သတိုးမဟာဗန္ဓုလ၏ သားဖြစ်သူ၊ မြန်မာတပ်များကို ဦးစီးသော ဒီပဲယင်းမြို့စား မောင်ကြီး၏ ရေဆေးပုံတူ။
၁၈၅၂ - ၂၀ ဒီဇင်ဘာ ၁၈၅၂
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ
၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် ဖြစ်သည်။ ပထမစစ်ပွဲထက် စစ်တိုက်ချိန် တိုတောင်းသော်လည်း ဗြိတိသျှတို့ တစ်ဖက်သတ် နိုင်ရ၍ မြန်မာ့ပိုင်နက်နယ်မြေများ ထပ်မံဆုံးရှုံးရသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်မှာ မြန်မာတို့၏ ရန်လိုကျူးကျော်မှုနှင့် ဗြိတိသျှတို့၏ နယ်မြေချဲ့ထွင်မှုကြောင့် ဖြစ်ခဲ့ရသော်လည်း ယခုစစ်မှာ ထိုစဥ်က ဗြိတိသျှ အိန္ဒိယပြည်၏ မြို့တော် ကာလကတ္တားမြို့ (Calcutta) ရှိ ဗြိတိသျှအုပ်ချုပ်သူများ၏ အပြစ်သက်သက်သာ ဖြစ်သည်။
ရန်ကုန်မြို့ဝန်က အခွန်ရှောင်သည်ဟု သံသယ ရှိသည့် ဗြိတိသျှ သင်္ဘောကပ္ပတိန် နှစ်ဦးကို ဒဏ်ငွေရိုက်ရာမှ စတင်ခဲ့သည်။ ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ် ဒါလဟိုဇီနယ်စား (Lord Dalhousie) က မြန်မာအစိုးရ အနေနှင့် တောင်းဆိုထားသော လျော်ကြေးငွေကို ပြန်ပေးရန်နှင့် စွပ်စွဲသူ ရန်ကုန်မြို့ဝန်အား ရာထူးမှ ဖြုတ်ပစ်ရန် တောင်းဆိုသည်။ နောက်ဆက်တွဲ ပြဿနာကို ကြိုမြင်ထားသဖြင့် မြန်မာတို့က တောင်းဆိုချက်များကို ချက်ချင်းပင် လိုက်လျောခဲ့သည်။ မြန်မာတို့ဘက်က မည်သို့မျှ ဖောက်ဖျက်ခြင်း မရှိသော်လည်း တာဝန်ပေးအပ်ခံရသည့် ဗြိတိသျှ ရေတပ်ဗိုလ်မှူးချုပ် ဂျော့လမ်းဘတ် (Commodore George Lambert - ပေါက်ကွဲတတ်သည့် ဗိုလ်မှူးချုပ်) သည် မလိုအပ်ပါဘဲ မြစ်ဝ၌ စစ်သင်္ဘောများကို ကျောက်ချပိတ်ဆို့ထားလိုက်သည်။ ဒါလဟိုဇီနယ်စားမှာ လမ်းဘတ်ကို စိတ်ဆိုးသည့်တိုင် မကြာမီ စစ်ဖြစ်ရမည့် အတူတူ လျော်ကြေး ရူပီတစ်သန်း တောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ဗြိတိသျှတို့ စစ်ဖြစ်မည်ဟု ယူဆကာ ခန့်မှန်းချေ စစ်ပြင်ဆင်စရိတ် ဖြစ်သည်။ နောက်ဆုံးတွင် မြန်မာတို့ဘက်မှ အကြောင်းပြန်ကြားချက်ကို မစောင့်ဘဲ ဗြိတိသျှတို့က ရန်ကုန်မြို့နှင့် အခြား မြန်မာပြည်တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့များကို သိမ်းပိုက်ခဲ့သည်။ ထိုစစ်ပွဲသည် ဂါနက်ဝိုလ်စ်လေ (Garnet Wolseley - နောင်တွင် ထိပ်တန်းအရာရှိ ဝိုလ်စ်လေနယ်စား ဖြစ်လာသူ) ၏ ပထမဆုံးစစ်ပွဲ ဖြစ်သည်။ နောင်အခါ သူသည် အိန္ဒိယပြည်အစ ကနေဒါနိုင်ငံ၊ အာဖရိကနိုင်ငံ၊ အီဂျစ်နိုင်ငံများတွင် ဖြစ်သည့် တိုက်ပွဲများစွာတွင် လက်စွမ်းပြနိုင်ခဲ့သည်။
မြန်မာတို့မှာ မလိုလားသောစစ်ကို အဆင်သင့် ပြင်ဆင်ထားခြင်းလည်း မရှိဘဲ ဆင်နွှဲရတော့လေသည်။ မြန်မာမင်း၏ တပ်များကို စစ်သူကြီး မဟာဗန္ဓုလ၏ သား၊ စစ်သည်ကောင်း တစ်ဦး ဖြစ်သော ဒီပယင်းစားက ဦးဆောင်သည်။ ပဲခူးမြို့တွင် အပြင်းအထန် ခုခံပါသော်လည်း ဗြိတိသျှတို့ဘက်တွင် နှစ်ပေါင်း ၃၀ ကျော်ခန့် နည်းပညာ တိုးတက်မှု သာလွန်နေခြင်းနှင့် မြန်မာတို့ဘက်တွင် တိုးတက်မှု နည်းပါးခြင်းကြောင့် ခုခံနေရသော်လည်း မျှော်လင့်ချက် မရှိလှပေ။
စစ်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အမရပူရနေပြည်တော်၌ လက်ရှိဘုရင် (ပုဂံမင်း) ကို ဖြုတ်ချကာ မင်းတုန်းမင်းသားက ထီးနန်းသိမ်းသည့် နန်းတွင်း အရေးတော်ပုံ ဖြစ်ပွားမှသာ စစ်ပွဲ ရပ်တန့်သွားသည်။ မင်းတုန်းမင်းသားမှာ လက်ရှိဘုရင်၏ ဖအေတူ မအေကွဲ ညီတော် ဖြစ်ပြီး မန္တလေးမြို့တော်ကို တည်ထောင်သူ ဖြစ်သည်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကြောင့် အကျဉ်းအကျပ် ဖြစ်နေချိန်၊ စစ်ရေးရှုံးနိမ့်မှုကို တစ်ဖန် ရင်ဆိုင်ရတော့မည့် ကာလ ဖြစ်နေသဖြင့် အဖြစ်မှန်ကို သိမြင်ရင်ဆိုင်လိုသူတို့က စုပေါင်းကာ သက်တော် ၃၉ နှစ် ရှိ မင်းသားကို ဝန်းရံကြသည်။ လက်ရှိ တိုင်းရေးပြည်ရာကို ချုပ်ကိုင်စီမံနေသည့် ရှေးရိုးစွဲ စစ်လိုလားသောအုပ်စုက မင်းသားကို မလိုမုန်းပွား အငြိုးထားကြသည်။ သို့နှင့် ကောလဟာလများ ပျံ့နှံ့လာသည်။ ဗြိတိသျှတပ်များ မြောက်ဘက်သို့ ချီတက်လာချိန်တွင် မင်းတုန်းမင်းသားသည် ဇာတိမြေ ဖြစ်သည့် ရွှေဘိုမြို့သို့ ထွက်စံကာ အတိအလင်း ပုန်ကန်မှုကို စတင်ခဲ့သည်။
မင်းတုန်းမင်းသားနှင့်အတူ ညီတော် ကနောင်မင်းသား၊ နောက်လိုက်နောက်ပါ လက်နက်ကိုင် အမြောက်အများ လိုက်ပါသွားခဲ့ကြသည်။ အချိန်တိုအတွင်းတွင် လူသစ် အများအပြားကိုလည်း စည်းရုံးနိုင်ခဲ့သည်။ မကြာမီ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ၎င်းတို့ကို လာရောက်တိုက်ခိုက်သည့် ဘုရင့်သစ္စာခံတပ်များကို ချေမှုန်းနိုင်ခဲ့သည်။ နိုဝင်ဘာလ၏ ကြည်လင်သော အလင်းရောင်အောက်၌ တပ်ဦးတွင် အလံတလူလူ လွှင့်ကာ စိမ်းပြာညိုမှောင်သော တောင်တန်းများ နောက်ခံနှင့် အမရပူရမြို့ ဆင်ခြေဖုံးသို့ မင်းတုန်းမင်း၏ တပ်များ ချီတက်ရောက်ရှိလာသောအခါ သွေးထွက်သံယို မဖြစ်စေလိုသည့် မှုးမတ်များ ဘက်ပြောင်းခိုဝင်လာကြသည်။ နန်းတွင်းမှ သြဇာအရှိဆုံး ဝန်ကြီးများ ဖြစ်သော ကျောက်မော်မြို့စား ဝန်ကြီးနှင့် ရေနံချောင်းဝန်ကြီးတို့က နန်းစောင့်တပ်များကို အသာတကြည် ရှောင်လွှဲရန် ဖျောင်းဖျနိုင်ခဲ့သည်။ မြို့တံခါးကို ဖွင့်ပေးသည့်အတွက် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ အတားအဆီးမရှိ ပြည်တော်ဝင်နိုင်ခဲ့သည်။ ဤသည်မှာ အာဏာသိမ်းမှု တစ်ခုထက် ပိုသည်။ မျိုးဆက်သစ်တစ်ခု အပြည့်အ၀ အာဏာရခြင်း ဖြစ်ပေသည်။
၁၈၅၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီသည် မြန်မာဘုရင်၏ တပ်များကို ချေမှုန်းကာ ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ကို အိန္ဒိယအင်ပါယာထဲသို့ သွတ်သွင်းနိုင်ခဲ့သည်။
~သန့်မြင့်ဦး၏ ‘The River of Lost Footsteps’ စာအုပ်မှ ကောက်နှုတ်ပါသည်။
ပုံမှာ မော်လမြိုင်တွင် ဗြိတိသျှတပ်များက စစ်ဆင်များကို စုရုံးနေပုံ ဖြစ်သည်။