၁၉၅၃ ခုနှစ် ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် ဒုသမ္မတ ရစ်ချတ်နစ်ဆင်နှင့် သမ္မတကတော်တို့အား သမ္မတကြီး ဦးဘဦးနှင့်အတူ တွေ့ရစဉ်။
၁၉၅၂ ခုနှစ်၀န်းကျင် မြန်မာပြည်အရှေ့ပိုင်းတစ်နေရာတွင် တရုတ်အမျိုးသားတပ်စုများကို တွေ့ရစဉ်။
၁၉၆၀ ပြည့်နှစ် ပေကျင်း၌ ဝန်ကြီးချုပ် ဉီးနုနှင့် ဥက္ကဌကြီး မော်စီတုန်း။
၁၉၆၆ ခုနှစ်တွင် အိမ်ဖြူတော်၌ ဗိုလ်ချုပ်နေဝင်းနှင့် သမ္မတ လင်ဒန်ဂျွန်ဆန်။
၁၉၇၅ ခုနှစ်ဝန်းကျင် ပန်ဆိုင်းရှိ ဗမာ့ကွန်မြူနစ်ပါတီ။
၁၉၄၆ - ၁၉၈၉
မြန်မာပြည်ရှိ စစ်အေးတိုက်ပွဲ အကြွင်းအကျန်များ
အတိတ်တစ်ကျော့ ပြန်လေလား?
မြန်မာနိုင်ငံသည် စစ်အေးတိုက်ပွဲ အစောပိုင်းနှစ်များတွင် လွတ်လပ်ရေး ရသည်။ ၁၉၄၆ ခုနှစ်တွင် ဗြိတိသျှတို့သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှအစိုးရက ရှမ်းစော်ဘွားများနှင့် အခြားသော လူမျိုးစု ခေါင်းဆောင်များကို ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်၌ ပေါင်းစည်း ပါဝင်ရန် တိုက်တွန်းသည်။ တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေသည့် မြန်မာနိုင်ငံကသာ ကျူးကျော်လာနိုင်သော ကွန်မြူနစ်တို့၏ ရန်စွယ်ကို ပို၍ ကြံ့ကြံ့ခံနိုင်မည်ဟု ၎င်းတို့က မျှော်လင့်ခဲ့ကြသည်။ ၁၉၄၉ နှစ်ကုန်ပိုင်းတွင် မော်စီတုန်း (Mao Zedong) လက်အောက်ရှိ ကွန်မြူနစ်များ အနိုင်ရကာ တရုတ်ပြည်တွင်းစစ် အဆုံးသတ်သွားသည်။ တစ်ချိန်တည်းမှာပင် ဆိုဗီယက်ပြည်ထောင်စု (Soviet Union) ၏ အားပေးအားမြှောက်မှုဖြင့် ဗမာ့ကွန်မြူနစ်ပါတီက မြန်မာအစိုးရသစ်ကို ပုန်ကန်တော်လှန်မှု စတင်ပြီး မန္တလေးမြို့နှင့် နိုင်ငံတစ်ဝှမ်းရှိ မြို့ငယ်များကို သိမ်းပိုက်လိုက်သည်။
ထိုအချိန်က မြန်မာနိုင်ငံမှာ အနောက်နိုင်ငံများနှင့် အတော် နီးစပ်သည့် အနေအထားတွင် ရှိခဲ့သည်။ အင်္ဂလန်နိုင်ငံ (United Kingdom) နှင့် အခြား ဓနသဟာယ အဖွဲ့ဝင် နိုင်ငံများက လက်နက်များ၊ အကြံပေးများ စသည့် စစ်ဘက်အကူအညီများကို လေကြောင်းဖြင့် ပေးပို့ထောက်ပံ့သည်။ (စတာလင်နယ်ထဲတွင် မြန်မာနိုင်ငံ ပါဝင်သေးချိန် ဖြစ်သည်။ စတာလင်နယ် ဆိုသည်မှာ ဗြိတိသျှတို့၏ ငွေကြေး ပေါင်စတာလင် (Pound sterling) ကို နိုင်ငံ၏ ငွေကြေး အဖြစ် သို့မဟုတ် မိမိတို့ နိုင်ငံ၏ ငွေကြေးကို ပေါင်စတာလင်နှင့် ပုံသေသတ်မှတ်ထားသည့် နိုင်ငံများ အစုအဖွဲ့ ဖြစ်သည်။)
၁၉၄၉ နှစ်ကုန်ပိုင်းတွင် ချန်ကေရှိတ် (Chiang Kai-shek) သစ္စာခံ စစ်ရှုံး တရုတ်အမျိုးသားတပ်များ (ကူမင်တန်တပ် - Kuomintag or KMT) သည် အရှေ့ဘက်ရှိ ဖော်မိုဆာ (Formosa, ယနေ့ ထိုင်ဝမ်၊ Taiwan)သို့ လည်းကောင်း၊ အနောက်တောင်ဘက်ရှိ ယူနန်ဒေသ (Yunnan) ကို ကျော်ဖြတ်၍ ရှမ်းတောင်တန်းများသို့ လည်းကောင်း ထွက်ပြေးတိမ်းရှောင်ကြသည်။ ၁၉၅၁ ခုနစ် ရောက်သောအခါ အနည်းဆုံး အင်အား ၁၀,၀၀၀ ရှိ ကူမင်တန်တပ်များသည် ရှမ်းပြည်နယ် အရှေ့ဘက်ခြမ်း တစ်ခုလုံး နီးပါးကို သိမ်းပိုက်လိုက်ပြီး ၁၉၅၂ ခုနှစ်တွင် ရန်ကုန်မြို့ အနီး မိုင် ၂၀၀ အကွာခန့် အထိပါ ထိုးဖောက်လာသည်။ ဝါရှင်တန် (Washington) အစိုးရမှ သွယ်ဝိုက်ထောက်ပံ့ပေးနေသည့် ကူမင်တန်တပ်များ ကျူးကျော်လာခြင်းကို ဦးနု၏ မြန်မာအစိုးရဘက်မှ အတော်လေး ဒေါပွခဲ့သည်။ ထိုအချိန်တွင် မြန်မာအစိုးရမှာ ကွန်မြူနစ် သောင်းကျန်းသူများ သာမက အခြားသော ပုန်ကန်မှုများကိုလည်း ရင်ဆိုင်နေရသည်။ (ထိုင်းနိုင်ငံ (Thailand) မှ အကူအညီ ပေးနေသော) ကရင်အမျိုးသား အစည်းအရုံး၊ ရခိုင်ပြည်နယ်တွင် မူဂျာဟစ်ဒန် (Mujahideen) နှင့် အခြားသော လက်နက်ကိုင်အဖွဲ့ အတော်များများ ရှိနေကြသည်။ မြန်မာပြည်တွင် အခြေချပြီး ယူနန်ပြည်တွင် ပုန်ကန်မှုများ ပြုလုပ်ရန် စီစဉ်နေကြသော ကူမင်တန်တပ်များကြောင့် ကွန်မြူနစ် တရုတ်တပ်များပါ ကျူးကျော် ဝင်ရောက်လာမည်ကို အထူးသဖြင့် စိုးရိမ်နေခဲ့ကြသည်။
မြန်မာအစိုးရက ကုလသမဂ္ဂ (United Nations) သို့ အကူအညီ လှမ်းတောင်းခဲ့သေးသည်။ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည့် မြန်မာအစိုးရသည် ၁၉၅၃ ခုနစ်တွင် ကုလသမဂ္ဂမှ အကူအညီရရန် မမျှော်လင့်တော့ဘဲ "ဘက်မလိုက် လှုပ်ရှားမှု"ဘက်သို့ လှည့်သွားကာ မိမိကိုယ်ပိုင် စစ်ယန္တရားကြီး အဖြစ် တပ်မတော်ကို တည်ဆောက်ရန် ဖြစ်လာခဲ့သည်။
ဦးနုအစိုးရသည် "ဘက်မလိုက်ရေး မူဝါဒ" လက်ကိုင်ထားပြီး အင်အားကြီးနိုင်ငံများနှင့် မိတ်ဆွေ အဖြစ် ဆက်လက် တည်ရှိနိုင်ရန် နှစ်ပေါင်း အတော်ကြာ ကြိုးပမ်းခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု ၀န်ကြီးချုပ် ခရူးရှက် (Khruschev)၊ အမေရိကန် သမ္မတ နစ်ဆင် (Nixon) တို့ နှစ်ဦးလုံးပင် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခဲ့သေးသည်။ ထို့ပြင် ချူအင်လိုင် (Zhou Enlai) အပါအဝင် တရုတ်ခေါင်းဆောင်များလည်း မကြာခဏ လာရောက်ခဲ့သေးသည်။ ဦးနု ကိုယ်တိုင်လည်း အမေရိကန် ပြည်ထောင်စု၊ ဆိုဗီယက် ပြည်ထောင်စု၊ တရုတ်နိုင်ငံများသို့ သွားရောက်ကာ မြန်မာနိုင်ငံ၏ "ကြားနေ" နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ စိုးရိမ်စရာ မလိုကြောင်း နားချသည်။ တစ်ဖက်ဖက်က မျက်စိမစူးအောင်လည်း မြန်မာတို့က အလွန်သတိထားသည်။ ၁၉၅၃ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့များ ရက်ရက်ရောရော ပေးလာခဲ့သည့်တိုင် မြန်မာပြည်၏ ကြားနေမူဝါဒ ထိပါးနိုင်ချေ ရှိလာသဖြင့် လက်ခံနေသည့် အမေရိကန် အထောက်အပံ့ အားလုံးကို ရုတ်တရက် ရပ်စဲပစ်လိုက်သည်။
၁၉၆၂ ခုနစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်နေဝင်းက အမေရိကန်တို့သည် ရန်စွယ် ဖြစ်လာနိုင်သည်ဟု ပထမဆုံး ရှုမြင်ခဲ့သည်။ စစ်အေးတိုက်ပွဲ အထွတ်အထပ်ကာလ ဖြစ်ကာ ကျူးဘားပြဿနာ (Cuban crisis) ကြောင့် ဝါရှင်တန် (Washington) နှင့် မော်စကို (Moscow) အစိုးရတို့ နျူကလီးယား စစ်ပွဲ စတင်လုနီးပါး ဖြစ်နေချိန် ဖြစ်သည်။ အမေရိကန်၏ စီအိုင်အေ (CIA) က လာအိုနိုင်ငံ (Laos)တွင် ‘လျှို့ဝှက်စစ်ပွဲ’တစ်ခု အစပျိုးနေပြီး ဗီယက်နမ်နိုင်ငံ (Vietnam) သို့ ပထမဦးဆုံး စေလွှတ်သည့် အမေရိကန် စစ်သားများ ရောက်ရှိလာသည်။ ၁၉၆၃ ခုနှစ်တွင် တောင်ဗီယက်နမ် (Vietnam) ခေါင်းဆောင် ငုယင်ဒင်ဒရန့် (Ngo Dinh Diem) လုပ်ကြံခံခဲ့ရသလို ဖြစ်လာမည်ကို ဗိုလ်ချုပ်နေဝင်းက စိုးရိမ်သည်။ ဤတွင် အမေရိကန်တို့က တော်လှန်ရေးကောင်စီ ဥက္ကဌကြီးကို တည့်အောင် ပေါင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ‘ဗမာ့ဆိုရှယ်လစ်လမ်းစဉ်’ကို အပထား၊ ဗိုလ်ချုပ်နေဝင်းမှာ တရုတ်တို့၏ မိတ်ဆွေ မဟုတ်ဘဲ ကွန်မြူနစ် ဆန့်ကျင်သူ တစ်ယောက် ဖြစ်မည်ဟု အမေရိကန်တို့က တွက်ဆမိသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဗိုလ်ချုပ်ဟောင်း ဟင်နရီဘိုင်ရုတ် (Henry Byroade) မှာ ဗိုလ်ချုပ်နေဝင်းနှင့် ဇနီး ဒေါ်ခင်မေသန်းတို့၏ မိတ်ဆွေရင်းချာ ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် လွှတ်တော်အမတ် မိုက်မန်းစ်ဖီးလ် (Mike Mansfield) ခေါင်းဆောင်သော အမေရိကန် အထက်လွှတ်တော်မှ နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင်များ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး ရန်ကုန်မြို့တွင် ၄ ရက်ကြာ နေထိုင်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် ဝါရှင်တန်မြို့သို့ သွားရောက်သည်။ ဤသည်မှာ မြန်မာ့ခေါင်းဆောင်တစ်ဦး အမေရိကန် ပြည်ထောင်စုသို့ တရားဝင် သွားရောက်သည့် ပထမဆုံး ခရီးစဉ် ဖြစ်သည်။ ပန်ဆယ်ဗေးနီးယားလမ်း (Pennsylvania Avenue) တစ်လျှောက် စစ်ရေးပြခြင်း၊ ထို့ပြင် အိမ်ဖြူတော် မြက်ခင်းပြင်၌ သေနတ် ၂၁ ချက် ဖောက်ကာ အလေးပြုခြင်းများ ပြုလုပ်ပြီး ဗိုလ်ချုပ်နေဝင်းအား ကြိုဆိုခဲ့သည်။ သမ္မတ လင်ဒန်ဘီဂျွန်ဆန် (Lyndon B. Johnson) အပါအဝင် အမေရိကန် ခေါင်းဆောင်များနှင့် တွေ့ဆုံကြသောအခါ ဗိုလ်ချုပ်နေ၀င်းက ယင်းတို့အား မြန်မာပြည်မှာ - တရားဝင်အားဖြင့် ကြားနေ ဖြစ်သည့်တိုင် - အရှေ့တောင် အာရှဒေသတွင် ကွန်မြူနစ်တို့ကို ဟန့်တားနိုင်သည့် နိုင်ငံတစ်ခု ဖြစ်နိုင်ကြောင်း နားချသည်။ အမေရိကန်တို့ကလည်း ဗိုလ်ချုပ်နေဝင်းကို မိတ်ဖက် အဖြစ် သဘောထားကြောင်း ဆိုကြသည်။ အမေရိကန်ထံမှ စစ်ရေး အထောက်အပံ့ကို တိတ်တဆိတ် ပြန်လည်စတင်ရန်လည်း ဗိုလ်ချုပ်နေဝင်းက သဘောတူခဲ့သည်။ ကမ္ဘာ့ဘဏ်နှင့် IMF စသည့် အခြားသော အထောက်အပံ့များကိုလည်း ပြန်လည် လက်ခံသည်။ အမေရိကန် မဟာမိတ်များ ဖြစ်ကြသော အနောက်ဂျာမနီ ဝန်ကြီးချုပ် ကာ့တ်ကီဆင်းဂျား (Kurt Kiesinger)၊ ဂျပန်ဝန်ကြီးချုပ် အိစာကုဆာတို (Eisaku Sato) တို့က ရန်ကုန်မြို့သို့ အလည်အပတ်လာခြင်းများ ရှိခဲ့သလို လော့ဒ်လူဝီမောင့်ဘက်တန် (Lord Louis Mountbatten) ကဲ့သို့ ဗြိတိသျှ အထက်တန်း ပုဂ္ဂိုလ်များလည်း လာရောက်ခဲ့သည်။
အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်လာခဲ့သလောက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမှာတော့ ဆုတ်ယုတ်လာသည်။ ၁၉၆၆ ခုနှစ်တွင် တရုတ်ပြည်၏ ယဉ်ကျေးမှု တော်လှန်ရေးကြီးမှာ အရှိန်အဟုန် ကောင်းနေသည်။ တရုတ်ပြည်က မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု ဆက်ဆံရေး ကောင်းမွန်လာနေသည်ကို သတိကြီးစွာ စောင့်ကြည့်နေခဲ့သည်။ ၁၉၆၇ ခုနှစ် မေလက ရန်ကုန်မြို့တွင် ကွန်မြူနစ် ထောက်ခံသော တရုတ်လူမျိုး ကျောင်းသားများက မော်စီတုန်း တံဆိပ်များ ဝတ်ဆင်ကာ ယဉ်ကျေးမှု တော်လှန်ရေး ဆောင်ပုဒ်များကို ဟစ်ကြွေးပြီး ဆန္ဒပြကြသည်။ ရက်အနည်းငယ် အတွင်း တန်ပြန်ဆန္ဒပြသူများက ထိုကျောင်းသားများကို တိုက်ခိုက်ရာ အကြမ်းဖက်မှုများ ဖြစ်ပွား၍ တရုတ်လူမျိုး ဒါဇင်ချီ သေဆုံးပြီး ရာချီ ဒဏ်ရာရသည်။ တရုတ်သံရုံးလည်း ဝင်ရောက် စီးနင်းခံရပြီး တရုတ်ထောက်ပံ့ရေး အရာရှိတစ်ဦး အသတ်ခံရသည်။ မြန်မာစစ်တပ်နှင့် ရဲများက ထိုအကြမ်းဖက်မှု ဖြစ်စဉ်ကို ၀င်ရောက်တားမြစ်ခြင်း မရှိခဲ့။ တရုတ်အစိုးရက ဒေါသူပုန်ထတော့သည်။ ဇူလိုင်လတွင် မြန်မာပြည်သူ တစ်ရပ်လုံးက "ဖက်ဆစ်အစိုးရ အာဏာရှင် နေဝင်း"ကို ဆန့်ကျင်ဆန္ဒပြရန် နှိုးဆော်ကြောင်း ပီကင်းရေဒီယိုမှ ပြောင်ပြောင်တင်းတင်းပင် ကြေညာလာသည်။
ထိုအချိန်က ဗမာ့ကွန်မြူနစ်ပါတီမှာ အလွန်ပင် အားနည်းနေလေသည်။ နှစ်ပေါင်း ၂၀ နီးပါး တိုက်ပွဲများ ဆင်နွှဲလာပြီးနောက် ပဲခူးရိုးမဘက်တွင် လက်ကျန်အင်အား သုံးလေးထောင်မျှသာ ရှိတော့သည်။ လာမည့် အန္တရာယ်ကို မှန်းဆနိုင်သဖြင့် ၁၉၆၇ ခုနှစ် ကုန်ခါနီးတွင် မြန်မာ့တပ်မတော်သည် ကွန်မြူနစ်သူပုန်များကို ချေမှုန်းရန် စစ်ဆင်ရေးများကို အရှိန်အဟုန် မြှင့်လိုက်ပြီး အဆုံးတွင် ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းကိုပါ လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည်။ မူလ ကွန်မြူနစ် တော်လှန်ရေးကြီးမှာ ပြီးဆုံးလုနီးပါး ဖြစ်သွားသည်။
သို့သော် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ၌ ဗြိတိသျှလက်ထွက် ဒုတိယကမ္ဘာစစ် သူရဲကောင်း ဗိုလ်ချုပ်နော်ဆိုင်း လက်အောက်ရှိ ကွန်မြူနစ်တပ်များသည် လက်နက်အင်အား အပြည့်အစုံနှင့် ယူနန်ပြည်နယ်မှ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသည်။ ရက်သတ္တပတ် အနည်းငယ် အတွင်း တရုတ်နယ်စပ် တစ်လျှောက်တွင် "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်မြောက်နယ်မြေ" ဟူ၍ စတင်တည်ထောင်သည်။ နှစ်အနည်းငယ် အတွင်း ထိုနယ်မြေများထဲတွင် ဝတောင်တန်းဒေသများ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများပါ ပါဝင်လာသည်။ ၁၉၄၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံဘက်တွင် နေထိုင်ကြသော ကွန်မြူနစ်များက ပန်ဆိုင်းမြို့၌ ဌာနချုပ် တည်သည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ရထားသည့် ထိုကွန်မြူနစ် လက်သစ်များသည် မိုးကုတ်မြို့မှသည် အနောက်ဘက်ရှိ မေမြို့၊ တောင်ဘက် ထိုင်းနယ်စပ် အထိ ဆင်းပြီး ကျူးကျော်လာသည်။ ကွန်မြူနစ်ပါတီ အတွက် မူဝါဒ ချမှတ်ပေးသူ အားလုံးနီးပါးမှာ မြန်မာလူမျိုးများ ဖြစ်ကြသော်လည်း ကွန်မြူနစ် တပ်မတော်၏ အင်အား အများစုမှာ ကိုးကန့်လူမျိုး၊ ဝလူမျိုး၊ ကချင်လူမျိုး၊ "စေတနာ့၀န်ထမ်း" တရုတ်လူမျိုး အစရှိသော ဒေသခံ လူမျိုးစုများ ဖြစ်ကြသည်။ နှစ်ပေါင်း ၂၀ ကျော်မျှပင် မြန်မာ့တပ်မတော်သည် အသစ်ရရှိသော အမေရိကန် အထောက်အပံ့၊ ထို့ပြင် ဒေသခံ ကိုးကန့်နှင့် ရှမ်းပြည်သူ့စစ်များ၏ အကူအညီဖြင့် ကွန်မြူနစ်တို့ကို အပြင်းအထန် တိုက်ခိုက်ရင်း မနည်း ထိန်းထားရသည်။
၁၉၇၀ ပြည့်နှစ်များအတွင် ဗိုလ်ချုပ်နေဝင်းက တရုတ်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်ပြေလည်နိုင်ဖို့ ကြိုးစားခဲ့သည်။ ယဉ်ကျေးမှု တော်လှန်ရေး အဆုံးသတ်သွားပြီး မော်စီတုန်း ကွယ်လွန်ခြင်းနှင့် အတူ နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာရာ ၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန့် (Deng Xiaoping) က သမိုင်းဝင် လာရောက် လည်ပတ်သည် အထိ ဖြစ်လာခဲ့သည်။ ဗမာ့ကွန်မြူနစ်ပါတီအား တရုတ်နိုင်ငံဘက်မှ အထောက်အပံ့ ပေးခြင်း လျော့နည်းစ ပြုလာသော်လည်း ရပ်တန့်သွားခြင်းတော့ မရှိခဲ့။
၁၉၈၉ ခုနှစ်တွင် စစ်အေးတိုက်ပွဲကြီး အဆုံးသတ်သည်။ ဗမာ့ကွန်မြူနစ်ပါတီမှာလည်း ပါတီတွင်း ပုန်ကန်မှုကြောင့် ပြိုလဲသွားသည်။ ပါတီအင်အားစုများမှာ လက်နက်ကိုင် အဖွဲ့အစည်းများ အဖြစ် အပိုင်းပိုင်း ကွဲသွားပြီး အဓိကအင်အားစုမှာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ဖြစ်လာသည်။ ထိုနှစ်မှာပင် မြန်မာအစိုးရနှင့် ကွန်မြူနစ် တပ်ဖွဲ့ဝင်ဟောင်းများ အကြား အပစ်အခတ် ရပ်စဲရန် သဘောတူညီကြသည်။ တစ်ချိန်တည်းမှာပင် ဗမာ့ဆိုရှယ်လစ်နှင့် တံခါးပိတ် မူဝါဒများကို ဖျက်သိမ်းပစ်လိုက်သည်။ သို့သော် အချိန်ကိုက်ပင် ဒီမိုကရေစီ ဖော်ဆောင်ရန် တိုက်တွန်းသည့် အနေဖြင့်ဟု ဆိုကာ အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဖယ်ကျဉ်သွားသည်။ တစ်ဘက်တွင်မူ အရင်းရှင်ဝါဒ တစ်ခေတ်ဆန်းသည့် ကာလတွင် တရုတ်နိုင်ငံဘက်မှ စီးပွားရေး ချိတ်ဆက်မှုများကို အားကောင်းလာရန် ကြိုးပမ်းလာသည်။ ထိုအချိန်မှ နှစ်ပေါင်း ၃၀ ကြာ အထိ တရုတ်-မြန်မာနယ်စပ်တွင် စစ်အေးတိုက်ပွဲ၏ အကြွင်းအကျန်များ ဖြစ်ကြသော ကွန်မြူနစ် အင်အားစုဟောင်းများ အခိုင်အမာ အမြစ်စွဲလာခဲ့သည်။
တင်ပြထားသည့် "အမေရိကန်တို့၏ ကြိုဆိုမှု" ဗီဒီယိုမှာ အမေရိကန် သမ္မတ လင်ဒန်ဘီဂျွန်ဆင် (Lyndon B. Johnson) ၏ မော်ကွန်းတိုက်မှ ဖြစ်သည်။ ၁၉၆၆ ခုနှစ် စက်တင်ဘာလက ဗိုလ်ချုပ်နေ၀င်း၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ် မှတ်တမ်းရုပ်ရှင် ဖြစ်ပြီး သေနတ် ၂၁ ချက် ဖောက်၍ ကြိုဆိုပုံ၊ ဗိုလ်ချုပ်နေဝင်းနှင့် သမ္မတ လင်ဒန်ဘီဂျွန်ဆင်တို့ မိန့်ခွန်း ပြောကြားပုံနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ကို သွားတွေ့ခဲ့သည့် နယူးယောက် ခရီးစဉ် ပုံရိပ်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်