
17th Cen
မြန်မာပြည်၏ ပထမဆုံး ခရစ်ယာန်များလေလား
ခရစ်တော် ထမြောက်ခြင်းပွဲတော် (အီစတာပွဲတော်)ကို မြန်မာနိုင်ငံတွင် ပထဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သူများမှာ မြန်မာပြည်ရှိ အစောဆုံး ခရစ်ယာန်ဘာသာဝင်များ နက်စတိုရီယန်း (Nestorians) ခရစ်ယာန် ကိုးကွယ်သူများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယင်းတို့သည် (မြန်မာလူမျိုးစုရယ်ဟုပင် မရှိခဲ့သေးသည့် အချိန်)၇ ရာစုခန့်ကတည်းက မြန်မာပြည်သို့ ရောက်ရှိလာခဲ့ကြသည်ဟု မှန်းဆရသည်။ နက်စတိုရီယန်းများသည် တန်မင်းဆက် (အေဒီ ၇ ရာစုမှ ၈ ရာစုထိ)လက်ထက် တရုတ်ပြည် အနှံ့အပြားတွင်သာမက အာရှအလယ်ပိုင်းတစ်လွှား၊ ပါရှားပြည်နှင့် အိန္ဒိယ၏အချို့ဒေသများတွင် ပျံ့နှံ့ရောက်ရှိ နေထိုင်နေခဲ့ကြသည်။ ပုဂံမင်းဆက်လက်ထက်တွင် (မာကိုပိုလို၏ အဆိုအရ) ယူနန်ပြည်တွင် နက်စတိုရီယန်းများစွာ နေထိုင်နေခဲ့ကြဟု သိရသည်။ ၁၅၀၀ ပြည့်နှစ် အစောပိုင်းက ပဲခူးသို့ ရောက်ရှိလာသော အီတာလျံ ခရီးသည် လူဒိုဗီကို ဒီဗာသန် (Ludovico di Verthem) ၏ မှတ်တမ်းများတွင် ဗညားရံမင်း၏ နန်းတော်တွင်း၌ နက်စတိုရီယန်း ခရစ်ယာန် (အာမေးနီးယန်းများ ဖြစ်နိုင်ဖွယ် ရှိသည်) တပ်မှူးများ၊ စစ်သားများ အမှုထမ်းနေလျက်ရှိကြောင်း ဖော်ပြထားသည်။ ပုံမှာ ကိုချို (Qocho) ရှိ နက်စတိုရီယန်း ဘုရားကျောင်းနံရံတွင် ရေးဆွဲထားသော ၇ ရာစု ပန်းချီပုံဖြစ်သည်။ (ကိုချိုဆိုသည်မှာ ယနေ့ တရုတ်နိုင်ငံ ရှင်းကျန်ဒေသဖြစ်ပြီး တစ်ချိန်တစ်ခါတုန်းက တစ်သီးတစ်သန့် ရပ်တည်သော တာ့ခ်တိုင်းပြည် ဖြစ်ခဲ့ပါသည်)