မြန်မာ့မြေယာ အမျိုးအစားခွဲပုံ
အကြမ်းဖျင်း ဆိုလျှင် ကုန်းဘောင်ခေတ် မြန်မာပြည်တွင် နန်းစဉ်အရာတော်မြေ၊ ဘိုးဘပိုင်မြေ၊ ဝတ္ထုကံမြေနှင့် မင်းမြေဟူ၍ မြေယာ အမျိုးအစား ၄ ခုမျိုး ရှိခဲ့သည်။
နန်းစဉ်အရာတော်မြေ ဆိုသည်မှာ ဘုရင် ပိုင်ဆိုင်သည့်မြေ ဖြစ်သည်။ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် ပြန့်ကျဲနေသော ကျယ်ဝန်းသည့် နန်းစဉ်အရာတော်မြေများသည် ဘုရင့်ဘိုးစဉ်ဘောင်ဆက်ထံမှ အမွေဆက်ခံရရှိထားခြင်း ဖြစ်နိုင်သလို လက်ထပ်ထိမ်းမြားမှုမှ ရရှိထားသော မြေများလည်း ဖြစ်နိုင်သည်။ ထိုလယ်ယာမြေများအား လမိုင်း ဟု ခေါ်ဆိုသော အထူးဝန်ထမ်း လူတန်းစားတစ်ရပ် သို့မဟုတ် ဘုရင့်လယ်ကျွန်တော်များက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ အချို့ လယ်ယာမြေ အမျိုးအစားများမှာလည်း ဘုရင်ပိုင်မြေ ဖြစ်နိုင်သည်။ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အစုအဖွဲ့တစ်ခုကို ပေးအပ်ရန် ခက်ခဲသော လယ်ယာမြေမျိုး ဖြစ်သည်။ ဥပမာ နန်းမြို့တော် အနီးမှ ဧရာဝတီမြစ် အတွင်းရှိ ကျွန်းစုငယ်များမှာ နှစ်စဉ် မြစ်ထဲတွင် မြုပ်ချီပြန်ပေါ်ချီ ရှိရာ မြေကွက် သတ်မှတ်ရန် မလွယ်ကူပေ။ နန်းစဉ်အရာတော်မြေ ငှားရမ်းခကို ဘုရင့် လယ်ယာမြေများကို ကြီးကြပ်သူ အရာတော်အုပ် က တာဝန်ယူ ကောက်ခံသည်။ အရာတော်အုပ်သည် အမြတ်အစွန်း အများဆုံး ရနိုင်မည် ယူဆပါက မြေယာများကို သင့်တော်သလို စီမံခန့်ခွဲနိုင်ပြီး ထိုအတွက် အကောက်အစားလည်း ရသည်။ ရာဇဝတ်မှုကြောင့် ဘုရင့်မြေအဖြစ် သိမ်းယူထားသော မြေများ (သိမ်းမြေ)နှင့် မူလပိုင်ရှင်မှ တစ်စုံတစ်ဦးအား အမွေစား အမွေခံအဖြစ် ပေးအပ်ခဲ့ခြင်းမရှိသဖြင့် ဘုရင်ထံသို့ ပြန်လည်အပ်နှင်းလာသော မြေများ (အမွေဆုံးမြေ) တို့သည် တန်ဖိုး ရှိပါက နန်းစဉ်အရာတော်မြေ ဖြစ်လာရသည်။ သို့ဖြစ်ရာ ရှင်ဘုရင်သည် အုပ်ချုပ်သော တိုင်းပြည် အတွင်းရှိ မြေယာအားလုံး၏ မူရင်းပိုင်ရှင်ဟု မှတ်ယူနိုင်သည်။
မြေယာ အမြောက်အမြားကို တစ်ဦးတည်းပိုင်ရှင်မှာ ဘုရင် ဖြစ်သည့်တိုင် တိုင်းပြည်ရှိ မြေအများစုမှာ ဘိုးဘပိုင်မြေ ဖြစ်နိုင်သည်။ ဘိုးဘပိုင်မြေ ဆိုသည့် အတိုင်း ဖခင်နှင့် အဘိုးတို့၏မြေ ဟု အဓိပ္ပါယ် ရသော်လည်း မြေပိုင်ရှင်မှာ မိမိ စိတ်တိုင်းကျ သင့်တော်သလို ခွဲဝေရောင်းချနိုင်သည့် အခွင့်အရေး အပြည့်အဝ မရှိသဖြင့် ပုဂ္ဂလိကမြေဟု မဆိုနိုင်ပေ။ တစ်စုံတစ်ဦးက သစ်တောများ ခုတ်ထွင်ရှင်းလင်းပြီး ယင်းမိသားစုမှ ထိန်းသိမ်းကာ လုပ်ကိုင်စားသောက်သော လယ်ယာမြေများကို ဘိုးဘပိုင်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုမြေမျိုးကို ပေါင်နှံမှုများ ရှိခဲ့သလို အချို့ကို ဝယ်ယူခြင်း၊ ရောင်းချခြင်းများ ရှိခဲ့နိုင်ပေသည်။ သို့သော် ကိုလိုနီခေတ် မတိုင်မီ အထိ လုံးလုံးလျားလျား ပုဂ္ဂလိကပိုင်မြေ ဟူ၍ မရှိခဲ့ပေ။
ဝတ္ထုကံမြေ ကို ဘာသာရေးအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများက ပိုင်ဆိုင်သည်။ ထိုမြေများမှာ ရှင်ဘုရင် သို့မဟုတ် အခြားသော မင်းစိုးရာဇာများက ထာဝရ ပေးလှူထားသော နန်းစဉ်အရာတော်မြေများ သို့မဟုတ် ဘိုးဘပိုင်မြေများ ဖြစ်သည်။ ယင်းမြေများကို မပြောင်းမလဲ တည်တံ့အောင် ထိန်းသိမ်းသွားရမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ ဘုရားမြေများမှာ အချိန်ကြာသည်နှင့် ကျုံ့သွားတော့သည်။ အကြောင်းမှာ မှတ်တမ်းမှတ်ရာ မရှိသဖြင့် လယ်ယာမြေ ငှားရမ်းလုပ်ကိုင်သူများ သို့မဟုတ် အခြားသော ဒေသခံပြည်သူများတို့က ဘုရားမြေ၏ ဟိုတစ်ပိုင်း ဒီတစ်ကွက်ကို ကိုယ်ပိုင်မြေ အဖြစ် ယူလိုက်ကြခြင်းကြောင့် ဖြစ်သည်။ မြေယာ လှူဒါန်းမှု ပြုရာ၌ အများအားဖြင့် ထိုမြေများပေါ်တွင် တာဝန်ယူ လုပ်ကိုင်ရမည့် ကျေးကျွန်များကို တစ်ပါတည်း လှူဒါန်းလေ့ရှိသည်။ ထိုကဲ့သို့ လှူဒါန်းခံရသော ဘုရားကျွန်များမှာ ပြန်ရွေး ပြန်ဝယ်၍ မရသော ကျွန်များ ဖြစ်သည်။ ယင်းတို့မှာ လယ်ယာထွန်ယက် စိုက်ပျိုးလုပ်ကိုင်ကြသည့် သာမန်လူများသာ ဖြစ်ကြသော်လည်း မြန်မာ့လူမှုအသိုင်းအဝိုင်း အဆင့်ဆင့်တွင် အောက်ဆုံး၌ ရှိနေကြပြီး သုဘရာဇာများနှင့် တန်းတူ နိမ့်ကျခဲ့သည်။ သာမန်ပြည်သူများ အတွက် ဘုရားကျွန်တို့မှာ လူ့အဖွဲ့အစည်း ပြင်ပတွင် ရှိနေသူများ ဖြစ်ကြပြီး ပေါင်းသင်းဆက်ဆံမှု ပြုလုပ်ခွင့် မရှိချေ။
မြေအမျိုးအစား ၄ မျိုးအနက် နောက်ဆုံးနှင့် အရှုပ်ထွေးဆုံး မြေအမျိုးအစားမှာ မင်းမြေ ဖြစ်သည်။ မင်း ဆိုသည်မှာ "အုပ်ချုပ်သူ"ဟု အဓိပ္ပါယ်ရပြီး ကျေးရွာအဆင့်တွင်မူ ကျေးရွာအကြီးအကဲကို ရည်ညွှန်းသည်။ ဤနေရာတွင် မင်းမြေသည် အကြီးအကဲ ပိုင်ဆိုင်သည့်မြေ ဖြစ်ကာ မိဘအရိုက်အရာကို ဆက်ခံပြီး ခေါင်းဆောင် ဖြစ်လာသည့်အခါ အမွေဆက်ခံရရှိထားသော မြေကို ဆိုလိုသည်။ မင်းမြေသည် အကြီးအကဲ၏ ဆွေမျိုးတစ်သိုက်လုံး ပိုင်သော မြေများ အားလုံးကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ သို့ရာတွင် ရှင်ဘုရင်မှ မင်းမှုထမ်းများအား စစ်မှုရေးရာ သို့မဟုတ် အခြားသော တာဝန်ဝတ္တရားများအတွက် ပေးအပ်ချီးမြှင့်သော မြေလုပ်ကွက်ကိုလည်း မင်းမြေဟု အမျိုးအစား သတ်မှတ်ခေါ်တွင်သေးသည်။ အရှင်းဆုံး ဥပမာပေးရလျှင် ရှင်ဘုရင်သည် တပ်ဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းတည်ထောင်ရာ၌ ထိုတပ်ဖွဲ့ကို တာဝန်ယူ ကြီးကြပ်မည့် အရာထမ်းအား မင်းနေပြည်တော် အနီးရှိ မြေယာတစ်ကွက်ကို ပေးအပ်ချီးမြင့်နိုင်သည်။ ထိုအရာထမ်းသည် လက်အောက်ငယ်သားများနှင့် ယင်းတို့၏မိသားစုများ နေထိုင်ရန် (နေမြေ)၊ တာဝန်ချိန်ပြင်ပတွင် ကိုယ်တိုင်စိုက်ပျိုး လုပ်ကိုင်ရန် (လုပ်မြေ)နှင့် အပိုဝင်ငွေရရှိရန် (စားမြေ)တို့ကို အသီးသီး စိတ်ပိုင်းပြီး ခွဲဝေပေးရသည်။ အကောင်းဆုံး မြေကွက်ကိုမူ သူ့အပိုင် ယူလိမ့်မည်။ အဆိုပါ ရာထူးတာဝန်အား မျိုးရိုးစဉ်ဆက် အမွေဆက်ခံရသည် ဖြစ်ရာ ပေးအပ်ချီးမြှင့်ခဲ့သည့် လယ်ယာမြေများကိုလည်း မျိုးရိုးစဉ်ဆက် အမွေဆက်ခံ ပိုင်ဆိုင်နိုင်သည်။ ဘုရင်မှ မင်းမြေများ ရှိရင်းစွဲအတိုင်း တည်တံ့မှုကို သေချာစေရန်နှင့် ဘုရင်မင်းမြတ်ထံမှ ရရှိထားသော လုပ်ကွက်မြေကို မြေအဖြစ် ဆက်လက်ရှိစေရန် အချိန်မှန် စစ်ဆေးမှုများ ပြုလုပ်သည်မှလွဲ၍ ယင်းမင်းမြေအမျိုးအစားများကို ကိုင်တွယ်ပုံမှာ ဘိုးဘပိုင်မြေများနှင့် သိပ်မထူးခြားနားလှချေ။ မကြာခဏဆိုသလို အကြွေးပိနေသော မင်းမှုထမ်းများက ထိုမြေယာများကို ပေါင်နှံခြင်း သို့မဟုတ် ရောင်းချခြင်းပင် ပြုလုပ်ကြရာ ခံစားခွင့်နှင့် မြေယာတို့ အကြား မူလအဆက်အစပ်များ ပြတ်တောက်သွားတော့သည်။
ဘုရင်မင်းမြတ်မှ အပိုင်စားပေးအပ်သည့် မင်းမြေအမျိုးအစား အကြား၊ မင်းမြေနှင့် ဘိုးဘပိုင်မြေ အမျိုးအစား အကြား ကွဲပြားခြားနားချက်များမှာ သဘောတရားအရတော့ ရှင်းသည်။ လက်တွေ့မှာ အမိန့်တော်အရ ဖြစ်စေ၊ လိုလား၍ ဖြစ်စေ ဘုရင့်ထံ သတင်းပေးပို့ တင်ပြမှု ပျက်ကွက်သဖြင့် မင်းမြေဟု အမည်တွင်သော မြေယာများမှာ ဒေသခံ အကြီးအကဲ၏ လက်အောက်သို့ ရောက်ရှိသွားတတ်သည်။ ဥပမာ ဘုရင်ထံသို့ ပြန်လည်အပ်နှင်းရမည့် သိမ်းဆည်းခံမြေယာနှင့် ပတ်သက်ပြီး နန်းတော်သို့ အစီရင်ခံ တင်ပြခြင်း မပြုဘဲ ဒေသအကြီးအကဲ၏ အမွေဆက်ခံ မြေယာပိုင်တစ်ခု အဖြစ် တိတ်တဆိတ် ယူထားလိုက်နိုင်သည်။ လယ်ယာမြေများကို ဘုရင်ကသာ အလုံးစုံချုပ်ကိုင်ပြီး သူ၏ သဘောအတိုင်း ပေးအပ်ချီးမြှင့် ပိုင်ခွင့်ရှိသည်ဟူသော သဘောတရားနှင့် လက်တွေ့ အခြေအနေတို့ အကြား အတော်လေး ကွာဟနေခြင်းက လယ်ယာမြေ အမျိုးအစားများ တိကျရှင်းလင်းမှု မရှိဘဲ မကွဲမပြား ဖြစ်နေခြင်း၏ အကြောင်းရင်း ဖြစ်သည်။ ထိုကဲ့သို့ မရေရာနေမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။ သို့သော် ထိုခေတ်ကာလ လုပ်ရိုးလုပ်စဉ်များ အောက်တွင် နှစ်သက်လက်ခံဖွယ်ရာ ကိစ္စတစ်ခုလို ဖြစ်ကောင်းဖြစ်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ကိုလိုနီအုပ်ချုပ်ရေး လက်ထက် မြေငှားရမ်းချသော စနစ်နှင့် အခွန်ငွေဆိုင်ရာ စီမံခန့်ခွဲခြင်းတို့ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းသည့်အခါ ပြဿနာများစွာ ကြုံတွေ့ခဲ့ရသည်။
~သန့်မြင့်ဦး ရေးသားသည့် 'The Making of Modern Burma' မှ ကောက်နုတ်ပါသည်။