အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗုဒ္ဓဖွားမြင်ရာ လုမ္ဗနီဒေသ

၆ ရာစု - ၂၀၁၃

ဗုဒ္ဓဖွားမြင်ရာ လုမ္ဗနီဒေသ

room Nepal

Read in English

ဗုဒ္ဓဖွားမြင်ရာကို ရာစုနှစ်ပေါင်းများစွာ မသိရှိခဲ့ကြပေ။ ၁၈၉၆ ခုနှစ်က ဂျာမန် ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးသည် ဘီစီ ၃ ရာစုတွင် အသောကမင်းကြီးက ဗုဒ္ဓဖွားမြင်ရာနေရာကို အမှတ်အသား ပြုကာ စိုက်ထူခဲ့သော ကျောက်စာတိုင်ကို  ရှာဖွေတွေ့ရှိခဲ့သည်။ ဗြဟ္မီ (Brahmi) အက္ခရာကို သုံးကာ (ပါဠိနှင့် ဆင်တူသော) ပရာခ်ရစ် (Prakrit) ဘာသာစကားဖြင့် ရေးထိုးခဲ့သော ကျောက်စာ ဖြစ်သည်။ အိန္ဒိယပြည်တွင် တွေ့ရှိရသည့် အစောဆုံးသော စာမှတ်တမ်းလည်း ဖြစ်သည်။ အသောကကျောက်စာသည် ရှေးအကျဆုံးသော ဗုဒ္ဓအကြောင်း ရေးသားဖော်ပြချက် တစ်ခု ဖြစ်သည်။ (ယနေ့တိုင် ကျန်ရှိနေသေးသည့် ရှေးအကျဆုံးသော ဗုဒ္ဓသမိုင်းကြောင်း ရေးသားမှုများမှာ အေဒီ ၁ ရာစုလက်ရာ ဂန္ဓာရ ကျောက်စာများ ဖြစ်ပြီး ထိုခေတ်မတိုင်မီက ဗုဒ္ဓသမိုင်းကြောင်းနှင့် စပ်လျဥ်း၍ များစွာ မသိရှိခဲ့ကြပေ။)

အသောကမင်းကြီးသည် ဗုဒ္ဓ ဖွားမြင်ခဲ့သည်ဟု ယူဆရသော နေရာကို ဝန်းရံ၍ အုတ်ကျောင်းတစ်ခုကို ဆောက်လုပ်ခဲ့သည်။ ထိုအုတ်ကျောင်း၏ အပျက်အစီးများကို ယနေ့တိုင် တွေ့နိုင်ပါသေးသည်။ ၂၀၀၃ ခုနှစ်က နီပေါအစိုးရသည် အပြိုအပျက်များပေါ်တွင် အဆောက်အဦးသစ် (မာယာဒေဝီ ကျောင်းတော်) တစ်ခုကို ဆောက်လုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်က အသောကအုတ်ကျောင်း၏ အောက်တွင် ရိုးရှင်းသော သစ်သား အဆောက်အအုံ အပိုင်းအစကို ရှာတွေ့ခဲ့သည်။ ရေဒီယိုကာဗွန်ဒြပ်ဖြင့် သက်တမ်း တိုင်းတာကြည့်လိုက်ရာ ဘီစီ ၆ ရာစုက ဖြစ်ကြောင်း သိရှိရသည်။ ပထမဦးဆုံး တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး တစ်ခုဟု ယူဆကြပြီး ဗုဒ္ဓသက်တမ်း လွန်ပြီး များမကြာမီက ဆောက်လုပ်ထားခြင်း ဖြစ်နိုင်သည်။ (ဗုဒ္ဓဖွားမြင်တော်မူသည့်နေ့နှင့် နေထိုင်ခဲ့သည့် သက်တမ်းကာလကို  မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ စသည့်နိုင်ငံများတွင် သတ်မှတ်လက်ခံထားမှုများ မတူညီကြပါ။)

ဘီစီ ၆ ရာစု လုမ္ဗီနီဒေသသည် မဂ္ဂဓတိုင်းပြည် (ယနေ့ ဘီဟာပြည်) အစွန်ပိုင်းတွင် ရှိခဲ့သည်။ ဘီစီ ၆ ရာစုမှာ ကမ္ဘာ့သမိုင်း၏ ခေတ်ကောင်းခဲ့ချိန် ဖြစ်သည်။ တရုတ်ပြည်တွင် ကွန်ဖြူးရှပ်နှင့် (တာအိုဘာသာ စတင်သူ) လောင်ဇူ (Lao Tzu)၊ အိန္ဒိယပြည်တွင် (ဂျိန်းဘာသာ စတင်သူ) မဟာဝီရ၊ ပါရှားပြည်တွင် (ဇိုရိုအက်စ်ထရီယန်ဘာသာ စတင်သူ) ဇာရာသူစထရာ (Zarathustra) တို့ ကြီးစိုးခဲ့သောခေတ် ဖြစ်သည်။ ပါရှားပြည်တွင် အာခိမိနစ်တို့နှင့် တရုတ်ပြည်တွင် ကျိုး တို့က ကမ္ဘာပေါ်တွင် အင်အား အကြီးမားဆုံးသော အင်ပါယာများကို တည်ထောင်ထားသည်။ အရှေ့ မြေထဲပင်လယ်အရပ်တွင် ဂရိအတွေးအခေါ်များ စတင်၍ ထွန်းကားလာနေခဲ့သည်။ နိုင်ငံရေး၊ လူမှုရေး၊ အသိပညာ နယ်ပယ်တို့တွင် ကြီးစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည့်ခေတ် ဖြစ်ခဲ့ပေသည်။

လုမ္ဗီနီဒေသ၏ သမိုင်းကြောင်း အကျဥ်းကို အောက်တွင် ဖော်ပြထားပါသည်။

၆၂၃ ဘီစီ - ဂေါတမဗုဒ္ဓဘုရား ဖြစ်လာမည့် သိဒ္ဓတ္ထဂေါတမ မင်းသားအား လုမ္ဗိနီဒေသတွင် ဖွားမြင်တော်မူသည်။

၂၄၉ ဘီစီ - အသောကဘုရင်သည်  ဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗီနီဒေသသို့ လာရောက်ဖူးမြော်ကြောင်းကို ပါဠိဘာသာဖြင့် အသောက ကျောက်စာတိုင်တွင် မှတ်တမ်းပြု ရေးထိုးခဲ့သည်။

၃၅၀-၃၇၅ အေဒီ - တရုတ်ပြည်မှ ရဟန်းတော် ဆွန်ဆိုင် (Seng-tsai) သည် လုမ္ဗိနီဒေသသို့ ဝတ်ပြုခရီး ရောက်ရှိလာပြီး သူ၏ ခရီးစဉ် အကြောင်းကို မှတ်တမ်းတင်သည်။

၆၃၆ အေဒီ - တရုတ်ပညာရှင် ရွှမ်ကျန်း (Xuanzang) သည် လုမ္ဗိနီဒေသသို့ ရောက်ရှိသည်။ လုမ္ဗိနီဒေသ၌ လူသူကင်းမဲ့နေပြီး သားရဲတိရစ္ဆာန်များ များပြားသဖြင့် ခရီးသည်တို့ ရှောင်ရှားကြသည့် နေရာဟု ရေးသား မှတ်တမ်းတင်ခဲ့သည်။

၁၃၁၂ အေဒီ - ကတ်သ်မန်ဒူမြို့ (Kathmandu) နေရာတွင် တည်ခဲ့သော မလ္လာတိုင်းပြည်၏ ဘုရင် ရီပုမလ္လာသည် လုမ္ဗိနီဒေသသို့ လာရောက်ခဲ့သည်။ နောင်နှစ် ၅၀၀ ကျော် အတွင်း လုမ္ဗိနီဒေသကို လာရောက်ခဲ့ကြောင်း အထောက်အထား ချန်ရစ်ခဲ့သည့် နောက်ဆုံးခရီးသည် ဖြစ်သည်။ ထိုမှသည် လုမ္ဗိနီဒေသသည် လူသူကင်းမဲ့၍ စွန့်ပစ်ခံဒေသ ဖြစ်လာသည်။

၁၈၉၆ ခုနှစ် - တန်ဆန်မြို့ (Tansen) မြို့တော်ဝန် ဗိုလ်ချုပ် ခါဒ်ဂါရှမ်ဆာ (Khadga Shamsher) သည် ဂျာမန်လူမျိုး ရှေးဟောင်းသုတေသီ အန်တွန်ဖျူရာ (Anton Furer) နှင့် အတူ ရှာဖွေလေ့လာရေး ခရီးတစ်ခု စီစဉ်သည်။ ထိုတွင် ဗုဒ္ဓ ဖွားမြင်တော်မူရာကို မှတ်တမ်းတင်ထားသည့် အသောက ကျောက်စာတိုင်ကို ပြန်လည် ရှာတွေ့သည်။

၁၉၅၆ ခုနှစ် - မဟိန္ဒြာဘုရင် (Mahendra) သည် လုမ္ဗိနီဒေသသို့ လာရောက်ကြည့်ရှုကာ လုမ္ဗိနီဒေသကို ပြန်လည် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ ညီလာခံတွင် တင်ပြခဲ့သည်။

၁၉၆၇ ခုနှစ် - ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်သည် လုမ္ဗနီဒေသသို့ လာရောက်ခဲ့ပြီး လုမ္ဗိနီဒေသကို ဘုရားဖူးများ လာရောက်နိုင်ရန်၊ အပြည်ပြည်ဆိုင်ရာ ခရီးသွားများ လာရောက်နိုင်ရန်နှင့် ခန္တီစတရားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ သင်္ကေတ အဖြစ် ဖန်တီးနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုများ ရရှိနိုင်ရေးကို ဆောင်ရွက်ခဲ့သည်။

၁၉၇၈ ခုနှစ် - နီပေါအစိုးရ အဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့တို့က ကန်ဇိုတန်ဂျီ စီမံကိန်း (Kenzo Tange Master Plan) ကို အတည်ပြုသည်။

ပထမပုံမှာ ဗုဒ္ဓဘုရား ဖွားမြင်ရာ မာယာဒေဝီ ဘုရားကျောင်း ဖြစ်ပြီး ဒုတိယပုံမှာ (ဝဲဘက်မှ)  အသောကကျောင်းတွင် ဒေါက်တာသန့်မြင့်ဦးကို မြင်ရစဥ်၊ အသစ်ဆောက်ထားသော မာယာဒေဝီကျောင်းတော်ကို အပြင်ဘက်မှ တွေ့ရစဉ်၊ အသောကဘုရားကျောင်း၏ အုတ်ကျိုးအုတ်စများ၊ ဗုဒ္ဓဖွားမြင်ခဲ့သည်ဟု ယူဆရသော ကျောင်းတော်တွင်းရှိ နေရာ၊ အသောကကျောက်စာတိုင်၊ ကျောက်စာတိုင်ပေါ်တွင် ရေးထိုးထားသော ဗြဟ္မီ (Brahmi) အက္ခရာတို့ ဖြစ်ပါသည်။

သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်