အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဦးချစ်လှိုင်
ဦးချစ်လှိုင်

ဦးဘဘေ
ဦးဘဘေ

ဆာဂျေအေမောင်ကြီး
ဆာဂျေအေမောင်ကြီး

event_note ခေတ်ကာလများပြပုံ

နိုဝင်ဘာ ၁၉၂၂

၁၉၂၂ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ့ အထွေထွေရွေးကောက်ပွဲများ

room Myanmar

Read in English

မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တလျှောက်တွင် အထွေထွေ ရွေးကောက်ပွဲ ၁၆ ကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးဆုံး အထွေထွေ ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သည်။ ထိုစဥ်က မြန်မာပြည်သည် ဗြိတိသျှ အိန္ဒိယ၏ လက်အောက်ခံ ဖြစ်နေသေးသည်။ ထိုရွေးကောက်ပွဲများမှာ နောင်လာမည့်နှစ်တွင် မြန်မာပြည်နှင့် အခြားသော အိန္ဒိယပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ရေး မဖြစ်စလောက်သာ ပေးမည့် ‘ဒိုင်အာခီ’အုပ်ချုပ်ရေးစနစ် အတွက် ပြုလုပ်ခြင်း ဖြစ်သည်။ ‘ဥပဒေပြုကောင်စီ’သစ် ဖွဲ့စည်းရေး အတွက် ပြုလုပ်သည့် ရွေးကောက်ပွဲများ ဖြစ်ပေသည်။ မြန်မာပြည်မ (ယနေ့ခေတ်၏ တိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်) တွင်သာ ရွေးကောက်ပွဲများကို ပြုလုပ်ခဲ့သည်။  သာမန်ထက် အခွန်ပိုမို ပေးဆောင်ရထားသည့် အသက် ၂၅ နှစ် ပြည့်ပြီးသူများသာ (အမျိုးသမီးများ အပါအဝင်) မဲပေးနိုင်ခွင့်ရှိသည်။ ထို့အတွက်ကြောင့် သာမန်ပြည်သူ အများစုမှာ မဲပေးခွင့် မရကြ။ ထိုစဉ်က လူဦးရေ ၁၂ သန်းခန့် ရှိသော မြန်မာပြည်တွင် ပြည်သူ ၁.၈ သန်းသာ မဲပေးခွင့် ရှိခဲ့ကြသည်။ ထို့ပြင် ဥရောပလူမျိုး၊ အိန္ဒိယလူမျိုး၊ ကရင်လူမျိုး၊ ဘိုကပြားများနှင့် စီးပွားရေး အသင်းများ အတွက်လည်း ရွေးကောက်ခံ ကိုယ်စားလှယ် နေရာများ သီးသန့် ဖယ်ထားခဲ့သေးသည်။ နေရာ ၂၀ ရာခိုင်နှုန်းကို ဘုရင်ခံက တိုက်ရိုက်ခန့်အပ်သည်။ မဲပေးသူမှာလည်း ၇ ရာခိုင်နှုန်းသာ ရှိသဖြင့် အလွန်ပင် နည်းခဲ့သည်။ ဦးချစ်ခိုင် ဦးဆောင်သည့် မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သည်။ သို့ရာ၌ ဦးဘဖေ (ဦးဘဘေ)၏ အမျိုးသားပါတီမှာ အင်အား အကြီးဆုံး အဖြစ် ပေါ်ထွက်လာခဲ့ပြီး ဂျေအေမောင်ကြီး၏ အလယ်အလတ် လမ်းစဉ်လိုက်သော ပရိုဂရက်ဆစ်ပါတီကိုပင် အနိုင်ရခဲ့သည်။ ထို့နောက်တွင် ဘုရင်ခံက ပါတီနှစ်ခုလုံးမှ နိုင်ငံရေး ခေါင်းဆောင်များနှင့် အခြားပုဂ္ဂိုလ်များ ပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ဦးဘဖေ၏ ပြည်သူပြည်သား ပါတီသစ်ကပင် နေရာအများဆုံး အနိုင်ရသည်။ ဤတစ်ကြိမ်တွင်လည်း ဘုရင်ခံက ဆာဂျေအေမောင်ကြီး၏ (မူလက ပရိုဂရက်ဆစ်ပါတီ၊ အဖွဲ့ဝင် အများစုက ရွှေတောင်ကြား ရပ်ကွက်တွင် နေထိုင်သောကြောင့် ရွှေတောင်ကြား ပါတီဟုလည်း လူသိများသော) တိုးတက်ရေးပါတီနှင့်သာ အစိုးရ ဖွဲ့လိုက်သည်။

တတိယအကြိမ် ရွေးကောက်ပွဲများကို ၁၉၂၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ပြည်သူပြည်သား ပါတီသစ် (ပြည်သူ့ ပါတီကို ဟုမ္မရူးပါတီ၊ ဆွာရပ်ဂျပ်ပါတီတို့နှင့် ပေါင်းစည်းကာ ဦးဘဖေပင် ဦးဆောင်သည့်) ကပင် ထပ်မံ အနိုင်ရသော်လည်း ဘုရင်ခံက တိုးတက်ရေးပါတီနှင့်ပင် အစိုးရ ဖွဲ့ပြန်သည်။

စတုတ္ထအကြိမ် ရွေးကောက်ပွဲကို ၁၉၃၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ အိန္ဒိယမှ ခွဲထွက်နိုင်ရေးသည် ယခုတစ်ကြိမ် ရွေးကောက်ပွဲ၏ အဓိက ဖြစ်ခဲ့သည်။ ခွဲရေးကို မလိုလားသော ဦးချစ်ခိုင်နှင့် ဒေါက်တာဘမော်တို့ ဦးဆောင်သည့် ပါတီများက ရဟန်းများ၊ အိန္ဒိယပိုင် လုပ်ငန်းများ၏ ထောက်ခံမှုကို တခဲနက် ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ခွဲထွက်ရေးအသင်းချုပ်ကြီးကို ဦးဆောင်သူမှာ ဦးဘဖေသာ ဖြစ်သည်။

ပဉ္စမအကြိမ် ရွေးကောက်ပွဲကို ၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ၁၉၃၅ ခုနှစ် အိန္ဒိယအက်ဥပဒေသစ် အရ အိန္ဒိယပြည်မှ မြန်မာပြည် ခွဲထွက်ပြီးနောက် ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။ ထိုဥပဒေအရ မြန်မာပြည် ကိုယ်ပိုင် အုပ်ချုပ်ရေး ပိုမိုခိုင်မာလာစေခဲ့သည်။ အောက်လွှတ်တော် အမတ်နေရာ ၁၃၂ နေရာတွင် ၉၁ နေရာကို တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်ခဲ့သည်။ ဦးဘဖေ၏ ညီညွတ်ရေး ဂျီစီဘီအေ အဖွဲ့ချုပ်က ၄၆ နေရာ အနိုင်ရရှိခဲ့သော်လည်း များမကြာမီ ကွဲထွက်ကုန်ကြသည်။ ထို့နောက် ဘုရင်ခံက ဒေါက်တာဘမော် (၁၆ နေရာ အနိုင်ရရှိသည့် ဆင်းရဲသားပါတီ) နှင့် အခြားပါတီငယ်များကို စုပေါင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့လိုက်ပြန်သည်။

ဆဌမအကြိမ် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပသည်။ ဤရွေးကောက်ပွဲမှာမူ မကြာမီ လွတ်လပ်ရေး ရမည့် မြန်မာပြည် အတွက် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ဖြစ်သည်။ တိုင်းပြည်တစ်ဝှမ်း မငြိမ်မသက် ဖြစ်မှုများကြောင့် မဲပေးသူမှာ ၅၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်က နေရာ အနှံ့အပြားတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

သတ္တမမြောက် ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဧပြီလမှ ၁၉၅၂ ခုနှစ် ဇွန်လအထိ ကျင်းပခဲ့သည်။ ပြည်တွင်းစစ်ကြောင့် လပေါင်းများစွာကြာ ကျင်းပခဲ့ရသော ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။ မြန်မာပြည်မကြီး၏ အပြင်ဘက်ရှိ ဒေသများပါ ပါ၀င်သည့် ပထမဦးဆုံးသော ရွေးကောက်ပွဲလည်း ဖြစ်သည်။ မဲပေးသူ ၂၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အဓိက အတိုက်အခံ ပါတီမှာ တော်လှန်ပုန်ကန်ဆဲ ဗမာ့ကွန်မြူနစ်ပါတီဖြစ်သည်။ ဦးနု ခေါင်းဆောင်သည့် ဖဆပလ အဖွဲ့ချုပ်က အောက်လွှတ်တော် အမတ်နေရာ ၂၅၀ တွင် ၁၉၉ နေရာ အနိုင်ရသည်။ နိုင်ငံ၏ ဒေသအတော်များများတွင် သူပုန်ဓါးပြများ ကြီးစိုးနေပြီး နိုင်ငံရေးသမားများကလည်း ကိုယ်ပိုင် လက်နက်ကိုင်တပ် ကိုယ်စီနှင့် ရှိနေကြသည်။ သို့သော်လည်း နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။

အဌမမြောက် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ် ဧပြီလတွင် ကျင်းပသည်။ ဦးနု ခေါင်းဆောင်သည့် ဖဆပလပင် အနိုင်ရသည်။ (အမတ်နေရာ ၂၅၀ တွင် ၂၀၂ နေရာကို အနိုင်ရပြီး ယှဉ်ပြိုင်သူပင် မရှိသည့် နေရာလည်း အများအပြား ရှိခဲ့သည်။) ဒုတိယ အင်အားအကြီးဆုံးသော ပါတီမှာ (လက်ဝဲ၊ လက်ယာ အတိုက်အခံ ပါတီများ စုပေါင်းပါဝင်သည့်) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖြစ်သည်။ ၁၉၅၈ ခုနှစ် ဇွန်လတွင် ဖဆပလသည် ဦးနု ခေါင်းဆောင်သည့် ‘သန့်ရှင်းဖဆပလ’နှင့် ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သည့် ‘တည်မြဲဖဆပလ’ ဟူ၍ နှစ်ခြမ်းကွဲသွားသည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာလတွင် ထိုအုပ်စုနှစ်ခု အကြား တင်းမာမှု ပြင်းထန်လာသောကြောင့် ဗိုလ်ချုပ်နေဝင်းကို စစ်တပ်အာဏာသိမ်းရန် ‘ဖိတ်ခေါ်’ သလို ဖြစ်ခဲ့သည်။

နဝမမြောက် ရွေးကောက်ပွဲကို ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည်။ စစ်အုပ်ချုပ်ရေးအောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မဲပေးသူ ၆၆ ရာခိုင်နှုန်း ရှိခဲ့သည်။ သန့်ရှင်းဖဆပလက ၁၅၇ နေရာ အနိုင်ရရှိပြီး တည်မြဲဖဆပလက ၄၁ နေရာ အနိုင်ရရှိသည်။ ဦးနုသည်လည်း ဝန်ကြီးချုပ် ပြန်ဖြစ်လာသည်။ နောက်နှစ်နှစ်ခန့်ကျော်တွင် စစ်တပ်က ပြန်လည်အာဏာသိမ်းခဲ့သည်။

၁၀ ကြိမ်မြောက်မှ ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲများကို ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁ နှင့် ၁၉၈၅ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ တစ်ခုတည်းသာ ပါဝင်ခွင့် ရှိခဲ့သည်။ ထိုပြည်သူ့ဆန္ဒခံယူပွဲ လေးခုလုံးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကသာ ရာနှုန်းပြည့် အနိုင်ရသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ဖျက်သိမ်းကာ စစ်အစိုးရသစ် တက်လာခဲ့သည်။

၁၄ ကြိမ်မြောက် ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ် မေလတွင် ကျင်းပခဲ့သည်။ ၁၉၆၀ ပြည့်နှစ်က စ၍ ပထမဆုံးသော ပါတီစုံ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီများစွာ ပါဝင်ခဲ့ကြပြီး မဲပေးသူ ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း၊ ၄၉၂ နေရာတွင် ၃၉၂ နေရာ အနိုင်ရသည်။ သို့သော် ရွေးကောက်ပွဲတွင် အနိုင်ရသူများမှာ ဖွဲ့စည်းပုံ ရေးဆွဲခွင့် မရသလို လွှတ်တော် ခေါ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်လည်း မရခဲ့ကြပေ။ ထို့အစား စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

ဒီမိုကရေစီ မဟုတ်တဟုတ် ပါတီစုံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ၁၅ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစိအဖွဲ့ချုပ် ခေါင်းဆောင်၊ နေအိမ်အကျယ်ချုပ် ခံနေရသေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဥ်းကျနေဆဲ ဖြစ်သည့် သူမ၏ ပါတီ၀င်များက သပိတ်မှောက်ကြသည်။  စစ်အစိုးရက ဖွဲ့စည်းသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ နေရာတွင် ၃၈၈ နေရာ အနိုင်ရသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ကျင်းပခြင်း ဖြစ်သည်။ မဲပေးသူ ၇၇ ရာခိုင်နှုန်း ရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် ဦးသိန်းစိန်က သမ္မတ ဖြစ်လာခဲ့သည်။

၁၆ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များမှ စ၍ ထိုအချိန်ထိ ကာလအတွင်း ‘လွတ်လပ်ပြီး တရားမျှတသော’ ရွေးကောက်ပွဲ ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်ပင် အနိုင်ရကာ မဲစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းကျော်ဖြင့် လွှတ်တော်နှစ်ရပ်၏ ၆၆၄ နေရာတွင် ၄၉၀ နေရာ အနိုင်ရရှိခဲ့သည်။ မဲပေးသူ ၈၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

၁၇ ကြိမ်မြောက် ရွေးကောက်ပွဲများကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉၆၂ - ၂၀၁၈) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်