၁၉၂၇
နိုဘယ်လ်ဆုရှင် ကဗျာဆရာ ပါဘလိုနရူဒါ၏ မြန်မာပြည်မှ ချစ်ပုံပြင်
၁၉၂၇ ခုနှစ်တွင် ချီလီလူမျိုး ကဗျာဆရာ အနာဂတ် နိုဘယ်လ်ဆုရှင် ပါဘလိုနေရူဒါ (Pablo Neruda) တစ်ယောက် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က မွေးနာမည် ရီကာဒို ရေးရက်စ် (Ricardo Reyes) ကို သုံးနေဆဲ သူသည် အသက် ၂၃ နှစ် အရွယ်သာ ရှိသေးပြီး မြန်မာနိုင်ငံဆိုင်ရာ ချီလီကောင်စစ်ဝန်သစ် အဖြစ် တာဝန်ပေးအပ်ခံရသည်။ အရေးပါသည့် ရာထူး မဟုတ်ဘဲ လခလည်း မကောင်းလှချေ။ ဒလဟိုစီလမ်းနှင့် ဘရွတ်ကလင်းလမ်းထောင်ရှိ (ပုံပါ) တိုက်ခန်းတွင် ၁၈ လကြာ နေထိုင်သွားခဲ့သည်။
ထိုကာလများတွင် သူသည် ရန်ကုန်မြို့တွင် နေထိုင်ရင်း မြန်မာ အမျိုးသမီးတစ်ဦး (အင်္ဂလိပ်အမည် ဂျိုစီဘလစ်စ် - Josie Bliss) နှင့် ရည်ငံခဲ့သည်။ နေရူဒါ၏ အဆိုအရ ထိုအမျိုးသမီးသည် အလွန် ပိုင်စိုးပိုင်နင်းဖြင့် တမ်းတမ်းစွဲဖြစ်ကာ အနည်းငယ် စိတ်မနှံ့သကဲ့သို့ ဖြစ်လာသဖြင့် ပါဘလိုနေရူဒါသည် စီလုံမြို့ (Ceylon) သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သို့သော် တစ်နေ့သ၌ ကိုလံဘိုမြို့ (Colombo) ရှိ သူ၏အိမ်ရှေ့ မြက်ခင်းပြင်ပေါ်တွင် ထိုအမျိုးသမီးသည် ဆန်တစ်အိတ်၊ ဓါတ်ပြားချပ်များနှင့် အတူ တဲထိုးကာ စောင့်ဆိုင်းနေလေသည်ကို တွေ့ရှိခဲ့ရသည်။ သူ့ဘဝတစ်လျှောက် ထိုအမျိုးသမီးနှင့် ပတ်သက်၍ အတိတ်ဆိုးများသာ အမှတ်တရ ရှိတော့သည်ဟု ဆိုသည်။
ဤသည်မှာ ၁၉၂၇ ခုနှစ် က ရန်ကုန်မြို့တွင် ပါဘလိုနေရူဒါ ရေးသားခဲ့သော ကဗျာများထဲမှ တစ်ပုဒ် ဖြစ်သည်။
“ရန်ကုန်ကို အချိန်နှောင်းမှ ငါရောက်လာခဲ့။
အရာအားလုံး ရှိနေပြီးသားပဲ။
မှုခင်းတွေ၊ အိပ်မက်တွေ၊ ရွှေတွေရှိတဲ့
မြို့တော်ပေကား။
တောနက်ထဲက အစပြုတဲ့
မြစ်ကြီးတစ်စင်းဟာ
မွန်းကြပ်စရာကောင်းတဲ့ မြို့ထဲ အတွင်းသို့၊
ကပ်ရောဂါ ပေါသောလှတဲ့ ရန်ကုန်လမ်းမများ အတွင်းသို့ စီးဝင်သွား။
လူဖြူတွေ အတွက် အဖြူရောင် ဟိုတယ်တစ်ခု၊
ရွှေပြည်သူတို့ အတွက် ရွှေရောင်ထိန်ဝင်း ဘုရားတစ်ဆူ တည်ရှိနေပြီးသား။
ဒါတွေဟာ ဖြစ်ပျက်နေခဲ့တာတွေနဲ့
မဖြစ်ပျက်တော့တာတွေ။
တဖျစ်ဖျစ် ထွေးကြတဲ့သူတွေရဲ့
ကွမ်းတံတွေးတွေနဲ့
စွန်းထင်းနေတဲ့ ရန်ကုန်လှေကားထစ်များ။"
~ ပါဘလိုနေရူဒါ (အယ်လစ်စတာရိဒ် - Alistair Reid ဘာသာပြန်သည်။)
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်