မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် လွတ်လပ်ရေးနေ့တွင် သမ္မတစပ်ရွှေသိုက်နှင့် ဆာဟူးဘက်ရန့်စ် (Sir Hubert Rance)တို့ကို မြင်တွေ့ရပုံ
သခင်နုအား ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်မှ ကျမ်းကျိန်ပေးစဉ်
၄ ဇန်နဝါရီ ၁၉၄၈
လွတ်လပ်ရေးနေ့ဆိုင်ရာ ဒဏ္ဍာရီများ
people ဦးနု Sao Shwe Thaik Sir Hubert Rance
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ ၂၀ မိနစ်တွင် မြန်မာပြည်သည် ဗြိတိသျှ ဓနသဟာယအဖွဲ့၏ ပြင်ပမှ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံ တစ်ခု ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့ အစိုးရအိမ်တော်ရှိ ယူနီယံဂျက် (Union Jack) အလံ ကို ဖြုတ်ချပြီး နောက်ဆုံး ဗြိတိသျှ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) က ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော သမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ကို အာဏာ လွှဲပြောင်းပေးခဲ့သည်။
လွတ်လပ်ရသည့် အချိန်က မြန်မာပြည်သည် တိုးတက်သာယာတော့မည့် နိုင်ငံတစ်ခု၏ ရုပ်လက္ခဏာများကို ပိုင်ဆိုင်ထားခဲ့သည် ဟူသော ယုံတမ်းစကား တစ်ခု ရှိသည်။ သို့သော် လက်တွေ့မှာမူ ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် တိုင်းပြည်သည် မဟာမိတ်နှင့် ဂျပန်အင်ပါယာ အကြား ငါးနှစ်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ပျက်စီးယိုယွင်းနေခဲ့သည်။ ဆိပ်ကမ်း၊ လေယာဉ်ကွင်း၊ ရေနံတွင်း၊ ရထားလမ်း၊ ဘူတာရုံ၊ တံတားနှင့် စက်ရုံများ အားလုံး ဖျက်ဆီးခံရ သို့မဟုတ် ရစရာမရှိအောင် ပျက်စီးနေပြီ ဖြစ်သည်။ မန္တလေးမြို့ အပါအဝင် မြို့များသည်လည်း မီးလောင်ပုံများသာ။ ကလေးငယ်များမှာ စစ်ဒဏ်ခံရပြီး နှစ်ပေါင်းများစွာ ကျောင်းမတက်ကြရ။ စစ်ဘေးဒုက္ခသည်များမှာ သိန်းနှင့်ချီပြီး ယာယီတဲများ ထိုးကာ နေထိုင်ကြရသည်။ နယ်ဘက်တွင်လည်း လက်နက်များကို အလွယ်တကူ ပေါချင်းသောချင်း ရနိုင်သည်။ လအနည်းငယ် အတွင်း လက်နက်ကိုင်များနှင့် ပြည်သူ့စစ်များက အပြိုင်အဆိုင် ပုန်ကန်ကြတော့သည်။ များမကြာမီ မူဂျာဟစ်ဒန် (Mujahideen) တို့က ရခိုင်ပြည်နယ် မြောက်ပိုင်းကို ထိန်းချုပ်ထားတော့မည် ဖြစ်ပြီး မြန်မာတစ်ပြည်လုံးရှိ မြို့ပြနေရာများတွင် ကွန်မြူနစ်တို့ အုံကြွတော့မည် ဖြစ်သည်။ တစ်နှစ်အတွင်း ဗမာ့တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ အကြား တိုက်ပွဲများသည် ရန်ကုန်မြို့ အစွန်နား အထိပင် ရောက်လာတော့မည် ဖြစ်သည်။
ထိုစဥ်က အစိုးရအဖွဲ့တွင် ပါဝင်သူများမှာ အသက်ငယ်သည်။ (အစိုးရအဖွဲ့ဝင်များ၏ ပျမ်းမျှအသက်မှာ သုံးဆယ်ကျော် ဝန်းကျင်သာ ဖြစ်သည်။) စေတနာကောင်းသည်။ တက်ကြွသည်။ သို့သော် အုပ်ချုပ်ရေးပိုင်းတွင် အတွေ့အကြုံ မရှိကြ။ ထူးချွန်သော ပြည်သူ့ဝန်ထမ်းများ၊ ဝတ်လုံတော်ရများ၊ တရားသူကြီးများ၊ ပညာရှင်များ၊ စစ်မှုထမ်းများ အနည်းငယ် ရှိသော်လည်း မြန်မာပြည်၏ အရွယ်အစား၊ ရှိနေသည့် လူဦးရေနှင့် ယှဥ်လျှင် အလွန် နည်းနေခဲ့သည်။ ဗြိတိသျှတို့က မြန်မာနိုင်ငံတွင် နောက်ထပ် ၅ နှစ် ၁၀ နှစ် နေဖို့တော့ မျှော်လင့်ထားခဲ့သောကြောင့် စနစ်တကျ ကူးပြောင်းရေး အတွက် ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။
မြန်မာနိုင်ငံ လွတ်လပ်ရေး (များမကြာမီ ပြည်တွင်းစစ်မီးများ တောက်လောင်မည့်) အကူးအပြောင်း ကာလကို ကောင်းမွန်စွာ နားလည်သဘောပေါက်ရန် ထိုစဉ်က ကမ္ဘာတစ်ဝှမ်းရှိ အဖြစ်အပျက်များကို အမှတ်ရရန် အရေးကြီးပါသည်။
၁၉၄၈ ခုနှစ် အစောပိုင်းကာလတွင် ကမ္ဘာကြီးတစ်ခုလုံး ဂယက်ထနေခဲ့သည်။ ဆိုဗီယက်ပြည် (Soviet) အရှေ့ခြမ်းကို ဆန့်ကျင်ရန် အတွက် မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ (North Atlantic Allilance) ကို ဖွဲ့စည်းရန် ပြင်ဆင်နေကြပြီး စစ်အေးတိုက်ပွဲ စတင်နေချိန် ဖြစ်သည်။ ဆိုဗီယက်တို့က ဘာလင်မြို့ (Berlin) ကို ပိတ်ဆို့လိုက်ရာ စတင်နေသည့် စစ်အေးတိုက်ပွဲ ဆူပွက်တော့မည့် အခြေအနေတွင် ရှိနေသည်။ အမေရိကန် ပြည်ထောင်စု (United States) က စစ်ဒဏ်ကြောင့် ပျက်စီးထားသော ဥရောပတိုက်ကို ပြန်လည်တည်ဆောက်မည့် မာရှယ်စီမံကိန်း (Marshall Plan) ကို အတည်ပြုတော့မည့် ကာလ ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) ၏ ပါလက်စတိုင်း နယ်မြေသတ်မှတ်ချက် (Mandatory Palestine) အဆုံးသတ်သွားပြီး အကျိုးဆက် အဖြစ် ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံ (Israel) ပေါ်ပေါက်လာ၍ ပထမဆုံး အာရပ်-အစ္စရေး စစ်ပွဲ (First Arab-Israeli War) စတင်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့လည်း နှစ်ခြမ်းကွဲတော့မည့် ဆဲဆဲ။ အသစ်တည်ထောင်လိုက်သည့် မလေးရှား ပြည်ထောင်စု (Malaysia) ကို ကန့်ကွက်သည့် ကွန်မြူနစ်တို့၏ တော်လှန်ရေးကြီး အုံကြွလာသောကြောင့် “မာလာယု အရေးပေါ် အခြေအနေ” (Malayan Emergency) စတင်ကာ နောက် ၁၂ နှစ် ကြာအောင် ပြောက်ကျားစစ်ပွဲများ ဖြစ်ပွားလေတော့သည်။ ပြင်သစ်နိုင်ငံ (France) နှင့် ဗီယက်မင်း (Viet Mihn) တို့ အကြား ဖြစ်ပွားနေသော ပထမ အင်ဒိုချိုင်းနားစစ်ပွဲ (First Indochina War) မှာ အရှိန်ကောင်းနေဆဲ။ ဒတ်ချ် (Dutch) စစ်တပ်များနှင့် အသစ်ထူထောင်လိုက်သည့် အင်ဒိုနီးရှား ပြည်သူ့သမ္မတနိုင်ငံ (Indonesia) အကြား လေးနှစ်ကြာစစ်ပွဲမှာ တိုက်ခိုက်နေဆဲ အချိန် ဖြစ်သည်။
မြန်မာနိုင်ငံ အတွက် အရေးကြီးသည်မှာက ဗြိတိသျှ အိန္ဒိယပြည် နှစ်ခြမ်းကွဲသွားပြီး အိန္ဒိယနိုင်ငံ (India) နှင့် ပါကစ္စတန်နိုင်ငံ (Pakistan) တို့ ဓနသဟာယနိုင်ငံများ အဖြစ် အသစ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ခြင်းကြောင့် လူသိန်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ကက်ရှမီးယားနယ် (Kashmir) ပိုင်နက်ကိစ္စနှင့် ပတ်သက်၍ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ (India-Pakistan war) စတင်ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဗြိတိသျှ ပိုင်နက်နှင့် နယ်နိမိတ် ဆက်စပ်ခြင်း မရှိတော့ချေ။ တစ်ချိန်တည်းမှာပင် တရုတ်ပြည်တွင်းစစ်က အဆုံးသတ်တော့မည်။ ၁၉၄၉ ခုနှစ်ကုန်ပိုင်းတွင် ကွန်မြူနစ်တို့က ပီကင်းမြို့ (Peking) ကို အပိုင်သိမ်းပြီး ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ကြေငြာလိုက်သည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းစစ် ရှုံးပြီးနောက် လက်ကျန် တရုတ် အမျိုးသားလှုပ်ရှားသူ တစ်စုက ရှမ်းပြည်နယ် အတွင်းသို့ ဝင်ရောက်လာပြီး အကြမ်းဖက် မီးမွှေးတော့သည်။ စစ်အေးတိုက်ပွဲဝင် အမေရိကန်တို့၏ အထောက်အပံ့ကို နှစ်ပေါင်းများစွာ ရယူနေသော တရုတ် အမျိုးသားရေးဝါဒီများသည် မြန်မာပြည်တွင်းမှ နေကာ ယူနန်ပြည်နယ် (Yunnan) ရှိ ကွန်မြူနစ်များကို တိုက်လိုခဲ့သည်။ မြန်မာပြည် တောင်ပေါ်ဒေသသည် ထိုအချိန်တည်းက မငြိမ်းချမ်းခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
ထို့ပြင် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) ၏ ပြုပြင်ပြောင်းလဲရေး လေဘာအစိုးရသည် ဝင်စတန်ချာချီ (Winston Churchill) ၏ ရှေးရိုးစွဲဝါဒီများကို အနိုင်ရခဲ့ရာ နိုင်ငံတွင်း ပြောင်းလဲမှုများ အပြင် အာရှဒေသရှိ ဗြိတိသျှ လက်အောက်ခံ ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးရန် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။ ၁၉၄၆ ခုနှစ် ရောက်သောအခါ မြန်မာနိုင်ငံသည် ဗြိတိသျှတို့ အတွက် အသုံးမလိုတော့ချေ။ မြန်မာနိုင်ငံသည် ဗြိတိသျှ အိန္ဒိယပြည် အတွက် နည်းဗျူဟာကျသော အရှေ့ဘက်ရှိ ကြားခံနယ်မြေ တစ်ခု မဟုတ်တော့ချေ။ ချွတ်ချုံကျနေသော မြန်မာ့စီးပွားရေးကို ပြန်လည်ထူထောင်ရန် အနည်းဆုံးတော့ ဆယ်စုနှစ်ချီ ကြာဦးမည် (ငွေကြေး အမြောက်အမြားလည်း ကုန်ကျမည်) မှာ သိသာနေသည်။ ဗြိတိသျှ ကုမ္ပဏီများ အတွက် အမြတ်ငွေ ရရှိရန် အဓိကကျသည့် နေရာများမှာ မလေးရှားနိုင်ငံ (Malaysia)၊ စင်ကာပူနိုင်ငံ (Singapore) နှင့် ဟောင်ကောင် (Hong Kong) တို့ ဖြစ်ပြီး မြန်မာပြည် မဟုတ်ချေ။ ၁၉၄၇ ခုနှစ် အစောပိုင်းတွင် ဗြိတိသျှ အစိုးရသည် မြန်မာကို စွန့်ခွာရန် ထွက်ပေါက်ရှာနေခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှုသည် လွတ်လပ်ရေးရမည့် အချိန်နှင့် မည်သည့်ပုံစံဖြင့် လွတ်လပ်ရေး ရရှိမည်တို့ကို အဆုံးအဖြတ် ပေးနိုင်ခဲ့သည်။ သို့သော် ဗြိတိသျှတို့ မြန်မာပြည်မှ အနှေးနှင့် အမြန် ထွက်ခွာမည်မှာ ယုံမှားဖွယ်ရာ မရှိခဲ့ပေ။ သို့နှင့် ကမ္ဘာတစ်ဝှမ်းတွင် ဂယက်မျိုးစုံ ဖြစ်နေသည့် ကာလ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံမှ စွန့်ခွာကာ မရေရာမှုများ အကြား အရဲစွန့်တိုးရန် ချန်ထားရစ်ခဲ့လေသည်။
တစ်ခေတ်တစ်ခါက ရွှေရောင်တောက်ခဲ့သည့် ထိုယုံတမ်းစကားကို လက်လွှတ်ပြီး အမြဲတမ်း ပြောင်းလဲနေသည့် နိုင်ငံတကာ နောက်ခံအခြေအနေများကို အသိအမှတ်ပြုရန် အရေးကြီးလှပေသည်။ သို့မှသာ ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာကို ရှင်းရှင်းလင်းလင်း မြင်နိုင်၊ ဖြေရှင်းနိုင်ပေမည်။ ပုံတွင် ပထမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနား၌ တွေ့ရသော သမ္မတကြီး စဝ်ရွှေသိုက်နှင့် ဆာဟူးဘတ်ရန့်စ်တို့ ဖြစ်သည်။ သခင်နုသည်လည်း ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ထံတွင် ပထမဆုံး နိုင်ငံတော် ဝန်ကြီးချုပ် အဖြ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ မြေပုံမှာ ၁၉၄၈ ခုနှစ်က ဗြိတိသျှ ဓနသဟာယ နိုင်ငံများကို ပြပုံ ဖြစ်သည်။
လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်