အမေ့ခံအတိတ်
အမေ့ခံအတိတ်
မန်းနေပြည်မှ ဂူလီသဘင်

event_note ခေတ်ကာလများပြပုံ

၁၈၆၂

မန်းနေပြည်မှ ဂူလီသဘင်

room India

Read in English

မြန်မာတို့က ဂူလီဟု ခေါ်ဝေါ်ကြသည့် ပိုလိုကစားနည်းသည် ယနေ့ ကမ္ဘာတစ်ဝှမ်းတွင် ကစားကြသော ကစားနည်းတစ်ခု ဖြစ်သည်။ ယခုခေတ် ကစားပုံမှာ မဏိပူရပြည်မှ ဆင်းသက်လာပြီး ထိုဒေသတွင် ရာစုနှစ်များစွာ ကစားနှင့်ခဲ့ကြပြီး ဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင် ဗြိတိသျှတို့က ထိုမဏိပူရ ရိုးရာကစားနည်းကို မှီငြမ်းကာ ပထမဆုံး ပိုလိုကလပ်ကို ဖွဲ့စည်းခဲ့သည်။ ပိုလိုကစားနည်းသည် အလွန် ရှေးကျပြီး အာရှအလယ်ပိုင်း ကုန်းပြင်မြင့်ဒေသတွင် မြင်းစီးသည့် ဓလေ့ (မြင်းစီးခြင်းသည် ဘီစီ ၄၅၀၀ ခန့်က စတင်ခဲ့သည်။) ပေါ်ပေါက်လာသည်နှင့် တစ်ဆက်တည်း စတင်ခဲ့ဟန် ရှိသည်။ ပိုလိုကစားနည်းကို လွန်ခဲ့သော နှစ်နှစ်ထောင်ကျော်က ပါရှားပြည်၊ တန်မင်းဆက် လက်ထက် တရုတ်ပြည် (အေဒီ ၇ ရာစုမှ ၉ ရာစု အတွင်း အမျိုးသမီးများပါ အပါအဝင်)၊ မွန်ဂိုပြည် (၁၃ ရာစု) တို့တွင် ကျယ်ပြန့်စွာ ကစားခဲ့ကြသည်။ 

မြန်မာပြည်တွင် မည်သည့်အချိန်က စတင်ကစားခဲ့သည်ကိုမူ မသိရှိရပါ။ ဧရာဝတီမြစ်ဝှမ်း လွင်ပြင်ဒေသတွင် မြင်းစီးခြင်းသည် ပထမထောင်စုနှစ်ခန့်ကပင် စတင်ကာ အရေးပါလာခဲ့သည်။ (ယနေ့ မြန်မာဘာသာနှင့် ဆင်တူသော ဘာသာစကား ပြောသူများ နေထိုင်သည့်) ယနေ့ခေတ် ယူနန်ပြည်နယ် တည်နေရာမှ နန်ချောင်မင်းဆက် (၇ ရာစုမှ ၉ ရာစုအထိ) နှင့် တာ့လီပြည်ထောင် (၁၀ ရာစုမှ ၁၂ ရာစုထိ) တို့မှ မြင်းများသည် မျိုးကောင်းရိုးသန့်များဟု ကျော်ကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြင်းပွဲ ပြုလုပ်သည်ဟု ပထမဆုံး မှတ်တမ်းတွေ့ရသည်မှာ ပင်းယခေတ်၊ သီဟသူ (အေဒီ ၁၂၉၈ ခုနှစ် မှ ၁၃၂၄ ခုနှစ်ထိ) လက်ထက်က ဖြစ်သည်။ (ပြာသိုလတွင် ကျင်းပလေ့ ရှိသော) မြင်းပွဲ အခမ်းအနားများသည် မန္တလေးမြို့ ကျဆုံးချိန်ထိ တော်ဝင်ပြက္ခဒိန်တွင် အရေးကြီးသော အခမ်းအနားတစ်ခု အဖြစ် ပါဝင်ခဲ့သည်။ ပိုလို သို့မဟုတ် မြန်မာဘာသာဖြင့် ဂူလီ ကစားနည်းကို အနည်းဆုံး ၁၅ ရာစုမှ စ၍ မြင်းပွဲ အခမ်းအနားများတွင် ထည့်သွင်းကစားခဲ့ကြပြီး နန်းတော်ပြင်ပ မြို့ရွာများတွင်ပါ ရာစုနှစ်များစွာ ကစားခဲ့ကြဟန် ရှိသည်။ ၂၀ ရာစု ရောက်သောအခါ မြန်မာ အခေါ်အဝေါ် ဂူလီ သည် ပျောက်ဆုံးသွားကာ ပိုလို ကစားနည်းသည်သာ ဗြိတိသျှစစ်တပ်မှ အရာရှိများ ကစားသည့် ကစားနည်း အဖြစ် ကျန်ရှိခဲ့သည်။ 

၁၉ ရာစု မန္တလေး ပုရပိုက်မှ ရရှိသော ဖော်ပြပါပုံများတွင် ဂူလီသဘင် ဆင်နွှဲနေကြပုံကို တွေ့မြင်နိုင်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်