အမေ့ခံအတိတ်
အမေ့ခံအတိတ်
တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအတွက် ပထမဦးဆုံးအကြိမ် ကြိုးပမ်းမှု
event_note ခေတ်ကာလများပြပုံ

၁၂၂

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအတွက် ပထမဦးဆုံးအကြိမ် ကြိုးပမ်းမှု

room China

Read in English

ဘီစီ ၁၂၂ တွင် တရုတ်ဧကရာဇ်သည် အနောက်တောင်အရပ်တွင် ရှိသည်ဟု သတင်းထွက်နေသော ထွက်လမ်းတစ်ခုကို ရှာဖွေရန် အထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။ ထိုလမ်းသည် တရုတ်ပြည်မှနေ၍ (မကြာသေးမီက ရှာဖွေတွေ့ရှိထားသည့်) အိန္ဒိယပြည်သို့လည်းကောင်း၊ အိန္ဒိယကို ကျော်လွန်ကာ တိုင်းတစ်ပါးအသစ်များဆီသို့လည်းကောင်း ပေါက်ရောက်သည်ဟု ဆိုနေကြ၏။

ထိုမတိုင်ခင်က နယ်မြေသစ်ရှာဖွေသူ ဇောင်ကျန့် (Zhang Qian) သည် မြောက်ဘက်လမ်းကြောင်းအတိုင်း ခက်ခဲကြမ်းတမ်းစွာ ခရီးရှည်ကြီး ထွက်သွားပြီးနောက် ဧကရာဇ်နန်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုစဉ်က တရုတ်တို့ သိရှိထားသော ကမ္ဘာ၏ အစွန်အဖျားဘက်သို့ သူရောက်ခဲ့သည်။ ဇောင်ကျန့်သည် တရုတ်ရန်ဘက် ဇိုင်နူ (Xiongnu)လူရိုင်းများ၏သုံ့ပန်း နှစ်အတော်ကြာ ဖြစ်ခဲ့သေးသည်။ ယင်းနောက် ကျယ်ပြောသော သဲကန္တာရများ၊ ဖုန်းဆိုးမြေများကို ဖြတ်ကျော်ကာ လူသူအရောက်အပေါက်မရှိသော ထူးထူးဆန်းဆန်း နေရာများသ့ို ရောက်ခဲ့၏။ ဇောင်ကျန့်က ဖာဂန်နာ (Fergana)တောင်ကြားနှင့် ပိုးလမ်းမကြီးဟု နောင်တစ်ချိန်တွင် အမည်တွင်လာမည့် လမ်းတစ်လျှောက်ရှိ သဲကန္တာရထဲမှ အိုအေစစ်မြို့များအကြောင်း၊ ဘက်ထရီးယား (Bactria)သို့ ခရီးဆက်ပုံအကြောင်း ပြောပြခဲ့သည်။ ဘက်ထရီးယားဆိုသည်မှာ ယနေ့ အာဖဂန်နစ္စတန် ဖြစ်ပြီး ထိုစဉ်က ဂရိနှင့်ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားရာဒေသတစ်ခု ဖြစ်ခဲ့၏။ သူသည် ဝေးလံခေါင်ဖျားဒေသများဖြစ်သည့် ပါရှားနှင့် မက်ဆိုပိုတေးမီးယားတို့အပြင် “ရှင်ဒု - Shendu” ဝါ အိန္ဒိယသို့ ခရီးဆန့်ခဲ့ကြောင်း ပြန်ပြောပြခဲ့၏။ အိန္ဒိယမှာ ပူအိုက်စွတ်စိုပြီး ဒေသခံများသည် စစ်တိုက်လျှင် ဆင်စီးတိုက်ကြသည်ဟု ဆို၏။ မြို့အသီးသီး တည်ထောင်ကာ အုပ်ချုပ်သော ဘုရင့်တိုင်းပြည်များဖြစ်ကြောင်း၊ စာရေးသားမှုစနစ်ရှိကြောင်းနှင့် သမုဒ္ဒရာကို ရွှက်လွှင့်သွားလာကြသော ကုန်သည်များလည်းရှိကြောင်း ပြောပြခဲ့သည်။

ထို့အပြင် နယ်မြေသစ်ရှာဖွေသူ ဇောင်ကျန့်က အလွန်အံ့အားသင့်ဖွယ်ရာ အကြောင်းအရာတစ်ခုကိုပါ ပြောခဲ့၏။ ဘက်ထရီးယားဈေးထဲတွင် တရုတ်ပြည်နယ် ရှူ (Shu)ဒေသထွက်ကုန် ပိတ်စများနှင့်ဝါးလုံးများကို ရောင်းချနေကြောင်း သတိပြုမိခဲ့သည်ဟု သူက ဆိုလေသည်။ ရှူဒေသသည် ယနေ့ စီချွမ်ပြည်နယ် ဖြစ်ပြီး ရှေးခေတ်တရုတ်ပြည်၏ အနောက်တောင်ဘက်အစွန်းရှိ ပြည်နယ်တစ်ခု ဖြစ်၏။ ဇောင်ကျန့်မတိုင်ခင် ဤလမ်းကြောင်းအတိုင်း အခြားတရုတ်လူမျိုးများ လာခဲ့ဖူးပါသလား။ မလာခဲ့ဖူးပါ။ ပြောပြချက်များအရ ရှူ ဒေသထွက် ကုန်ပစ္စည်းများသည် အိန္ဒိယမှတစ်ဆင့် ဝင်လာခြင်းဖြစ်ကြောင်း သိရှိရ၏။ ထိုအခါ သူသဘောပေါက်လိုက်သည်မှာ တရုတ်ပြည်မှ အိန္ဒိယကမ္ဘာသို့ သွားနိုင်သော အနောက်တောင်လမ်းကြောင်း တစ်ခု ရှိကိုရှိရမည်။ ထိုအချက်မှလွဲပြီး ကျန်တာ မဖြစ်နိုင်။

ရှိနေသည့် မြောက်ပိုင်းလမ်းမှာ အန္တရာယ်ထူပြောလှ၏။ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြသော လူမျိုးစုတစ်ခုဖြစ်သည့် ဇိုင်နူ (Xiongnu)တို့၏ နယ်နိမိတ် အစွန်အဖျားကို ဖြတ်သွားရမည်။ ခေတ်သစ် တူရကီစကား၊ မွန်ဂိုစကားတို့နှင့် ခပ်ဆင်ဆင် ဘာသာစကားကို ပြောဆိုသော ဇိုင်နူတို့သည် ရက်စက်ကြမ်းကြုတ်လှ၏။ မရှေးမနှောင်းကပင် ဇိုင်နူတို့သည် ပြိုင်ဘက် ယွေဇီ (Yuezhi)တို့ကို တိုက်ခိုက်အနိုင်ရခဲ့ပြီး ယွေဇီဘုရင်ကို သတ်ဖြတ်ကာ ယင်း၏ဦးခေါင်းခွံကို ခွက်တစ်ခွက်အဖြစ် ပြုလုပ်လိုက်ကြလေသည်။ အနောက်တောင်လမ်းသည် မြောက်ပိုင်းလမ်းမှ အန္တရာယ်ကို ရှောင်ကွင်းနိုင်မည့် လမ်းတစ်ခု ဖြစ်နိုင်ပေသည်။ အိန္ဒိယနှင့် တိုက်ရိုက်အဆက်အသွယ် ရမည်ဆိုလျှင် တရုတ်နှင့်အိန္ဒိယအကြား မဟာမိတ်ဖွဲ့ပြီး နှစ်နိုင်ငံကြားရှိနေသော ထိုလူရိုင်းတို့ကို ချေမှုန်းနိုင်ပေလိမ့်မည်။

သို့သော် လေ့လာစူးစမ်းရေးအဖွဲ့မှာ အောင်မြင်မှုမရရှိခဲ့ပါ။ တရုတ်ဧကရာဇ်၏ သံတမန်များသည် ရှူ သို့မဟုတ် စီချွမ်မှ စတင်ထွက်ခွာပြီး တောင်ဘက်သို့ လပေါင်းများစွာ ခရီးဆန့်ခဲ့သည်။ ချောက်ကမ်းပါးကြီးများကို တက်၊ ကျဉ်းမြောင်းသော တောလမ်းများကို ဖြတ်၊ ကျားများနှင့် ဧရာမမြွေကြီးများကို ရင်ဆိုင်ကာ ခရီးနှင်လာခဲ့၏။ ထိုစဉ်က ယနေ့ခေတ် အရှေ့တရုတ်ပြည်မှ ခေတ်သစ်ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့အထိ ဟန်မင်းဆက် ဝုဧကရာဇ်  (Emperor Wu)သည် ဘုန်းလက်ရုံး ဖြန့်ကျက်ထားနိုင်ခဲ့သည်။ ပစိဖိတ်ပင်လယ် ကမ်းရိုးတန်းအကြောင်း သိရှိထားပြီသားဖြစ်၏။ သို့သော် သံအဖွဲ့သည် လူစိမ်းသူစိမ်း မျိုးနွယ်စုများ ပတ်ပတ်လည် ဝိုင်းနေသည့် ကုန်းတွင်းပိုင်းသို့ ရောက်ရှိနေခဲ့ပြီး အိန္ဒိယက ဘယ်လောက်ဝေးဝေးတွင် ရှိနေမည်လဲ အတတ်မပြောနိုင်ခဲ့ပေ။

သံအဖွဲ့သည် ခေတ်မီတရုတ်လူမှုအဖွဲ့အစည်းတည်ရာ အစွန်ဆုံး နယ်နိမိတ်ရှိ ယျဲလန်ပြည်ကို ဖြတ်ကျော်ပြီးနောက် တောင်ဘက်သို့ ဆက်သွားရာ နောက်ဆုံးတွင် ဒီယန်ပြည်သို့ ရောက်ရှိခဲ့တော့သည်။ ဒီယန်ပြည်သည် မြန်မာပြည်အနီး ယနေ့ယူနန်ပြည်နယ်နေရာတွင် တည်ရှိခဲ့ပြီး ထိုစဉ်က ဒီယန်ပြည်အကြောင်းကို တရုတ်ဧကရာဇ်နန်းတော်မှ မသိရှိထားခဲ့ပေ။ ဒီယန်ဘုရင်သည် သံတမန်များကို ကောင်းကောင်းမွန်မွန်ပင် ဧည့်ခံပါသည်။ သို့သော် အရှေ့ဘက်သို့ ဆက်သွားပါက ကူမင် (Kumming)ဟုခေါ်သော လူမျိုးများက ပိတ်ဆို့နေကြောင်း ပြောပြခဲ့သည်။ ထိုအရပ်သို့ မသွားရန်တား၏။ ဖြစ်နိုင်ခြေရှိသည်မှာ ဉာဏ်များသော ဒီယန်ဘုရင်က သူ့ဒေသ၏ ကုန်သွယ်ရေးလမ်းကြောင်းကို လက်ဝါးကြီးအုပ်ထားလို၍ ထိုသို့ ပြောပုံရ၏။ ထိုအခိုက်တွင် ယင်းအနေနှင့် ခရုခွံကအစ ကြံ့ချိုအထိပါ ကုန်သွယ်မှုမျိုးစုံ လုပ်နိုင်လျက်ရှိသည်။ မည်သို့ဆိုစေ သူ၏ဧည့်သည်တော်များကို သတင်းတစ်ခုတော့ ထပ်ပေးပါသည်။ အနောက်အရပ်သို့ နောက်ထပ် လီ (Li) တစ်ထောင်မျှ ဆက်သွားလျှင် ဒီယန်ယု (Dianyue) ဟုခေါ်သော တိုင်းပြည်တစ်ခု ရှိကြောင်း၊ ဒေသခံများသည် ဆင်စီးကြကြောင်း၊ ရှူ ဒေသမှ ကုန်သည်များ တစ်ခါတစ်ခါ တိတ်တိတ်ပုန်း သွားရောက်ကုန်သွယ်မှု ပြုလုပ်လေ့ရှိကြကြောင်း ပြောပြခဲ့သည်။

တရုတ်ဧကရာဇ်၏ မူလဆန္ဒမှာ အိန္ဒိယနှင့်တိုက်ရိုက် ဆက်ဆံရေးလမ်းဖွင့်နိုင်ရန်၊ ထို့အပြင် အနောက်အရပ်သို့ သွားနိုင်သည့်လမ်းကြောင်းကို ရှာဖွေကာ ဇန်နူလူရိုင်းတို့အား ပန်းတိုက်ရန် ဖြစ်သည်။ ဤအကြံအစည်တွင် သူ မအောင်မြင်ပါ။ သို့သော် ဒီယန်ပြည်နှင့် အဆက်အသွယ်ရရှိခဲ့ခြင်းမှတစ်ဆင့် နှစ်ထောင်ချီ ရှည်ကြာမည့် လုပ်ငန်းစဉ်တစ်ခုကိုတော့ စတင်နိုင်ခဲ့သည်။ ထိုလုပ်ငန်းစဉ်ကြောင့်ပင် ၂၀ ရာစု အကုန်သို့ရောက်သောအခါ မြန်မာပြည်နယ်စပ်အထိ တရုတ်ပြည် ရောက်ရှိလာခဲ့ပြီး အိန္ဒိယနှင့် တိုက်ရိုက်ဆက်သွယ်ရာလမ်းဆိုသော ရှေးဟောင်းအိပ်မက်မှာ လက်လှမ်းတမီ ရှိလာခဲ့လေတော့သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်