အမေ့ခံအတိတ်
အမေ့ခံအတိတ်
အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံး ပညာသင်ယူဖူးသည့် မြန်မာကျောင်းသား
event_note ခေတ်ကာလများပြပုံ

၁၈၅၈ - ၁၉၂၉

အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံး ပညာသင်ယူဖူးသည့် မြန်မာကျောင်းသား

room United States

people King Mindon Maung Shaw Loo President Andrew Johnson

Read in English

အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသား (အမေရိကန် ပြည်ထောင်စုသို့ ပထမဦးဆုံး ရောက်ဖူးသော မြန်မာလူမျိုးလည်း ဖြစ်နိုင်ပါသည်။) မှာ မောင်ရှောလူး ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် မဖြစ်မီ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့(Lewisburg) သို့ခရီးနှင်ခဲ့သည်။ ဤဓါတ်ပုံမှာ ၁၈၆၅ ခုနှစ်ဝန်းကျင်က အင်ဒီယားနားပြည်နယ် (Indiana) ဂိုရှန်မြို့လေး (Goshen) တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

၁၈၅၇ ခုနှစ်က အသက် ၁၇ နှစ်အရွယ် မောင်ရှောလူးသည် ကာလကတ္တားမြို့ (Calcutta) တွင် ပညာသင်ရန် မြန်မာပြည်မှ ထွက်လာခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် အိန္ဒိယပြည်တွင် ပုန်ကုန်ထကြွမှုများ ဖြစ်ပွားနေစဥ်တွင် သင်္ဘောခိုးစီးကာ အမေရိကန် ပြည်ထောင်စုသို့ လိုက်ပါသွားခဲ့သည်။ ဖမ်းမိခံရသည့်အခါ သင်္ဘောခန်း အစောင့် အဖြစ် အလုပ်လုပ်ပေးရန် ညှိနှိုင်း၍ ဆက်လက်စီးနင်းနိုင်ခဲ့သည်။ တစ်ပြားတစ်ချပ်မှ မရှိဘဲ အမေရိကန်ပြည်သို့ ရောက်ရှိသွားပြီး တက္ကသိုလ်မတက်ခင်အထိ ကြုံရာကျပန်း အလုပ်လုပ်ကာ အသက်ဆက်ခဲ့ရသည်။ မောင်ရှောလူးသည် ပန်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)ရှိ လူးဝစ်ဘာ့ခ်တက္ကသိုလ် - University of Lewisburg (ယခု ဘက်ခ်နယ် - Bucknell) တွင် ဂရိ၊ လက်တင်၊ ဒဿနိကဗေဒ၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ ဆက်လက်၍ ကလီဗ်လန် ဆေးပညာကောလိပ် (Cleveland Medical College) တွင် ဆက်လက်ပညာသင်ယူပြီး ဘွဲ့ရရှိခဲ့သည်။ အနောက်နိုင်ငံတွင် ဆေးပညာလေ့ကျင့်သင်ယူခဲ့သော ပထမဦးဆုံး မြန်မာလူမျိုး ဆရာဝန်ဖြစ်လာခဲ့သည်။ 

၁၈၆၀ ပြည့်နှစ်များအတွင်း မောင်ရှောလူးသည် အမေရိကန် ပြည်ထောင်စုတစ်ခွင် လှည့်လည်ကာ မြန်မာနိုင်ငံ အကြောင်း ဟောပြောခဲ့သည်။ ထိုသို့ဖြင့် အင်ဒီယားနားပြည်နယ်၊ ဂိုရှန်မြို့သို့ ရောက်သွားခြင်း ဖြစ်နိုင်ပါသည်။မောင်ရှောလူးသည် လူပေါင်းဆံ့သဖြင့် လူချစ်လူခင် ပေါသည်။ လောကကြီးက ဖန်တီးပေးသမျှ အခွင့်အလမ်းတိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သူ ဖြစ်သည်။ ၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၁၇ ယောက်မြောက် သမ္မတ အန်ဒရူးဂျွန်ဆင် (Andrew Johnson)နှင့် တွေ့ဆုံခွင့် ရခဲ့သေးသည်။ သမ္မတအား မင်းတုန်းမင်းထံသို့ ထောက်ခံစာတစ်စောင် ရေးပေးရန်ပင် ဖျောင်းဖျနိုင်ခဲ့သည်။

မောင်ရှောလူးသည် ဒေါက်တာရှောလူး အဖြစ် မွေးရပ်မြေ မော်လမြိုင်မြို့သို့ ပြန်လာခဲ့ပြီး ဆရာဝန်တစ်ဖြစ်လဲ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မောင်ရှောလူး ကွယ်လွန်ခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်