အမေ့ခံအတိတ်
အမေ့ခံအတိတ်
သမ္မတဟောင်းဂရန့်၏ ရန်ကုန်ခရီးစဉ်
event_note ခေတ်ကာလများပြပုံ

၂၀ မတ် ၁၈၇၉

သမ္မတဟောင်းဂရန့်၏ ရန်ကုန်ခရီးစဉ်

room United States

Read in English

၁၈၇၉ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အမေရိကန် သမ္မတဟောင်း၊ အမေရိကန် ပြည်တွင်းစစ် ကာလအတွင်း ပြည်ထောင်စုတပ်များ၏ တပ်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ  ယူလစ်ဆီဂရန့် (Ulysses Grant) သည် ရန်ကုန်မြို့သို့ ခေတ္တခဏ လည်ပတ်ရန် ရောက်ရှိလာခဲ့သည်။ သူသည် ၁၈၇၇ ခုနှစ်တွင် သမ္မတ အဖြစ်မှ အနားယူပြီးနောက် ကမ္ဘာပတ် ခရီးလှည့်လည်ရာမှ ရောက်ရှိလာခြင်း ဖြစ်သည်။

သမ္မတဟောင်းဂရန့် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်သည့် အချိန်တွင် အောက်မြန်မာပြည်မှာ ဗြိတိသျှအိန္ဒိယ အပိုင် ဖြစ်နေခဲ့ပြီး အထက်မြန်မာပြည်မှာမူ မန်းနေပြည်တော်ရှိ မြန်မာဘုရင်၏ လက်အောက်တွင် ရှိနေဆဲ ဖြစ်သည်။ ထိုကာလက ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာပြည် အပါအဝင် ကမ္ဘာအနှံ့အပြားတွင် မိုးခေါင်ရေရှားမှုနှင့် ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပွားနေခဲ့သည်။ ထိုမိုးခေါင်မှုဒဏ်နှင့် အငတ်ဘေးတို့၏ ရလဒ်များအဖြစ် အထက်မြန်မာပြည်တွင် နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပွားလာကာ မန်းနေပြည်တော်ရှိ ဘုရင်ကို ပုန်ကန်တော်လှန်များ ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် အထက်မြန်မာပြည်မှ အောက်မြန်မာပြည်သို့ ရွှေ့ပြောင်းအခြေချသူများ အမြောက်အမြား ရှိလာခဲ့သည်။ နောင်နှစ်အနည်းငယ် အကြာတွင် ကိုလိုနီနယ်ချဲ့တို့ ကျူးကျော်ဝင်ရောက်လာရန် အကြောင်းဖန်ပေးလျက်ရှိနေလေသည်။ 

ယူလစ်ဆီ ဂရန့်သည် အာဖရိကန်-အမေရိကန်လူမျိုးတို့ ကျွန်အဖြစ်မှ လွတ်မြောက်ပြီးနောက် မဲပေးနိုင်သော အခွင့်အရေး ရရှိခဲ့သည့် အမေရိကန်ပြည်ထောင်စု “ပြန်လည်ဖွဲ့စည်းတည်ဆောက်ရေး” ကာလ အတွင်း သမ္မတ ဖြစ်ခဲ့သည်။ သမ္မတဂရန့်နှင့် မိသားစုကို (ယခု ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သော) အစိုးရအိမ်တော်တွင် ဖျော်ဖြေဧည့်ခံကြသည်။ ထိုအခမ်းအနားတွင် ကော်မရှင်နာမင်းကြီး အိတ်ချ်တီဝွိုက် (H. T. White) နှင့် သမ္မတဂရန့်တို့ နှစ်ဦးသည် “ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး ပြဌာန်းရန်” အင်္ဂလို-ဆက်ဆွန် (Anglo-Saxon) နိုင်ငံပေါင်းချုပ် ဖွဲ့စည်းနိုင်မည့် အနာဂတ် အခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။ 

သမ္မတဂရန့်က  မြန်မာပြည်သည် အိန္ဒိယပြည်ထက် များစွာ ပိုမို သာယာဝပြောပြီး ပြည်သူပြည်သားများမှာလည်း တစ်ယူသန်ခြင်း နည်းကာ လွတ်လပ်သော အတွေးအခေါ်များ ရှိသည်ဟု မြင်ခဲ့သည်။ ရန်ကုန်မြို့ကို အတော်ပင် သဘောကျခဲ့ပြီး အာရှတိုက်၏ အကြီးဆုံးသော၊ အရေးပါဆုံးသော မြို့ပြများထဲမှ တစ်ခု ဖြစ်လာလိမ့်မည်ဟု မှန်းချက်ထုတ်ခဲ့သည်။

မြန်မာပြည်သို့ လာရောက်ခဲ့ဖူးသော အမေရိကန် ပြည်ထောင်စု သမ္မတ ငါး ဦးသာ ရှိပါသည်။ ယူလစ်ဆီဂရန့်၊ (မေမြို့တွင် နေခဲ့ဖူးသော) ဟားဘတ်ဟူးဗား (Herbert Hoover)၊ (နှစ်ကြိမ် လာရောက်ခဲ့ဖူးသော) ရစ်ချတ်နစ်ဆင် (Richard Nixon)၊ (၂၀၁၃ ခုနှစ်က လာရောက်ခဲ့သော) ဂျင်မီကာတာ (Jimmy Carter) နှင့် ဘားရက်အိုဘားမား (Barack Obama) တို့ဖြစ်သည်။ (အိုဘားမား တစ်ဦးသာလျှင် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်စဉ် လာရောက်ခဲ့ခြင်း ဖြစ်သည်။) 

ဖော်ပြပါပုံမှာ သမ္မတဂရန့်က ပြည်ထောင်စုတပ် ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ယူစဉ်တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။ ရန်ကုန်မြို့သို့ လာရောက်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံများ ရှိ၊ မရှိကိုတော့ ယနေ့ထိ မသိရသေးပေ။  

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်