၂၆ ဒီဇင်ဘာ ၁၈၇၂
၁၈၇၂ ခုနှစ် ပန်းသေးတော်လှန်ရေး
room China
people King Mindon Du Wenxiu
၁၈၇၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တာ့လီပြည်ကို ပြန်လည်သိမ်းပိုက်နိုင်လိုက်ပြီး ပန်းသေးလူမျိုးတို့၏ ခေါင်းဆောင် ဒူဝမ်ရှု (Du Wenxiu) ကို ဖမ်းဆီးရမိသောကြောင့် ဆယ့်ခြောက်နှစ်တာ ကြာမြင့်ခဲ့သော ပန်းသေးတော်လှန်ရေး အဆုံးသတ်သွားခဲ့သည်။ အဖမ်းခံရသောအခါ ဒူဝမ်ရှုသည် ဘိန်းအလွန်အကျွံ သောက်သုံးခဲ့သော်လည်း သူ့အား ခေါင်းဖြတ်စီရင်လိုက်ကြသည်။ ထို့နောက် ဦးခေါင်းကို ပျားရည်တွင် စိမ်ကာ ဧကရာဇ်ထံသို့ လက်ဆောင် အဖြစ် ဆက်သခဲ့သည်။ ပန်းသေးလူမျိုး ထောင်သောင်းချီ အသတ်ခံခဲ့ရသလို တော်လှန်ရေး အတွင်း သေဆုံးသူ အရေအတွက် သိန်းနှင့်ချီ ရှိနိုင်ပေသည်။ ရှမ်းပြည်နှင့် မန္တလေးမြို့သို့ ပန်းသေးလူမျိုး ထောင်ချီကာ ပြောင်းရွှေ့ခိုလှုံခဲ့ကြပြီး ထိုနေရာတွင် သူတို့၏သားစဉ်မြေးဆက်များ ယနေ့တိုင် ဆက်လက်နေထိုင်ဆဲ ဖြစ်သည်။
၁၈၇၂ ခုနှစ်က ၁၆နှစ်တာ သက်တမ်းရှိသည့် ပန်းသေးတော်လှန်ရေးကို အဆုံးသတ်သွားစေပြီး မန်ချူးတရုတ်တို့ တာလီပြည်ကို ပြန်သိမ်းနိုင်ခဲ့သည့် နောက်ဆုံးတိုက်ပွဲ။
၁၉ ရာစု အလယ်ပိုင်းကာလက ယူနန်ပြည်၌ လူမျိုးကြီးသုံးစု အခြေချ နေထိုင်ခဲ့သည်။ အိဘာသာစကား (Yi - မြန်မာဘာသာနှင့် ဆင်တူသော ဘာသာစကားတစ်မျိုး) အသုံးပြုသော ဒေသခံလူမျိုးစုများ၊ ၁၃ ရာစုတုန်းက မွန်ဂိုတို့ အာရှတိုက် အလယ်ပိုင်းသို့ ခေါ်ဆောင်လာသော တာ့ခ်လူမျိုး (Turkish) စစ်သားများနှင့် အရာရှိများမှ ဆင်းသက်လာသည့် ဟွေ့ (Hui) ဟုခေါ်သော ပန်းသေးမူဆလင်များနှင့် ဟန်တရုတ် ရွှေ့ပြောင်းအခြေချ နေထိုင်သူများ ဖြစ်ကြသည်။ တရုတ်များကို မြန်မာဘာသာဖြင့် တရုတ် ဟု ခေါ်ဆိုခြင်း၏ မူလအစသည် ထိုတာ့ခ်လူမျိုးများကို ဆိုလိုဟန် ရှိသည်။
ပန်းသေးတော်လှန်ရေးသည် ဘေကျင်းမြို့ (Beijing) ရှိ တရုတ်နှင့် မန်ချူးအုပ်ချုပ်သူတို့ကို ပန်းသေးလူမျိုးများက တော်လှန်ခြင်း ဖြစ်သည်။ ဒူဝမ်ရှုသည် သူ့ကိုယ်သူ "တာ့လီစူလတန်" (Sultan of Dali) ဟု ဘွဲ့ပေးပြီး သူ့အား အသိအမှတ် ပြုရန် လန်ဒန်မြို့သို့ပင် သံအဖွဲ့များ စေလွှတ်ကာ တောင်းဆိုခဲ့သေးသည်။ ထိုအချိန်သည် မန်ချူးတို့ကို ဆန့်ကျင်ပုန်ကန်သည့် ပိုမိုကြီးမားသော တိုင်ပေတော်လှန်ရေး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ မင်းတုန်းမင်းသည် ပန်းသေးလူမျိုးများ အပေါ် ကရုဏာ သက်မိသော်လည်း တရုတ်တို့ကို စိုးရွံ့မိသဖြင့် ဒူဝမ်ရှုကို မည်သည့် အထောက်အပံ့မှ မပေးခဲ့ချေ။ ယူနန်ပြည်နှင့် မြန်မာပြည်အကြား ကုန်သွယ်မှု ပြိုပျက်သွားခြင်းသည် မြန်မာ့စီးပွားရေးကို ကြီးစွာ အထိနာစေခဲ့ပြီး ၁၈၈၀ ပြည့်နှစ်များတွင် တိုင်းပြည်ပြိုလဲသွားရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်နိုင်သည်။ ဤသည်မှာ တရုတ်နိုင်ငံမှ ဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးကို လွယ်လင့်တကူ သက်ရောက်နိုင်မှု ရှိပုံ အကြောင်း သင်ခန်းစာ တစ်ခုပင် ဖြစ်သည်။