အမေ့ခံအတိတ်
အမေ့ခံအတိတ်

၈ ရာစုနှစ် - ၁၃ ရာစုနှစ်

တစ်ချိန်က တာ့လီတိုင်းပြည်

room China

Read in English

သမိုင်းဦးအစ ကာလ အတော်ကြာသည် အထိ မြန်မာပြည်၏ အရှေ့မြောက်ဘက် အိမ်နီးချင်းမှာ တရုတ်ပြည် (China) မဟုတ်ပေ။ လွတ်လပ်သော ယူနန်ပြည် (Yunnan) ဖြစ်သည်။ မြို့တော်မှာ တာ့လီ (Dali) ဖြစ်သည်။ ၈ ရာစုမှ ၁၃ ရာစုနှစ်များ အထိ ကိုယ့်မင်းကိုယ့်ချင်းနှင့် ရပ်တည်နိုင်ခဲ့သော အင်အားကြီး တိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ အနောက်ဘက်မှ တိဘက်အင်ပါယာ (Tibet) နှင့် မဟာမိတ်ဖွဲ့လိုက်၊ တစ်ခါတစ်ရံတွင် တရုတ် တန်မင်းဆက် (Tang dynasty)၊ ဆုန်မင်းဆက် (Song dynasty) တို့နှင့် မဟာမိတ်ဖွဲ့လိုက် ပြုလုပ်နိုင်ခဲ့ပေသည်။ ယင်းတို့၏ မြင်းတပ်များသည် ယနေ့ မြန်မာပြည်ထဲ အထိပင် ဝင်ရောက်လာခဲ့သည်။ အလယ်ခေတ်မြို့တော် ပုဂံ တည်ထောင်ရာတွင် ယင်းတို့ ပါဝင်ပတ်သက်ခဲ့နိုင်ဖွယ်ရာ ရှိသည်။ ယူနန်သူ ယူနန်သားတို့ ယင်းတို့ကိုယ်ကို မည်သို့ခေါ်ဝေါ်ကြသည်ကို မသိရပါ။ ("ယူနန်"ဆိုသော စကားလုံး ပေါ်ပေါက်လာသည်မှာ မကြာလှသေး။) တရုတ်တို့ကမူ ယင်းတို့၏ဘုရင်ကို နန်ချောင် (Nanzhao)၊ တောင်ဘက်မင်းဟု ခေါ်သဖြင့် နန်ချောင် တိုင်းပြည်ဟု အမည်တွင်လာခဲ့သည်။

ရှေးပဝေဏီက ယူနန်ပြည်၏ အချို့ဒေသများကို ဟန်တရုတ်တို့ အုပ်ချုပ်ခဲ့သည်။ သို့သော် အေဒီ ၃ ရာစုသို့ ရောက်သောအခါ တရုတ်မြို့စောင့်တပ်များ အပြီး ဆုတ်ခွာသွားရာ ယူနန်ပြည်တွင် ဒေသခံ လူမျိုးပေါင်းစုံ ရောယှက်လျက် ကျန်ခဲ့လေသည်။ ယင်းတို့အထဲတွင် ယနေ့ခေတ် မြန်မာလူမျိုးတို့၏ ဘိုးဘေးဘီဘင်များ ပါဝင်နိုင်သည်။ ထို့အပြင် ယနေ့ ယူနန်ပြည်တွင် နေထိုင်လျက် ရှိသော ဘာသာစကားနှင့် ဒေသိယသုံးစကား မျိုးစုံ ပြောဆိုကြသည့် ဒေသခံ လူမျိုးစု အနည်းငယ်လည်း ရှိခဲ့နိုင်ပါသည်။ ၉  ရာစုတွင် လူမျိုးနှင့် ယဉ်ကျေးမှု သရုပ်ခွဲပညာရှင် တရုတ်လူမျိုး ဖန်ချို (Fan Cho) က မန်ရှူ ခေါ် တောင်ဘက်ခြမ်းမှ လူရိုင်းများ အကြောင်း ကျမ်းပြုခဲ့သည်။ ထိုစာအုပ်ထဲတွင် ယူနန်ပြည်ရှိ လူမျိုးစုပေါင်းစုံ အကြောင်း ဖော်ပြထားသည်။ ထိုဒေသတွင် ဝူမန် (Wu-man) လူမျိုးစု သို့မဟုတ် တောင်ပိုင်းမှ လူရိုင်းမည်းများ ရှိကြောင်း ဖန်ချိုက ဆိုထားသည်။ ယင်းလူမျိုးတို့မှာ နက်မှောင်သော အသားအရောင် ရှိသည့်အတွက် ထိုသို့ခေါ်ခြင်း ဖြစ်သည်။ အတော်များများမှာ ကျေးလက်သူ ကျေးလက်သားများ ဖြစ်ကြပြီး ဆိတ်များ၊ သိုးများ မွေးကြသည်။ တိဘက်ပြည်မှ တောင်ယွန်းယွန်းသို့ မြစ်ဝှမ်းများ အတိုင်း တဖြည်းဖြည်း ပြောင်းရွေ့လာကာ ပူပြင်းခြောက်သွေ့ သည့် မြန်မာပြည် မြေပြန့်ဒေသဆီသို့ ရောက်ရှိလာသည်။ အချို့သော လူရိုင်း လူမျိုးစုများကို “တောင်ပေါ် တောရိုင်းဒေသများတွင် အများအပြား တွေ့ရသည်”ဟု ဆိုသည်။ “သတ္တိရှိ ရဲရင့်ပြီး ပေါ့ပါးဖျတ်လတ်ကာ ရက်စက်ကြမ်းကြုတ်သော လူရိုင်းမျိုးစု အချို့ ရှိပြီး ယင်းတို့သည် မြင်းဖြူ သို့မဟုတ် ဖြူနက်ကြား မြင်းများမွေးကြသည်။ တောထဲရှိ ပိုးစာပင်မှ လေး လက်နက် ကောင်းကောင်း ဖြစ်အောင် ပြုလုပ်တတ်ကြသည်။” နောက်လူမျိုးစုတစ်ခုတွင်မူ အမျိုးသမီးများ ပါဝင်ကြသည်။ ယင်းအမျိုးသမီးများသည် “နို့နှင့် မလိုင်ကိုသာ ကြိုက်ကြသည်။ ယင်းတို့သည် ဖြူဖွေးဝဖြိုးကာ ဟိုဟိုသည်သည် လျှောက်လည်ရသည်ကို ပျော်မွေ့ကြသည်။” တရုတ်တို့၏ အမြင်အရ ယင်းတို့သည် သန့်သန့်ရှင်းရှင်း နေတတ်သော လူစုတော့ မဟုတ်၊ သို့သော် ပျော်ပျော်နေတတ်ကြသူများ ဖြစ်ကြသည်။ မိုးမန် (Mo-man) အမည်ရှိ လူမျိုးစုတစ်စုဆိုလျှင် ဘယ်အခါမှ လက်လည်း မဆေး၊ မျက်နှာလည်း မသစ်သော လူမျိုးစု ဖြစ်သည်ဟု ဆိုသည်။ “ယောက်ျားရော၊ မိန်းမပါ သိုးသားရေကို ဝတ်ဆင်ကြသည်။ ယမကာ သောက်စားပျော်ပါးကာ ကခုန်သီဆိုရသည်ကို ခုံမင်သော ဓလေ့ထုံးစံ ရှိကြသည်။” ဟု ရေးသားခဲ့သည်။

စပိန်ပြည် (Spain) ကို အစ္စလာမ် ဘာသာဝင်တို့ သိမ်းပိုက်ချိန် ကာလက တာ့လီပြည်၌ နန်ချောင်ဘုရင်သည် အနီး ပတ်ဝန်းကျင်ရှိ မင်းသား အုပ်ချုပ်ခံနယ်မြေ ၆ ခုကို ပေါင်းစည်းကာ တိုင်းပြည်တစ်ခု အဖြစ် တည်ထောင်လိုက်သည်။ ဆက်လက်၍ အထက်တွင် ပြောခဲ့သော လူမျိုးစုများကို စည်းရုံးရေးဆင်းသည်။ စတင်တည်ထောင်စဉ်ကတည်းက စစ်မက်လိုလားသော တိုင်းပြည်တစ်ခု ဖြစ်ရာ ပိုင်နက်မှာ တစ်စတစ်စ ကျယ်ပြန့်လာတော့သည်။  အလယ်ခေတ် အစောပိုင်း ထိုခေတ်ကာလတွင် အာရှတိုက် အရှေ့ပိုင်းဒေသကို အင်အားကြီး တိုင်းပြည်နှစ်ခု ဖြစ်သည့် တရုတ်ပြည်နှင့် တိဘက်ပြည်တို့က လွှမ်းမိုးထားသည်။ တိဘက်တို့ အင်အားကြီးထွားလာသည်မှာ မကြာလှသေးသော်လည်း တန်ခိုးအာဏာ အထွတ်အထိပ် ရောက်နေလေပြီ။ နန်ချောင်ပြည်နှင့် အလားတူ ကျူးကျော်နယ်ချဲ့နေသည့် တိဘက်ပြည်တို့ နှစ်ဦးကြား အချိန်ကာလ အတော်ကြာ တိုက်ပွဲ ဖြစ်ကြသေးသည်။ ၇၅၅ ခုနှစ်တွင် ပြည်တွင်းပုန်ကန်မှုများကြောင့် တရုတ်ပြည် ပြိုကွဲသောအခါ တိဘက်ပြည်နှင့် နန်ချောင်ပြည်တို့ ပူးပေါင်း၍ တရုတ်မြို့တော်များကို လုယက်တိုက်ဖျက်ခဲ့ကြသည်။

နောက်ပိုင်းတွင် တရုတ်ပြည်က တိဘက်-နန်ချောင် မဟာမိတ်ကို ဖြိုခွဲပစ်နိုင်ခဲ့သည်။ တိဘက်ပြည် အင်အားကြီးလာခြင်း အတွက် တရုတ်နန်းတွင်းမှာ အကြီးအကျယ် ခေါင်းခဲနေခဲ့ရာ ပတ်ပတ်လည်မှ ဝိုင်းဝန်းပိတ်ဆို့မှု ပေါ်လစီကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သည်။ အနောက်ဘက်ရှိ တာ့ခ် (Turk) နှင့် အာရပ် (Arab) တိုင်းပြည်များ၊ တောင်ဘက်ရှိ အိန္ဒိယပြည်၊ အရှေ့တောင်ဘက်ရှိ နန်ချောင်ပြည်တို့နှင့် ပူးပေါင်းစစ်ဆင်ကာ တိဘက်မြို့တော် လာဆာမြို့ (Lhasa) ကို ချေမှုန်းလိုခဲ့သည်။ "လူရိုင်းများကို သုံး၍ “လူရိုင်းများကို တိုက်ခြင်း” သည် ထိုစဉ်က တရုတ်တို့၏ ယုံကြည်ချက် ဖြစ်သည်။ ယနေ့ မြန်မာနယ်စပ် အနီးတွင် တိဘက်စစ်တပ်ကို နန်ချောင်-တရုတ်တပ်က အနိုင်ရသည်။ တိဘက်တပ်ထဲတွင် စမာကန်သားများ (Samarkand) ၊ အဘာဆစ်ပြည် (Abbasid) မှ အာရပ်များ၊ ဟာရူးအာလ်ရာရှစ် (Harun al-Rashid) ၏ နန်းတော် စသည့် ဝေးလံခေါင်ဖျားဒေသများမှ သုံ့ပန်းများ ပါဝင်ကြသည်။ ယူနန်ပြည် တောင်စောင်း တစ်နေရာတွင် ယင်းတို့ကို သံချပ်ဝတ်စုံ ၂ သောင်းနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။ ကျေးဇူး တုံ့ပြန်သောအားဖြင့် တရုတ်တို့သည် နန်ချောင်သံတမန်များကို ဂျပန်ထက်ပင် ပိုမို အဆင်မြင့်သော တိုင်းပြည်မှ ကိုယ်စားလှယ်တော်ကြီးများ အဖြစ် ဖိတ်ကြားဧည့်ခံခဲ့သည်။ အထူးဧည့်သည်တော်များကို တော်ဝင်စစ်ဆင်များဖြင့် ခရီးဦးကြိုဆိုပြီး အဖိုးတန် ရှားပါးလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထိုစဉ်က နန်ချောင်ပြည်မှာ အာဏာ အထွတ်အထိပ်သို့ ရောက်နေချိန် ဖြစ်သည်။ တောင်ဘက်မှ မြန်မာပြည်ထဲသို့ ကျူးကျော်ဝင်ရောက်လာကာ ဧရာဝတီမြစ်ဝှမ်းရှိ မြို့ရိုးများ ကာရံထားသော မြို့ငယ်များကို လုယက်တိုက်ခိုက်သည်။ ဘင်္ဂလားပင်လယ်အော် (Bay of Bengal) သဲသောင်ကမ်းစပ် အထိပင် ခြေဆန့်နိုင်ခဲ့နိုင်သည်။ မာနထောင်လွှားနိုင်သည့် ကာလတစ်ခုတွင် နန်ချောင်တို့သည် တရုတ်နှင့် သဘောတူညီထားမှုကို ဖောက်ဖျက်ကာ တရုတ်ပိုင်နက် ဟနွိုင်းမြို့ (Hanoi) ကိုပင် ဝင်တိုက်ခဲ့သေးသည်။ ထို့နောက် တောင်တန်းများကို ကျော်ဖြတ်ကာ စီချွမ်ပြည်နယ် (Sichuan) အတွင်းသို့ ရောက်ရှိလာပြီး ချန်ဒူးမြို့ (Chengdu) ကို သိမ်းယူဖျက်ဆီးပစ်သည်။ အားလုံးကို တာ့လီရှိ ကျားသားရေခြုံထားသည့် နန်ချောင်ဘုရင်က ပလ္လင်ပေါ်မှ အမိန့်ပေးနေခြင်း ဖြစ်သည်။ နန်ချောင်ဘုရင် ချုံသောသားရေသည် “အနီရောင်နှင့် အနက်ရောင် တောက်တောက် အစင်းကြား ဖြစ်ပြီး အမြင့်ဆုံး၊ အခေါင်ဆုံး တောတောင်များထဲရှိ အလှဆုံး ကျားများမှ ရခဲ့သည်။”

တဖြည်းဖြည်းနှင့် နန်ချောင်မင်းဆက် ပျက်ယွင်းသွားသည်။ အကြောင်းမှာ ပြင်ပဖိအားထက် ပြည်တွင်း ပဋိပက္ခများကြောင့် ဖြစ်သည်။ ၉၀၂ ခုနှစ်တွင် နန်းလုရာ တော်ဝင်မိသားစု တစ်ခုလုံး အသတ်ခံရသည်။ နောက်တက်လာသော အုပ်ချုပ်သူမှာ ယခင်ဘုရင်ထက် ပလွှားမှု မဆိုသလောက် နည်းသည်။ တာ့လီမြို့တော်တွင်ပင် ဆက်လက် နန်းစိုက်သည်။ ထိုအချိန်တွင် ဗုဒ္ဓဝါဒလည်း တိုင်းသူပြည်သားများ အကြား ပျံ့နှံ့နေပြီ ဖြစ်ရာ တာ့လီဘုရင်များသည် ဘာသာတရား ကိုင်းရှိုင်းသူများ အဖြစ် ကျော်ကြားလာသည်။ တာ့လီမြို့တော်မှာ ဗုဒ္ဓဘာသာ သင်ကြားလေ့လာရာ ဌာနကြီး ဖြစ်လာခဲ့သည်။ ထိုစဉ်က မြန်မာပြည်နှင့် နန်ချောင်ပြည် အကြား အဆက်အသွယ် ကောင်းနေပြီး တာ့လီပြည်၏ အရိပ်အောက်တွင် ပုဂံပြည်သစ် တစ်စစ ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်နိုင်ပါသည်။ ထို့အပြင် မြန်မာပြည်မှ တစ်ဆင့် အိန္ဒိယပြည်နှင့်လည်း အဆက်အသွယ် ရှိနိုင်ဖွယ်ရာ ရှိသည်။ ထိုစဥ်က အိန္ဒိယပြည်ကို မူဆလင်တို့ မကျူးကျော်ရသေးဘဲ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်သော ပြည်ထောင်များ အဖြစ် ရှိနေဆဲ ဖြစ်သည်။။

တာ့လီဘုရင်များက တိုင်းပြည်ကို ဂန္ဓာရတိုင်းဟု မှည့်တွင်ခေါ်ဆိုသည်။ ယနေ့ အာဖဂန်နစ္စတန်နိုင်ငံ (Afghanistan) ရှိ ကန်ဒဟာဒေသ (Kandahar) နှင့် စကားလုံး တစ်ခုတည်း ဖြစ်သည်။ ယူနန်ပြည်ကို မြန်မာတို့က ယနေ့တိုင် စာပေကျမ်းဂန်များတွင် ဂန္ဓာရတိုင်းဟု ဖော်ပြကြသည်။ ဂန္ဓာရတိုင်းသည် မဟာအလက်ဇန္ဒားဘုရင် (Alexander the Great) လက်ထက်က ယနေ့ခေတ် ပါကစ္စတန်နိုင်ငံ (Pakistan) နှင့် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ကြားတွင် တည်ရှိခဲ့သော ဒဏ္ဍာရီလာ ဗုဒ္ဓဘာသာ နယ်မြေတစ်ခု ဖြစ်သည်။ ခက်ခဲနက်နဲသော ပညာရပ်များ ပေါ်ပေါက်ရာ၊ ပညာရှိများ အုပ်ချုပ်ရာ၊ ဘာသာတရား ကိုင်းရှိုင်းသူများ နေထိုင်ရာ၊ အေးချမ်းသာယာသော တိုင်းပြည် အဖြစ် ကျော်ကြားခဲ့သည်။ တာ့လီဘုရင်တို့သည် မိမိကိုယ်ကို ဘီစီ ၃ ရာစုနှစ်တွင် အုပ်စိုးခဲ့သော ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်သည့် အိန္ဒိယဘုရင် အသောကမင်းကြီး (Asoka) ၏ သားစဉ်မြေးဆက် အဖြစ် မှတ်ယူထားကြသည်။ အိန္ဒိယပြည် အလယ်ပိုင်းဒေသမှ သီဟိုဠ်ပြည် (Ceylon) နှင့် ဗီယက်နမ်ပြည် (Vietnam) အထိ ဗုဒ္ဓဘာသာနိုင်ငံများ၏ ညီနောင်သားချင်း နိုင်ငံ အဖြစ် မိမိဘာသာ သတ်မှတ်ထားကြသည်။

တာ့လီမြို့တော်ကို တစ်ချိန်က ဗုဒ္ဓ သီတင်းသုံးခဲ့သော ဘာသာရေးဆိုင်ရာ ဗဟိုဌာန တစ်ဖြစ်လဲ စီးပွားရေး အချက်အချာ ကျသည့် မိတ္ထီလာပြည် (Mithila) သဖွယ် ပုံဖော်လိုသည်။ မိတ္ထီလာပြည်သည် ရှေးခေတ် အိန္ဒိယကမ္ဘာ၏ နယူးယောက်မြို့ (New York) ဟုပင် တင်စားခေါ်ဝေါ်နိုင်သည်။ “ရိက္ခာရုံများတွင် အစားအသောက်များ ပြည့်လျှံကာ၊ ကချေသည် တစ်သောင်းခြောက်ထောင် ရှိ၍ ဘဏ္ဍာတိုက်တွင် ရတနာများ ပြည့်လျှံနေသော” ဒေသ ဖြစ်သည်။ တာ့လီကန်တော်ကြီး၏ တစ်ဖက်ကမ်းရှိ ဂူကို ကုက္ကုဋပါဒဂူ (Kukkutapada cave, မူရင်းဂူမှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ရှိသည်) ဟု ခေါ်တွင်ကာ ထိုဂူထဲတွင် မဟာကဿပ ရဟန်းတော်သည် နောင်ပွင့်လတ္တံသော ဗုဒ္ဓကို ဖူးမျှော်ရန် စောင့်ဆိုင်းနေသည်ဟု ယုံကြည်ကြသည်။ ဂူအနီးတွင် ဗုဒ္ဓ၏ မဟာသာဝက ဖြစ်သော အရှင်အာနန္ဒာ၏ ဓာတ်တော်များ ဌာပနာထားသည့် စေတီတစ်ဆူ ရှိသည်ဟု ဆိုသည်။ ပိပလ္လဂူ (Pippala cave) သည်လည်း ပထမ သင်္ဂါယနာတင်သည့်ဂူဟုလည်း ဆိုကြသည်။ ဤသို့ဖြင့် တာ့လီသည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်လာသည်။ မြန်မာပြည်၏ နောက်ပိုင်းဘုရင်များကဲ့သို့ တာ့လီဘုရင်များသည်လည်း အထင်ကရ အိန္ဒိယမျိုးနွယ်ဆက်၊ အိန္ဒိယဧကရာဇ် အသောကမင်း၏ အနွယ်တော်များဟု အမည်ခံလိုသည်။ ပါရှန်း (Persian) ပညာရှိ ရာရှစ်အယ်လ်ဒင် (Rashid al-Din) က ဂန္ဓာရမင်းသည် သူ့ကိုယ်သူ မဟာရာဇာဟု သုံးနှုန်းကြောင်း ရေးသားခဲ့သည်။

ဗုဒ္ဓဂိုဏ်းပေါင်းစုံသည် ဤနေရာတွင် ထွန်းကားခဲ့သည်။ ဂျပန်တို့က ဇင်ဗုဒ္ဓဝါဒ (Zen Buddhism)ဟု ခေါ်ဝေါ်သည့် ချန်းဗုဒ္ဓဝါဒ (Chan Buddhism) မှာ ဤဒေသတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ဇင်ဘာသာဂိုဏ်းခွဲသည် ၇ ရာစုတွင် တရုတ်ဗုဒ္ဓဘာသာ လောက၌ စတင်လာခဲ့သည်။ ကျောင်းတော် အမျိုးမျိုးမှ စာပေများ၊ ဍီကာများ၊ အဘိဓမ္မာများ၊ ပုံတော်များနှင့် ကျင့်စဥ်များ မဆုံးနိုင်အောင် ပေါ်လာသောအခါ ဒုက္ခချုပ်ငြိမ်းရာသို့ လက်တွေ့ကျကျ ကျင့်ကြံနိုင်ရန် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဇင်ဘာသာဝင်တို့က လူသာမန်တို့ နားမလည်နိုင်စရာ ပညာရှိနည်းဖြင့် ပြောဆိုခြင်း၊ စနစ်ကို အလေးအနက်ပြုခြင်းများကို မနှစ်သက်ဘဲ ရေးသား မှတ်တမ်းတင်ခြင်းကိုလည်း ပြုလေ့ မရှိကြ။ ပဟေဠိဆန်သည့် သြဝါဒများ၊ ဆုံးမစကားများ အပြင် ဆန်းကျယ်သော ကျင့်စဥ်များက ၎င်းတို့၏ သင်္ကေတသဖွယ် ဖြစ်လာသည်။ နောက်ပိုင်းတွင် ဘင်္ဂလားပြည်နှင့် တိဘက်ပြည်မှ ဝင်ရောက်လာသော တန္တရဗုဒ္ဓဘာသာ (Tantric Buddhism) ကို ယုံကြည်ကိုးကွယ်သူ ပိုများလာခဲ့သည်။ သူတို့၏ ခေါင်းဆောင်များသည် ယောဂကျင့်စဉ်များကို ကျင့်ကြံကာ ထူးဆန်းသော တန်ခိုးစွမ်းအင်ကို လိုက်စားကြသည်။ မြန်မာပြည်တွင် ယင်းတို့ကို အရည်းကြီးဟု ခေါ်ကာ သူတို့၏ မူမမှန်သော ကျင့်စဉ်များနှင့် ပန်းဦးလွှတ်သော အလေ့အထများကို လူသိများသည်။

ရှေးခေတ် ယူနန်ပြည်ကား အတွေးအခေါ်ရော လှုံ့ဆော်မှုများတွင်ပါ ကွဲပြားခြားနားစွာ ပေါ်ထွန်းခဲ့သည့် ဒေသ၊ တရုတ်ပြည်နှင့် အိန္ဒိယပြည် အကြား အချိတ်အဆက်အဖြစ် ရပ်တည်ခဲ့သော တိုင်းပြည်တစ်ခု ဖြစ်ခဲ့လေသည်။

~ သန့်မြင့်ဦး၏ Where China meets India စာအုပ်မှ ကောက်နှုတ်ပါသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်