အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်ရှိ အာမေးနီးယန်းလူမျိုးများ

1610s

မြန်မာပြည်ရှိ အာမေးနီးယန်းလူမျိုးများ

လူသိနည်းလှသော်လည်း စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည့် မြန်မာနိုင်ငံရှိ လူနည်းစုအုပ်စုထဲတွင် အာမေးနီးယန်းလူမျိုးများ အပါအဝင်ဖြစ်သည်။ အဆိုပါလူမျိုးများသည် ၁၆၁၀ ပြည့်နှစ်ခန့်ကတည်းက စောစီးစွာ ပါရှားမှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ အခြေစိုက်နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ပထမဦးဆုံးသော အာမေးနီယန်းအုတ်ဂူများတွင် ၁၇၂၅ ခုနှစ်ဟု ရက်စွဲတပ်ထားသည်ကို တွေ့ရသည်။ အင်းဝနန်းတော်တွင် အာမေးနီးယန်း-မြန်မာလူမျိုး ရာနှင့်ချီကာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမရပူရ၊ မန္တလေး၊ ရန်ကုန်နှင့် နေရာအနှံ့အပြားတွင် စီးပွားရေးလုပ်ငန်းရှင်များအဖြစ် အသက်မွေးခဲ့ကြလေသည်။ စထရန်းဟိုတယ်ကို (စင်ကာပူရှိ ရက်ဖဲလ်စ်ဟိုတယ်ကို ဆောက်လုပ်ခဲ့သူလည်းဖြစ်သည့်) အာမေးနီးယန်းလူမျိုး ဆာကီးစ် (Sarkies) ညီအစ်ကိုက တည်ဆောက်ခဲ့သည်။ အာမေးနီးယန်း-မြန်မာလူမျိုး (ပီတာအာရတွန်း Peter Aratoon) အမည်ရှိပုဂ္ဂိုလ်သည် (ဘားလမ်းရှိ) ဆေးလ်ဗား ဂရေးလ် (Silver Grill) နိုက်ကလပ် သာမက (ဘဏ်လမ်း၌ ယနေ့တိုင်တည်ရှိနေဆဲ) ခန့်ညားထည်ဝါသော ဘယ်လ်သာဇာ (Balthazar) အဆောက်အဦကို ပိုင်ဆိုင်ခဲ့လေသည်။ ကုန်သည်လမ်းနှင့် လမ်း ၄၀ ထောင့်တွင် စိန်ဂျွန်း အာမေးနီးယန်း နှစ်ခြင်းခရစ်ယာန်ကျောင်း တည်ရှိပြီး မကြာသေးမီက အသစ်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ယင်းဘုရားကျောင်းကို မင်းတုန်းမင်းကြီးမှ အာမေးနီးယန်း-မြန်မာလူမျိုးစုအတွက် လှူဒါန်းထားသော မြေနေရာပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ များစွာသော အာမေးနီးယန်း-မြန်မာများသည် မြန်မာမင်းများ လက်အောက်တွင် သံတမန်များ၊ အခွန်အရာရှိများ၊ ဘာသာပြန်များစသည့် အဆင့်မြင့်ရာထူးနေရာများ၌ တာဝန်ထမ်းဆောင်ခဲ့ကြရာ ဗြိတိသျှဆန့်ကျင်သူများအဖြစ် ဗြိတိသျှတို့၏ မုန်းတီးခြင်းကို ခံခဲ့ကြရသည်။ အာမေးနီးယန်း-မြန်မာလူမျိုးများထဲမှ နာမည်အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဒိုင်ယာနာအပ်ကာ (Diana Apcar) ဖြစ်သည်။ ၁၈၅၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် ဖွားမြင်ပြီး ပထမကမ္ဘာစစ်နောက်ပိုင်း လွတ်လပ်သော အာမေးနီးယား၏ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာခဲ့သည်။ သူမ၏ အံသြဖွယ်ရာဘဝအကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးလျက်ရှိသည်။ (http://dianaapcar.org) ဤသည်မှာ မင်းတုန်းမင်းလက်ထက် မလွန်မြို့ဝန်အဖြစ် တာဝန်ထမ်းခဲ့သော မစ္စတာ မက်ကာတစ်ချ်ဂျေမိုင်းန်စ် (Makertich J Mines) ၏ ဓာတ်ပုံဖြစ်သည်။ သွေးမနှောသည့် အာမေးနီးယန်း-မြန်မာလူမျိုး အစစ် မစ္စတာ မာတင် (မာတီရိုစီယန် Martirossian)သည် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပြီး နှစ်ပေါင်း ၄၀၀ တိုင် တည်ရှိခဲ့သော စိတ်ဝင်စားဖွယ်ရာ လူမျိုးစုတစ်စု မျိုးဆက်ပျောက်ကွယ်ခဲ့လေသည်။ 


အလယ်ခေတ်နှင့် ခေတ်သစ်ဦးကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွှယ်မှုများ (၉၀၀မှ ၁၈၂၄ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်