အေ.ဂျီ.အီး နယူးလန်း ရိုက်ကူးသော ဖလမ်းမြို့ကို သိမ်းကာ စစ်ကြောင်းများ မြို့တွင်းသို့ ဝင်လာပုံ
၁၈၈၅ - ၁၄ မတ် ၁၈၉၂
ဖလမ်းမြို့ သိမ်းပိုက်ခံရပုံ
ချင်းလူမျိုးများ (တစ်ခါတစ်ရံ ဇို၊ မီဇို သို့မဟုတ် ဇိုမီဟုလည်း ခေါ်သည်။) သည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ တောင်တန်းဒေသတွင် နေထိုင်၍ တိဘက်-မြန်မာနွယ် ဘာသာစကားများနှင့် ဆက်စပ်နေသည့် ဘာသာစကားအချို့ကို အသုံးပြုကြသည့် လူမျိုးစု တစ်စု ဖြစ်သည်။ ယနေ့ခေတ် မြန်မာနိုင်ငံတွင် နေထိုင်သော ချင်းလူမျိုး ၅၀၀,၀၀၀ ခန့် ရှိသည်။ စီးပွားရေး ခက်ခဲမှုနှင့် တိုင်းပြည် မတည်ငြိမ်မှုများကြောင့် နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းသွားသူ များပြားပြီး ကမ္ဘာတစ်ဝှမ်းတွင် ချင်းလူမျိုး လေးသန်းကျော် ရှိမည်ဟု ခန့်မှန်းရသည်။
မြန်မာနိုင်ငံကို ဗြိတိသျှတို့ မသိမ်းပိုက်မီ ၁၈၈၅-၈၆ ခုနှစ်များက ချင်းတောင်တန်းများသည် လွတ်လပ်စွာ တည်ရှိပြီး မြန်မာနန်းတွင်း၏ အုပ်စိုးမှုကို မခံခဲ့ရပေ။ ချင်းလူမျိုးများကို တာရွှန်းလူမျိုးများ၏ အကြီးအကဲက ဦးဆောင်၍ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ ဆန်သည့် အကြီးအကဲ ၅ ဦး ပါသော ကောင်စီက အုပ်ချုပ်သည်။ တာရွှန်းလူမျိုးများသည် မိမိတို့ ပိုင်သော နယ်မြေများကို မဏိပူရမြစ်ကမ်းနံဘေးတွင် တည်ရှိသော တာရွှန်းရွာ (ယနေ့ခေတ် ဖလမ်းမြို့) မှ အုပ်ချုပ်သည်။ ကလေး-ကဘော်နယ်များမှ ရှမ်းစော်ဘွားများသည်ပင် တာရွှန်းကောင်စီသို့ အခွန်ဆက်ခဲ့ကြသည်။ ဗြိတိသျှတို့ ရောက်လာသည့်အခါ ထိုစော်ဘွားများသည် ရွှေဂျိုးဖြူမင်းသား (လွန်လေပြီးသော အိမ်ရှေ့စံ ကနောင်မင်း၏ သားတော်) နှင့် အတူ ဖလမ်းမြို့သို့ ခိုလှုံလာသည်။ ရွှေဂျိုးဖြူမင်းသားသည် ချင်းဗျစ်တိုက်ပွဲတွင် အင်္ဂလိပ် အရာရှိနှစ်ဦးကို သတ်လိုက်သောကြောင့် ဗြိတိသျှတို့က လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။ ၎င်းတို့ကို မြန်မာပြည်သို့ ပြန်ပို့ရန် ဗြိတိသျှတို့က တောင်းဆိုသော်လည်း တာရွှန်း အကြီးအကဲများက ငြင်းဆန်ခဲ့သည်။ တာရွှန်းတို့က ကလေး-ကဘော်နယ်ကို ဝင်စီး၍ မြန်မာအကျဥ်းသားများကို ခေါ်ဆောင်သွားသောအခါ ဗြိတိသျှတို့က ပထမ ချင်း-လူရှေ စစ်ဆင်ရေး (၁၈၈၈-၈၉ ခုနှစ်) ကို စတင်၍ ချင်းလူမျိုးများကို ဗြိတိသျှ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းရန် လုပ်ဆောင်ခဲ့သည်။
၁၈၈၈ ခုနှစ်၏ ဆောင်းဥတုတွင် ဗိုလ်ချုပ် ဖရောန့်စ် (General Fraunce) နှင့် ဗိုလ်မှူး ရိုက်ခ်စ် (Major Raikes) ဦးဆောင်သော ဗြိတိသျှတပ်များက စီးယင်း (ဆီစာန်) ချင်းနယ်များကို ဝင်ရောက်တိုက်ခိုက်ရာ စီးယင်းနှင့် တာရွှန်း စစ်သည်များက ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှတို့က အနိုင်ရသွားပြီး ၎င်းတို့၏ ကျေးရွာများကို မီးရှို့ပစ်ခဲ့သော်လည်း ဖမ်းဆီးသွားသူများကို ထုတ်ပေးရန် မတောင်းဆိုပေ။ တာရွှန်း အကြီးအကဲများနှင့် ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရခဲ့။
ထိုစဥ် အနောက်ဘက်ရှိ ချင်းတောင်တန်း ဒေသ (ယနေ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် (Mizoram)) တွင် ဗိုလ်မှူးကြီး ထရီဂီးယား (General Tregear) ဦးဆောင်သော တပ်များက နိုင်ငံရေး ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး စတူးဝပ် (Lieutenant Stewart) အသတ်ခံရမှုကို လက်စားချေရန်နှင့် လူရှေချင်းများကို အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းရန် တိုက်ခိုက်လာကြပြန်သည်။ ထိုစစ်ဆင်ရေးလည်း အောင်မြင်ခဲ့သည်။ သို့သော် ဗြိတိသျှတို့သည် မိုးရာသီ ကုန်မှသာ တာရွှန်းတို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး ၁၈၈၉ ခုနှစ်၊ ဒီဇင်ဘာလမှသာ တိုက်ခိုက်ခဲ့သည်။ ဤသည်မှာ ချင်းတောင်တန်းဒေသများ၌ ဗြိတိသျှ စစ်အင်အား အများဆုံး သုံးကာ တိုက်ခိုက်မှု ဖြစ်သည်။
၁၈၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗိုလ်မှူးကြီး ထရီဂီးယား ဦးဆောင်သော စစ်ကြောင်းသည် မြောက်ဘက်ရှိ စစ်တကောင်းနယ်မှ တက်လာပြီး ဟားခါးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုနောက် ပခုက္ကူမြို့မှ ချီတက်လာသည့် ဗိုလ်မှူးချုပ် ဆိုင်မွန် (Brigadier-General Symons) ဦးဆောင်သော စစ်ကြောင်းနှင့် ဆုံမိကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အကြား ဆက်သွယ်ရေး လမ်းကြောင်း ပွင့်သွားခဲ့သည်။ ဟားခါးမြို့မှ ဗိုလ်မှူးချုပ် ဆိုင်မွန် ဦးဆောင်သော စစ်ကြောင်းသည် ဖလမ်းမြို့သို့ ဆက်လက်ချီတက်သွားကာ တာရွှန်းကောင်စီကို လက်နက်ချရန် တောင်းဆိုသည်။ အင်အား ၂၆၄ ဦး ပါရှိသည့် စစ်ကြောင်းသည် မြို့၏ အထက်ပိုင်းတွင် စခန်းချကာ ဗိုလ်မှူးကြီး စကီး (Colonel Skene) ဦးဆောင်သည့် နောက်ထပ် အင်အား ၁၆၅၂ ဦး ပါဝင်သော ဗြိတိသျှ စစ်ကြောင်းသည်လည်း အနီးအနားတွင် စခန်းချထားသည်။ တာရွှန်းတို့ကို တိုက်ရန် ဝန်မလေးကြောင်း ပြသည့် အနေဖြင့် ဗြိတိသျှတို့က အမြှောက်နှင့် ပစ်ရာ ဗိုလ်မှူးချုပ် ဆိုင်မွန်နှင့် တာရွှန်းကောင်စီတို့ ညှိနှိုင်းရသည်ထိ ဖြစ်လာသည်။
ထိုအချိန်က တာရွှန်းအကြီးအကဲ ခေါင်းဆောင်မှာ ပူကြွမ်ဘိခ် (ဗြိတိသျှတို့က ‘ဗိုလ်ဆွန်ပက်’ (သို့မဟုတ်) တာရွှန်းမင်းကြီးဟု ခေါ်ကြသည်။) ဖြစ်သည်။ ၁၈၉၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် သူနှင့် အခြားသော ကောင်စီဝင် အကြီးအကဲများက ဗြိတိသျှတို့၏ ကမ်းလှမ်းချက် (ဗြိတိသျှတို့ကို အစိုးရ အဖြစ် လက်ခံရမည်) ကို ငြင်းဆန်လိုက်ပြီး စစ်တိုက်ရန် ပြင်ကြတော့သည်။ ချင်းတောင်တန်း အရပ်ရပ်မှ ချင်းစစ်သည် ၃၀၀၀ ကျော်ကို ဖလမ်းမြို့တွင် စုစည်းကာ ဗြိတိသျှတို့ကို တော်လှန်ရန် ပြင်ဆင်ကြသည်။ လက်နက်ချင်း မမျှသဖြင့် များစွာ ထိခိုက်ခံရပြီးနောက် တာရွှန်းအကြီးအကဲများသည် နှစ်စဥ် အခွန်ဆောင်ရခြင်းသည် လူအများ သွေးမြေကျရခြင်းထက် တော်သေးသည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် နှစ်ရက်အကြာတွင် ဗြိတိသျှတို့၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ရသည်။ သို့သော် ရွှေဂျိုးဖြူမင်းသားကို ထုတ်မပေးခဲ့ဘဲ မည်သည့်နေရာတွင် ရှိနေသည်ကို မသိဟု ဆိုကြသည်။ (မင်းသားသည် များမကြာမီ မြန်မာပြည်ဘက်သို့ ပြန်လာသောအခါ ၁၈၉၁ ခုနှစ်တွင် ကြိုးပေးခံလိုက်ရသည်။)
ထို့နောက် စီးယင်းချင်းများကလည်း လက်နက်ချလိုက်သည်။ ၁၈၉၁ ခုနှစ်တွင် တာရွှန်းတို့က ထပ်မံ၍ ဆန့်ကျင်တော်လှန်သော အခါတွင်လည်း ဗြိတိသျှတို့က ဖလမ်းမြို့သို့ ချီတက်လာပြန်သည်။ ၁၈၉၂ ခုနှစ်မှသာ ဗြိတိသျှတို့က အခွန်ဆက်ရသည့် စနစ်ကို ဖျက်သိမ်းလိုက်ကာ ဖလမ်းမြို့ကို တိုက်ရိုက်အုပ်ချုပ်ကြသည်။ နိုင်ငံရေးအရ တွက်ချက်မှုမှာ ရှင်းသည်။ တာရွှန်းလူမျိုးတို့သည် အခြားသော ချင်းမျိုးနွယ်စုများ အတွက် လွတ်လပ်မှု၏ သင်္ကေတ ဖြစ်နေသည်။ အကယ်၍ တာရွှန်းတို့ကသာ ကလေး-ကဘော်နယ်များကို ဗြိတိသျှတို့အား ပေးလိုက်လျှင် အခြားသော ချင်းအကြီးအကဲများထက် သာလွန်မှု ရှိတော့မည် မဟုတ်။ ထို့ကြောင့် ကျူးကျော်လာသူများကို တောက်လျှောက် တွန်းလှန်နေခြင်း ဖြစ်သည်။ သို့သော် ဗြိတိသျှတို့ကမူ ၎င်းတို့၏ အိန္ဒိယအင်ပါယာကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ဤဒေသကိုလည်း ငြိမ်ဝပ်စေလိုသဖြင့် ၁၈၉၂ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် ဖလမ်းမြို့ကို သိမ်းလိုက်ပြီး တာရွှန်း အကြီးအကဲများကိုလည်း ဗြိတိသျှ ဧကရီ ဘုရင်မကြီး ဝိတိုရိယ၏ အာဏာစက်အောက်သို့ ရောက်သွားပြီ ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။
ချင်းစစ်သည်များသည် အိန္ဒိယတပ်မတော်တွင် သစ္စာ အရှိဆုံးနှင့် အရဲရင့်ဆုံးသော တပ်သားများ ဖြစ်ပြီး ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် နှစ်ခုလုံးတွင် ဗြိတိသျှဘက်မှ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ (ထိုသို့ စစ်မှုထမ်းခဲ့ခြင်းမှ ရရှိသင့်သည့် စစ်ပင်စင်ကြေးများကို ယနေ့ထိ ဗြိတိသျှအစိုးရထံမှ မရခဲ့ပေ။) ၁၉၄၈ ခုနှစ်တွင် ချင်းပြည်သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပူးပေါင်းပါဝင်ကာ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုမှ လွတ်လပ်ကြောင်း ကြေငြာခဲ့သည်။ ၁၉၆၅ ခုနှစ်ထိ ဖလမ်းမြို့သည် မြို့တော် အဖြစ် ရှိနေခဲ့ပြီး နောင်တွင် ဟားခါးမြို့ကို မြို့တော် အဖြစ် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။ ချင်းတောင်တန်းကို ဗြိတိသျှတို့ အနိုင်ရ သိမ်းပိုက်နိုင်မှုသည် ဗြိတိသျှတို့ မြန်မာပြည်ကို အုပ်ချုပ်နိုင်ရန် အချိန်ကြာမြင့်စွာ ဆောင်ရွက်ရသည့် အရေး ဖြစ်နေသည်ကို ပြသနေသည်။ ထို့အပြင် ဥရောပသားများ မရောက်လာမီက တစ်သီးတစ်သန့် တည်ရှိနေထိုင်ခဲ့သော ပြည်နယ်များ၊ လူမျိုးများ၊ သရုပ်လက္ခဏာများသည် ကိုလိုနီနယ်ချဲ့ ကျူးကျော်မှု လက်အောက်မှသာ တစ်တိုင်းပြည် အဖြစ် ပူးပေါင်းခံရသည်ကိုလည်း ပြသနေပေသည်။
ပထမဓါတ်ပုံကို James Henry Green Charitable Trust မှ ရယူပါသည်။
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်