတေးလျ (Australia) စသည့် ကမ္ဘာအရပ်ရပ်ရှိ စစ်တပ်များ အကြောင်း တင်ပြသုံးသပ်ပြီး စစ်တပ်တစ်ခုချင်းထံမှ ရယူနိုင်သော သင်ခန်းစာများ၊ ယူဆချက်များကို ရေးသားဖော်ပြထားသည့် အစီရင်ခံစာများကို တပ်မတော်တွင်း ဖြန့်ဝေပေးသည်။ အကောင်းဆုံးသော နည်းလမ်းကို မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်ရန် နိုင်ငံခြားသို့ ပညာတော်သင်များ စေလွှတ်သည်။ ဓနသဟာယ နိုင်ငံများ အပြင် အစ္စရေး (Israel)၊ ယူဂိုစလားဗီးယား (Yugoslavia) နှင့် အနောက်ဥရောပနိုင်ငံများသို့ စေလွှတ်ကာ နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းများ အ၀ယ်ခိုင်းသည်။ အစ္စရေးနိုင်ငံကို အတုယူကာ ကာကွယ်ရေး စီမံကိန်း စတင်ရေးဆွဲသည်။ ဆန်းဟာ့စ် (Sandhurst)၊ ဝက်စ်ပွိုင့် (West Point)၊ ပြင်သစ်နိုင်ငံ (France) ရှိ စိန့်ဆာ (St. Cyr)၊ အိန္ဒိယနိုင်ငံ (India) ရှိ ဒယ်ရာဒွန်း (Dehra Dun) တို့ကို သာဓက ပြုကာ မေမြို့တွင် စစ်တက္ကသိုလ်သစ်ကို တည်ထောင်သည်။ စစ်အေးတိုက်ပွဲ ကာလကြောင့် အားလုံးက မိမိ သြဇာညောင်းအောင် အပြိုင်အဆိုင် ကြိုးပမ်းနေကြသဖြင့် မြန်မာစစ်အရာရှိများကို လိုလိုချင်ချင် အကူအညီပေးကြသည်။ စိတ်ဓါတ်စစ်ဆင်ရေး ဌာနကိုလည်း တည်ထောင်သည်။ စစ်ရုံးဟောင်းကြီးမှ ပိုမိုကျွမ်းကျင်စွာ လုပ်နိုင်ကိုင်နိုင်လာသည့် ကာကွယ်ရေး ဝန်ကြီးဌာန ဖြစ်လာခဲ့သည်။ ဒီမိုကရေစီ နည်းလမ်းကျသည့် အုပ်ချုပ်ရေး အရေခြုံထားပြီး လက်တွေ့တွင်မူ နီးနီးကပ်ကပ် တင်းတင်းကြပ်ကြပ် စောင့်ကြည့်ချုပ်ကိုင်မည့် စစ်အုပ်ချုပ်ရေး ဖြစ်လာခဲ့တော့သည်။

အပြောင်းအလဲများက အလွန် ထိရောက်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တပ်မတော်သည် ရောင်စုံသောင်းကျန်းသူ သူပုန်အဖွဲ့များကို ရင်ဆိုင်ရာတွင် ပို၍ ရှုပ်ထွေးပြီး ပိုမို ထိရောက်သော စစ်ဆင်ရေးများဖြင့် နှိမ်နင်းလာနိုင်ခဲ့သည်။ တရုတ်ကူမင်တန်တပ်များကို မဲခေါင်မြစ် (Mekong River) နား အထိ မောင်းထုတ်နိုင်ခဲ့ပြီးမှ ထိုင်၀မ်မှစစ်ကူများ ထပ်ရောက်ပြီး အားဖြည့်သဖြင့်သာ အပြီးသတ် မချေမှုန်းနိုင်ခဲ့။ ကရင်သူပုန် အထူးနှိမ်နှင်ရေး စစ်ဆင်ရေးဖြင့် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) တပ်များစွာကို ထိုင်းနယ်စပ်ရှိ တောနက်သော ထုံးကျောက်တောင်တန်းများသို့ မောင်းထုတ်နိုင်ခဲ့သည်။ စစ်ဆင်ရေး အငယ်စားများဖြင့် ကွန်မြူနစ်တို့ကို မန္တလေးမြို့ တောင်ဘက်သို့ ပြန်လည်မောင်းထုတ်နိုင်ပြီး ရခိုင်ပြည်နယ်ရှိ အစ္စလာမ် လက်နက်ကိုင်များကိုလည်း နှိမ်နင်းနိုင်ခဲ့သည်။ ထိုမှ လအနည်းငယ် အတွင်း သောင်းကျန်းသူ ၂၅၀၀၀ ခန့် လက်နက်ချခဲ့သည်။ အောက်တိုဘာလသို့ ရောက်သောအခါ ပြည်တွင်းစစ်သည် “မြန်မာတစ်ပြည်လုံးကို ဝါးမျိုတော့မည့် အခြေအနေမှ ယခုတော့  နိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှုကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့” ဟု ဦးနုလည်း ပြောနိုင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရာထူး အပြောင်းအရွှေ့များကြောင့် တပ်မတော်တွင်း အာဏာချိန်ခွင်လျှာသည်လည်း ပြောင်းလဲသွားတော့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းတို့ အုပ်စုက အခြား တစ်ဦးတစ်ဖွဲ့ကို သစ္စာခံနိုင်ချေရှိသူ မှန်သမျှကို ရှင်းထုတ်ပစ်သည်။ ဗြိတိသျှတို့ လက်အောက်တွင် စစ်မှုထမ်းခဲ့သူ အားလုံး တိတ်တဆိတ် အငြိမ်းစား ပေးခံရသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း လက်အောက်ရှိ (ဂျပန်လက်ထွက်) အမှတ် ၄ ရိုင်ဖယ်တပ်ရင်းတွင် အစကတည်းက အမှုထမ်းခဲ့သော တပ်သားများကို တပ်မတော်၏ ထိပ်ပိုင်းရာထူးများ ပေးသည်မှာ ပိုများလာသည်။ ထိုတပ်ရင်းဟောင်းမှ လူများကိုပင် ကာကွယ်ရေးဌာန ကုန်စည်ဖြန့်ချီရေး၌ တာ၀န်ထမ်းစေသည်။ ယင်းဌာနကို မူလက တပ်မတော်သားများ၏ လိုအပ်ချက် အတွက် စားသောက်ကုန်နှင့် အခြေခံကုန်စည်များကို ရောင်းချပေးရန် စျေးဆိုင်ကြီး အဖြစ်  ရည်ရွယ်ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် အမြတ်ရှာသည့် စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များ အဆုံးပိုင်းတွင် ပို့ကုန်သွင်းကုန် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုပေးသည့် ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ အင်းဝဘဏ်နှင့် ယခင် ရိုးကုမ္ပဏီ ကုန်တိုက်ကြီးကဲ့သို့ သွင်းကုန်-ပို့ကုန် အကြီးစားလုပ်ငန်းများကိုပါ ဆောင်ရွက်လာတော့သည်။ ဤလုပ်ငန်းများကြောင့် စစ်ရုံးကြီး၏ သြဇာလွှမ်းမိုးမှု ပိုကြီးမားလာခဲ့သည်။ စစ်မြေပြင်ရောက် တပ်မှူး၊ ဗိုလ်မှူးများကိုလည်းကောင်း၊ ပုံမှန်အားဖြင့် တပ်မတော်၏ ဘဏ္ဍာတိုက်ကို ထိန်းချုပ်နိုင်သော နိုင်ငံရေးသမားများ၊ အစိုးရအရာရှိများကိုပါ ချုပ်ကိုင်လာနိုင်ခဲ့သည်။ ကိုယ်ပိုင် သတင်းစာကိုပင် အရင်းစိုက် ထုတ်ဝေနိုင်ခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဂါးဒီးယန်း သတင်းစာကို ထိုစဥ်က လူအများ လေးစားကြည်ညိုခြင်းကို ခံရသည့် သတင်းစာဆရာ ဦးစိန်ဝင်းက ဦးဆောင်ခဲ့သည်။

ဤသည်မှာ လွတ်လပ်ရေး ရပြီးကာစ အာရှတိုက် တစ်လွှားရှိ တပ်မတော်များ ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားရပ်တည်ကြရသည့် ကာလ ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ (South Korea)၊ ထိုင်ဝမ် (Taiwan) တို့တွင်လည်းကောင်း၊ အမေရိကန် အထောက်အပံ့နှင့် တပ်မတော်တစ်ခု တည်ထောင်လျက်ရှိသော ဗီယက်နမ် (Vietnam) တောင်ပိုင်းတွင်လည်းကောင်း၊ ၁၉၅၆ ခုနှစ်က ဒွီဖန်စီ (dwifungsi နှစ်မျိုးသုံး) အယူဝါဒကို ပထမဦးဆုံး ပုံဖော်ခဲ့သည့် လက်ယာဝါဒီများရှိရာ အင်ဒိုနီးရှားနိုင်ငံ (Indonesia) တွင်လည်းကောင်း ကိုယ်ပိုင်တပ်မတော်များ တည်ထောင်နေကြချိန် ဖြစ်သည်။ မြန်မာပြည်တွင်မူ ပဒေသရာဇ် စနစ်ဟောင်း ပြိုလဲပြီး မပြည့်စုံ မလုံလောက်သော ကိုလိုနီခေတ်၏ နိုင်ငံ တည်ဆောက်မှု၊ အနှစ်နှစ် အလလ စစ်ဒဏ်ခံရမှုနှင့် ရုတ်တရက် ကိုလိုနီ အုပ်ချုပ်ရေး ရုတ်သိမ်းမှုတို့ကြောင့် ကျန်ရစ်နေခဲ့သည့် လေဟာနယ်ကြီးကို တပ်မတော်က ဝင်ရောက်ဖြည့်စွက်ခဲ့သည်။ ဤသို့ပင် စစ်ယန္တရားသည်လည်း လူတစ်ယောက်၏ လက်အောက်သို့ တဖြည်းဖြည်းချင်း ဧကန်မုချ ကျရောက်လာတော့သည်။ ထိုသူမှာ ဗိုလ်ချုပ်ကြီး နေဝင်းပင် ဖြစ်သည်။

~ သန့်မြင့်ဦး၏ The River of Lost Footsteps စာအုပ်မှ ကောက်နှုတ်ပါသည်။

ပုံများတွင် ၁၉၄၉ ခုနှစ်က စစ်ရှုံးခဲ့သည့် ချန်ကေရှိတ်၏ အမျိုးသားရေး တပ်များမှ စစ်သား ၂,၅၀၀ မျှကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဦးဆောင်ချီတက်လာခဲ့သည့် ဗိုလ်ချုပ်ကြီး လိမီ၊ ၁၉၅၃ ခုနှစ်က ထိုင်ဝမ်သို့ သွားမည့် လေယာဥ်ပေါ်သို့ တက်ရောက်နေသည့် ကူမင်တန် စစ်သားများ၊ ထမင်းစားနေသော ကူမင်တန် စစ်သားများ (ဌာနချုပ် တည်ရှိရာ ထိုင်းနယ်စပ်မြို့ တာချီလိတ်မြို့တွင် ဖြစ်နိုင်ပါသည်။) နှင့် ကူမင်တန် ကလေးစစ်သားတစ်ဦးတို့ကို တွေ့မြင်နိုင်ပါသည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်