၁၆၇၇ ခုနှစ်တွင် ဝူဆန်ကွေ့၏ တော်လှန်မှုကို ချေမှုန်းရန် မန်ချူးစစ်သူကြီး ဒေါင် ချီတက်လာပုံ
၁၆၄၆
ထွက်ပြေးရလေသော တရုတ်မင်းသား
room China
အနောက်အရပ်တွင် တစ်ခဏအတွင်း အင်အားယုတ်လျော့လာသော ရခိုင်ပြည် နယ်နိမိတ် အတွင်းသို့ မဂိုတို့ ကျူးကျော်ဝင်ရောက်လာနေသည်။ မြောက်အရပ်နှင့် အရှေ့အရပ်တွင်မူ ပိုမိုပင် အင်အားတောင့်တင်းလာသည့် တရုတ်တို့၏ ဖိအားပေးမှုမှာ မြန်မာပြည် အလယ်ပိုင်းထိ ရောက်လာသည်။
၁၆၄၆ ခုနှစ်တွင် နယ်ချဲ့ မန်ချူးတပ်များ (Manchus) က တရုတ်ပြည် (China) ပိုင်နက် ယန်ဇီမြစ်ဝှမ်း (Yangtze Valley) နှင့် အရှေ့ဘက် ကမ်းရိုးတန်းဒေသများ သိမ်းပိုက်လိုက်ပြီးနောက် ၂၃ နှစ်အရွယ် ဝမ်လီဧကရာဇ် (Wanli Emperor) ၏ မြေးဖြစ်သူ ကွေ့မင်းသား (the Prince of Gui) သာလျှင် အသက်ရှင်လွတ်မြောက်ခဲ့သည်။ မင်းသားသည် မင်မင်းဆက် (Ming dynasty) တည်တံ့ရေး အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ နှစ်ပေါင်းများစွာ တရုတ်ပြည်တွင် စစ်မီးတောက်လောင်နေခဲ့သည်။ မန်ချူးခေါင်းဆောင် နူဟာစီ (Nurhaci) သည် အာမူးမြစ်ဝှမ်း (Amur Rivery valley) တစ်လျှောက် ခြေသလုံးအိမ်တိုင် လှည့်လည်သွားနေထိုင်သော တန်ဂူဆစ်ဘာသာ (Tungusic) ပြောသည့် လူမျိုးစုများကို သူ့လက်အောက်သို့ ပေါင်းစည်း သိမ်းသွင်းနိုင်ခဲ့သည်။ ပထမတွင် မန်ချူးတို့သည် မြောက်ပိုင်း နယ်စပ်ဒေသများကို သိမ်းသွင်းသည်။ ယင်းနောက် ၁၆၄၄ ခုနှစ်တွင် ပီကင်း (Peking) နေပြည်တော်ကိုပါ သိမ်းယူသည်။ မန်ချူး ချင်မင်းဆက် (Qing dynasty) တဖြည်းဖြည်းနှင့် တရုတ်ပြည်မသို့ ရောက်ရှိလာသည့်အခါ တရုတ်ဘုရင်ဟောင်း၏ သြဇာအာဏာ ယိုယွင်းကာ သစ္စာခံများ အကွဲကွဲအပြားပြား ဖြစ်သွားတော့သည်။ ထိုကာလမှစ၍ တရုတ်ပြည်ကြီးကို အဆိုပါ နွားနို့သောက်၊ ဒိန်ခဲစားသည့် အာရှတိုက် မြောက်ဖျားမှ ခြေသလုံးအိမ်တိုင်များက အုပ်ချုပ်စိုးမိုးခဲ့သည်မှာ ၁၉၁၁ ခုနှစ် သမ္မတအုပ်ချုပ်ရေးစနစ် အတွက် တော်လှန်ရေးကာလ မတိုင်ခင် အထိ ဖြစ်သည်။
ကွေ့မင်းသား၏ ဖခမည်းတော်မှာ ဝမ်လီဧကရာဇ်၏ သတ္တမမြောက် သားတော် ဖြစ်သည်။ မင်းသားလေးသည် အလွန် အဆင့်အတန်း ခွဲခြားပြီး စည်းစိမ်အပြည့် ခံစားရသည့် နန်းတော်အသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့ရသည်။ ယခုမူ ငယ်ငယ်ရွယ်ရွယ်နှင့် မန်ချူးရန်မှ ထွက်ပြေးတိမ်းရှောင်နေရလေပြီ။ ပထမတွင် မင်းသားသည် တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ် (Hunan) ရှိ ဘိုးဘွားပိုင် နယ်မြေများသို့ တိမ်းရှောင်သည်။ ထိုနေရာမှ တစ်ဆင့် အနောက်တောင်ဘက် ယနေ့ ဟောင်ကောင်မြို့ (Hong Kong) တည်ရှိရာ ဒေသသို့ ပြေးသည်။ ထိုဒေသသို့ ရောက်သောအခါ ပုလဲမြစ်ဝကျွန်းပေါ် (Pearl River delta) ဒေသ၏ ထုံးကျောက် ချောက်ကမ်းပါးများ အကြား တစ်နေရာတွင် ပြည်ပြေးနန်းတွင်းအုပ်စုက သူ့အား ဘုရင်အဖြစ် တရားဝင် တင်မြှောက်ကြသောအခါ ကွေ့မင်းသားသည် သက်တမ်း ၃၀၀ တိုင် အဓွန့်ရှည်ခဲ့သည့် မင်မင်းဆက်၏ ထီးမွေနန်းမွေ ဆက်ခံသူ ယုန်လဲ့ဧကရာဇ် (Yongle Emperor) ဖြစ်လာခဲ့သည်။
သူသည် မန်ချူးတို့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခုခံတွန်းလှန်လာသူများအတွက် အားကိုးအားထားပြုရာ ဖြစ်လာခဲ့သည်။ နောင်တစ်နှစ်ခွဲတာ ကာလပတ်လုံး ယုန်လဲ့ဘုရင်နှင့် နောက်လိုက်များသည် တရုတ်ပြည် တစ်ဘက်ခြမ်း တောင်ဘက်အရပ်ဆီသို့၊ ထိုမှတစ်ဆင့် ဗီယက်နမ်ပြည် (Vietnam) နယ်စပ်တစ်လျှောက် ခြေကျင်ခရီးနှင်ရာ ဂွမ်စီလူမျိုးစု (Guangxi) တို့ နေထိုင်သည့် အနောက်တောင်ဒေသထိ ရောက်ရှိလာခဲ့သည်။ ပီကင်းနေပြည်တော်နှင့် ဝေးရာသို့ ရှောင်နိုင်ခဲ့သော်လည်း ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် မင်ထီးနန်းသစ်မှာ ယခင် မင်မင်းဆက်များ လက်ထက်ကကဲ့သို့ ကျကျနန မရှိလှ။ ခေတ်ပြိုင်လေ့လာသူတစ်ဦးက ယုန်လဲ့ဘုရင်ကို ခစားသူများတွင် “ကွမ်းစားတတ်သူ၊ ဆားချက်လုပ်သား၊ ဒေသခံ ဆောင်ကြာမြိုင် ပိုင်ရှင် စသူတို့ဖြင့် စရိုက်စုံလှသည်”ဟု ဆိုခဲ့သည်။ သို့သော်လည်း ယုန်လဲ့ဘုရင်ဘက်မှ တိုက်ပေးမည့် သစ္စာခံများကို စည်းရုံးနိုင်ခဲ့ပြီး ချင်တပ်များကို ရှေ့ဆက်မတိုးနိုင်အောင် ထိန်းနိုင်ခဲ့သေးသည်။
၁၆၅၀ ပြည့်နှစ် အစောပိုင်းတွင် ချင်တပ်များသည် ကွေ့မင်းသားကို ထောက်ခံသည့် ဒေသများရှိ ခံတပ်များကို ထိုးဖောက်နိုင်ခဲ့ပြီး တောင်ပိုင်းရှိ ကွေ့မင်းသား၏ အခြေစိုက်တပ်စခန်းများကို စီးနင်းတိုက်ခိုက်တော့သည်။ ဤကဲ့သို့ ထိုးစစ်ဆင်နွှဲရာ၌ မန်ချူးတို့က ယင်းတို့၏ဘက်တော်သား မင်စစ်သူကြီးများကို အားကိုးအားထားပြုသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က မန်ချူးထံ ဘက်ပြောင်းသစ္စာခံသော စစ်သူကြီးများ ဖြစ်ကြသည်။ ယင်းတို့သည် ယုန်လဲ့ဘုရင်၏ နောက်လိုက်များကို ထပ်ကြပ်မကွာ လိုက်လံတိုက်ထုတ်ရာ တဖြည်းဖြည်းနှင့် အနောက်တောင်အရပ်သို့ ရောက်ရှိလာခဲ့သည်။ ၁၆၅၈ ခုနှစ်တွင် တန်ဂူးနယ် (Tengyue) ရှိ နယ်စပ်မြို့ငယ် တစ်နေရာ၌ ယုန်လဲ့ဘုရင်၏ တပ်များက မန်ချူးတပ်များကို နောက်ဆုံးအကြိမ် ခုခံတိုက်ခိုက်သည်။ ယင်းနောက် တောင်တန်းများကို ဖြတ်ကျော်ကာ မြန်မာမင်းပိုင်နက် အတွင်းသို့ ထွက်ပြေးရတော့သည်။
ကွေ့မင်းသားသည် အရှေ့မြောက်ပိုင်းရှိ တောင်တန်းဒေသမှ မြန်မာပိုင်နက်ထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုအရပ်များတွင် အင်းဝနေပြည်တော်၏ သြဇာသည် တစ်ဆင့်ခံသာ သက်ရောက်သည်။ ထိုအရပ်တွင် နေထိုင်သူအများစုမှာ မြန်မာများ မဟုတ်။ ထိုင်းဘာသာနှင့် ခပ်ဆင်ဆင် ဘာသာစကားကို ပြောဆိုကြသည့် မြန်မာတို့က ရှမ်းဟု ခေါ်သူများ ဖြစ်သည်။ ထိုအရပ်ရှိ အချို့သော ပြည်ထောင်များမှာ အရွယ်အစား အတော်အသင့် ကြီးမားသည်။ ဥပမာအားဖြင့် ဇင်းမယ်ပြည် (Chiang Mai) နှင့် ကျိုင်းတုံပြည် (Kengtung) ဆိုလျှင် ယခုခေတ် ဘယ်ဂျီယမ်နိုင်ငံ (Belgium) သို့မဟုတ် ဝေလနယ် (Wales) လောက်ပင် ရှိခဲ့သည်။ သေးငယ်ပြီး ဆင်းရဲနွမ်းပါးသော တောင်ပေါ်ဒေသများကို စုပေါင်းထားသည်များလည်း ရှိသည်။။ မင်မင်းဆက် အစောပိုင်း ခေတ်ကာလက တရုတ်ပြည်မှ သေနတ်နှင့် ယမ်းအသုံးပြုပုံကို အရှေ့တောင်အာရှတွင် ပထမဦးဆုံး သင်ယူတတ်မြောက်ခဲ့ဖွယ် ရှိသည့် ထိုနယ်သားများသည် တောင်ပိုင်းသို့ နယ်ချဲ့လာဖူးပြီး အင်းဝနှင့် မြေပြန့်လွင်ပြင်ဒေသကို လွှမ်းမိုးကြီးစိုးခဲ့ဖူးလေသည်။ နောက်ပိုင်းတွင်မူ စော်ဘွား အဆင့်ဆင့်နှင့် အုပ်ချုပ်ကာ ပလွှားမှု နည်းသော ပြည်ထောင်များ အဖြစ် ပြောင်းလဲရပ်တည်လာခဲ့သည်။ အင်းဝနေပြည်တော်သို့ သမီးကညာဆက်သခြင်း၊ ငွေထည်နှင့် မြင်းစသဖြင့် လက်ဆောင်ပဏ္ဏာများ ဆက်သခြင်းဖြင့် မိတ်ဖက်ပြုထားနိုင်ခဲ့သည်။
ဤသို့နှင့် ကွေ့မင်းသားနှင့် နောက်လိုက်ဗိုလ်ပါ ၇၀၀ ကျော်တို့သည် မိုးမိတ်နယ်ခြားစခန်းသို့ ဆိုက်ရောက်လာခဲ့သည်။ ဦးစွာ ဒေသခံ ရှမ်းစော်ဘွားနှင့် တွေ့ဆုံပြီး မြန်မာပြည်တွင် ခိုလှုံခွင့် တောင်းခံလိုကြောင်း၊ မြန်မာမင်းအတွက် မနည်းလှသည့် ရွှေငွေရတနာများကို ဆက်သလိုကြောင်း ပြောသည်။ ပင်းတလဲမင်း နန်းစံနေချိန် ဖြစ်သည်။ ပင်းတလဲမင်းကလည်း သဘောတူပြီး မင်းသားကို လှိုက်လှဲစွာ လက်ခံကြိုဆိုသည်။ ထို့အပြင် အင်းဝနေပြည်တော်၏ ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ စစ်ကိုင်းမြို့တွင် မင်းသား နေထိုင်ရန် အိမ်တော်တစ်ဆောင် တည်ဆောက်ပေးသည်။ တကယ်တော့ ကွေ့မင်းသားနှင့် အဖွဲ့သည် နောက်ထပ် စစ်ဘေးရှောင်လာဦးမည့် ထောင်သောင်းချီသော တရုတ်လူမျိုးတို့၏ ရှေ့ပြေးအသုတ်သာ ဖြစ်သည်။ နောက်တွင် ဆက်ရောက်လာသည့် အုပ်စုများတွင် စစ်ပြေးဒုက္ခသည်များ ပါဝင်သလို တရုတ်ပြည် အနောက်တောင်ပိုင်းတွင် ဖြစ်ပွားနေသော မင်းမဲ့အခြေအနေကို အခွင့်ကောင်းယူကာ ခိုးဆိုးလုယက်နေသော ရာဇဝတ်ကောင်များ၊ ဓားပြများလည်း ပါဝင်သည်။ ယခုမူ တရုတ်လူမိုက်အုပ်စုသည် မြန်မာပိုင် တောင်တန်းဒေသကို အကြမ်းဖက်ရန် ကြံစည်ကြတော့သည်။ ယင်းတို့က ကွေ့မင်းသားကို သစ္စာခံသည်ဟု ဆိုပြီး မင်းသားလည်း စစ်ကိုင်းမြို့ကို စွန့်ခွာကာ ၎င်းတို့နှင့် အတူလာပေါင်းပါရန် ဖိတ်ခေါ်သည်။ အရှေ့ဘက်ရှိ မိုးနဲမြို့နှင့် ညောင်ရွှေမြို့ကို သိမ်းပိုက်လိုက်ကြသည်။ ယင်းတို့ကို တားဆီးရန် ပင်းတလဲမင်းက စေလွှတ်လိုက်သော တပ်ကို ချေမှုန်းပစ်သည်။ ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးသည်။ ရွာလုံးကျွတ် ဓားပြတိုက် လုယက်သည်။ ဖမ်းဆီးရမိသော ရွာသူရွာသားများကို သတ်ဖြတ်သည်။ များမကြာမီ အင်းဝနေပြည်တော်၏ အဝင်ပေါက် ဖြစ်သည့် တံတားဦးမြို့သို့ပင် ရောက်ရှိလာတော့သည်။ ပင်းတလဲမင်း၏ ပေါ် တူဂီလူမျိုး အမြှောက်တပ်သားများက ကြံ့ကြံ့ခံနေ၍သာ ရှေ့ဆက်မတိုးနိုင်ခဲ့။
ကွေ့မင်းသားခမျာ အကြီးအကျယ် တောင်းပန်ရှာပါသည်။ သူ့နာမည် တပ်၍ ဖြစ်ပျက်နေသမျှနှင့် လုံးဝ မသက်ဆိုင်ကြောင်း အကြောက်အကန် ငြင်းဆိုရှာသည်။ ဖြစ်လာသမျှအတွက် လက်ညှိုးထိုးခံရသည်မှာ ပင်းတလဲမင်းသာ။ ပင်းတလဲမင်းသည် ပျော့ညံ့သည့် ဘုရင် ဖြစ်သည်။ မိဖုရားမှ မွေးဖွားလာခြင်း မဟုတ်ဘဲ ကိုယ်လုပ်တော်၏ သား ဖြစ်သောကြောင့် တရားဝင် မင်းမျိုးမင်းနွယ် အဖြစ် မသတ်မှတ်ကြ။ နန်းတက်စဉ်ကလည်း ပင်းတလဲမင်းကို သြဇာအာဏာ ရှိသည့် မှုးကြီးမတ်ရာ တစ်အုပ်စုက အမြဲ လွှမ်းမိုးခြယ်လှယ်နေခဲ့သည်။ ယခုတော့ ပင်းတလဲမင်းမှာ ဖြစ်သမျှ ပြဿနာ အလုံးစုံ အတွက် ဓားစာခံ ဖြစ်သွားလေသည်။ သူ့ကို ခြယ်လှယ်နေခဲ့သည့် နန်းတွင်းအုပ်စုကပင် ညီတော် ပြည်မင်းသားအား နန်းတင်သည်။ ပင်းတလဲမင်းကို နန်းချရန် ပထမဆုံး လှုံ့ဆော်သူမှာ တော်ဝင်မျိုးရိုး စစ်သည်များ ဖြစ်ကြသည်။ ယင်းတို့ တောရွာကျေးလက်များ၌ ဆိုးဆိုးဝါးဝါး သေကြေပျက်ဆီးနေမှုများကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။ အများစုမှာ အင်းဝမြို့ တောင်ဘက်ရှိ ဆည်ရေသောက် လယ်ယာမြေများတွင် နေထိုင်သော မိသားစုများ ဖြစ်ကြသည်။ တရုတ်လူမျိုးတို့ ကျူးကျော်ဝင်ရောက်လာသဖြင့် စားနပ်ရိက္ခာ ရှားပါးငတ်မွတ်လာသည့် ပြည်သူများက ဘုရင်မင်းမြတ်ထံ အကူအညီတောင်း အသနားခံသည်။ သို့ရာတွင် ရှင်ဘုရင်က မျက်နှာလိုက်ကာ သူ၏အသည်းကျော် မိဖုရားမောင်းမများကို ဆန်စပါး မတန်တဆဈေးဖြင့် ရောင်းချခွင့် ပြုခဲ့သည်။ တော်ဝင်စစ်သည်များက နန်းတော်တွင်းရှိ အမတ်ကြီးများကို လျှောက်လဲရာ အလျင်အမြန်ပင် ပင်းတလဲမင်းကို နန်းချပစ်၍ အဖေတူ အမေကွဲ ညီတော် ပြည်မင်းသားကို နန်းတင်လိုက်တော့သည်။
ပြည်မင်းမှာ ပိုမို ထက်မြက်သည်။ နန်းတက်ပြီးချင်းပင် တစ်စထက် တစ်စ ထိတ်လန့်တုန်လှုပ်နေရှာသော ကွေ့မင်းသားကို သတိထား စောင့်ကြည့်သည်။ ဒုက္ခသည် တရုတ်ဧကရာဇ်သည် တရုတ်ဓားပြအဖွဲ့များနှင့် ပူးပေါင်းကြံစည်နေသည်ဟု သံသယ ရှိသည်။ သို့နှင့် ပြည်မင်းက မင်းသား၏ သစ္စာခံ အားလုံးကို စစ်ကိုင်းမြို့ရှိ ထူပါရုံဘုရားတွင် စုဝေးရန် ဆင့်ခေါ်သည်။ မဟာမိတ် မြဲမြံပါကြောင်း ကိုယ်တိုင်ကိုယ်ကျ လာရောက် သစ္စာခံရန် ပြောသည်။ ယုန်လဲ့ဘုရင်၏ နောက်လိုက်များက အစတော့ ငြင်းဆန်သေးသည်။ ယင်းတို့ ယုံကြည်ရသော မန်စီစော်ဘွားပါ လိုက်ခဲ့မည်ဆိုမှ သဘောတူကြသည်။ ဤသည်မှာ တစ်ဖက်လှည့်နှင့် ခေါ်ခြင်းသာ။ ဘုရားသို့ ရောက်လျှင် မန်စီစော်ဘွားကို တခြားသို့ ခေါ်ထုတ်သွားပြီး ဘုရင့်စစ်တပ်များက တရုတ်တို့ကို ဝိုင်းထားလိုက်သည်။ တရုတ်တို့က ဓားထုတ်ခုခံရန် ပြင်သည့်အခိုက်တွင် ဘုရင့်စစ်သည်များက သေနတ်ဖြင့် ပစ်ခတ်ကြသည်။ အသက်မသေ ကျန်ရှိသူများကို ခေါင်းဖြတ်သတ်သည်။ သတင်းကြားရသောအခါ ကွေ့မင်းသားမှာ ပိုလို့ပင် တုန်လှုပ်လာတော့သည်။
ကွေ့မင်းသား မြန်မာပြည်သို့ ခိုဝင်ပြီး လေးနှစ်အကြာ ၁၆၆၂ ခုနှစ်တွင် တရုတ်စစ်သူကြီး ဘုရင်ခံ ဝူဆန်ကွေ့ (Wu Sangui) သည် စစ်သည်အလုံးအရင်းနှင့် မြန်မာပြည်တွင်းသို့ ဝင်လာသည်။ စစ်သည် ၂၀,၀၀၀ အင်အားရှိ တပ်မတော်ကြီးသည် ရှမ်းတောင်တန်းများကို ကျော်ဖြတ်ကာ တောက်လျှောက်ချီတက်လာပြီး အင်းဝနေပြည်တော်နှင့် မိုင်အနည်းငယ် အကွာတွင်မှ တပ်ချရပ်နားသည်။ မင်မင်းသားကို သူ့လက်အပ်ရန် တောင်းဆိုသည်။ ဝူဆန်ကွေ့မှာ ထိုအချိန်က အသက် ၅၀ အရွယ်။ မင်မင်းဆက် လက်ထက်က တပ်မှူးကြီးတစ်ယောက် ဖြစ်ခဲ့သော်လည်း မင်ဘုရင်ကို သစ္စာဖောက်ကာ မြောက်ဘက်မှ ချီတက်လာသော မန်ချူးတပ်များ တရုတ်ပြည်တွင်းသို့ ဝင်နိုင်ရန် မဟာတံတိုင်းကြီး၏ ဂိတ်တံခါးများကို ဖွင့်ပေးခဲ့သူ ဖြစ်သည်။ ၁၆၇၃ ခုနှစ်တွင် သူသည် နောက်တစ်ကြိမ် ဘက်ပြောင်းပြီး မန်ချူးတို့ကို တော်လှန်ပေဦးမည်။ လောလောဆယ်တွင် သူသည် မန်ချူးဘက်တော်သား ဖြစ်ပြီး မန်ချူးဧကရာဇ်သစ်၏ နှမတော်ကို လက်ဆက်ထားသေးသည်။
ပြည်မင်းက တိုက်ပွဲဝင်လိုသော်လည်း မှူးမတ်များက သည်လောက် ဂြိုလ်မွှေသော ဧည့်သည်ကို တစ်ခါတည်း အပြတ် ရှင်းထုတ်ပစ်လိုက်တော့ရန် အကြံပေးကြသည်ဟု သိရသည်။ သို့နှင့် ကွေ့မင်းသားနှင့် မိသားစုကို အကျဉ်းသား အဖြစ် လွှဲပြောင်းပေးအပ်လိုက်သည်။ ထိုအချိန်တွင် မင်းသားမှာ အသက် ၃၇ နှစ် အရွယ် ဖြစ်ပြီး သားတော်မှာ အသက် ၁၄ နှစ်သာ ရှိသေးသည်။ ယင်းတို့ကို ယူနန်ပြည် (Yunnan) ရှိ ကူမင်းမြို့ (Kunming) သို့ ခေါ်ဆောင်သွားကာ ဈေးလည်ခေါင်တွင် လေးကြိုးဖြင့် လည်ညှစ်သတ်လိုက်ကြသည်။ သားတော်တစ်ပါးမှာ မြန်မာပြည်တွင်းမှာပင် ဆုံးပါးသွားခဲ့ပြီး တရုတ်နယ်စပ် အနီးရှိ ဗန်းမော်မြို့နားတွင် မြှုပ်နှံထားခဲ့သည်။ မိဖုရားနှင့် သမီးတော်များကိုမူ ပီကင်းနေပြည်တော်သို့ ခေါ်ဆောင်သွားကြသည်။ ကွေ့မင်းသားနှင့် မိသားစုသည် မြန်မာပြည်တွင် နေထိုင်စဉ် ကာလများအတွင်း ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ (Roman Catholicism) သို့ ကူးပြောင်းခဲ့သည်။ အင်းဝမြို့ရှိ ဘရင်ဂျီဘာသာရေး ဂိုဏ်းဝင် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး၏ ဟောပြောမှုကြောင့် ဖြစ်သည်။ ပြိုလဲသွားပြီဖြစ်သော ဘိုင်ဇင်တိုင်မျိုးနွယ် (Byzantine House) ၏ ခရစ်ယာန်အမည်များကို ပြောင်းလဲခံယူခဲ့သည်။ သားတော်အကြီးဆုံးမှာ ကွန်စတန်တင်း (Constantine)၊ မယ်တော်မိဖုရားမှာ အဲန်း (Anne) ၊ သမီးတော်များမှာ ဟယ်လင် (Helen) နှင့် မေရီ (Mary) တို့ ဖြစ်ကြသည်။
ထိုသို့ တိုင်းပြည်မငြိမ်မသက်မှုများက သက်တမ်းနှစ်ရာနီးပါး သက်တမ်းရှိနေပြီ ဖြစ်သည့် မြန်မာမင်းဆက်ကို ယိမ်းယိုင်စေခဲ့ပါသည်။ သို့သော် တရုတ်တို့၏ ကျူးကျော် အနှောင့်အယှက်ပေးမှုကို ကြံ့ကြံ့ခံကာ အာဏာဖီဆန်မှုများ မရှိဘဲ မပြိုမလဲ ရပ်တည်နိုင်ခဲ့သည်။ မင်းပြောင်းမင်းလွှဲ ဖြစ်သွားသည်ကလည်း တစ်ကြောင်း ဖြစ်သည်။ ထိုခေတ်က အရှေ့တောင်အာရှဒေသရှိ လူ့အဖွဲ့အစည်း အားလုံးတွင် တိုင်းပြည် စီးပွားရေးအင်အား တောင့်တင်းရခြင်း၏ အဓိကသော့ချက်မှာ ပိုင်နက်ကြောင့် မဟုတ်ဘဲ ပြည်သူပြည်သားများသာ ဖြစ်သည်။ လူအင်အားသာ အဓိကကျခဲ့သည်။ လူများကို သိမ်းယူဖမ်းဆီးရန်၊ ပစ္စည်းဥစ္စာများကို လုယူသိမ်းပိုက်ရန်အတွက် တိုက်ပွဲများ ဖြစ်ပွားကြသည်။ အစိုးရဆိုသည်မှာ ဘုရင့်သြဇာခံများကို အုပ်ချုပ်စီမံရန်သာ ဖြစ်သည်။ နောင်တွင် ထိုအရေးအရာများ ပြောင်းလဲကာ စနစ်တကျ ရှိလာခဲ့ပါသည်။ ထို့အပြင် တိုင်းပြည်၏ ပုံရိပ်၊ ဘုရင့်နောင်၏ အောင်ပွဲများ၊ ရှေးယခင် ပုဂံခေတ်နှင့်၊ ပြည်(သရေခေတ္တရာ) ၏ အမှတ်တရများ စသည်တို့အားလုံး ကျန်ရှိနေပါသေးသည်။ အင်းဝမင်းဆက် ပြိုလဲသွားသည့်အခါ နောင်တက်မည့် တော်ဝင်မျိုးနွယ်စုက ရှေးခေတ် ထုံးတမ်းစဉ်လာများကို ဆက်လက်ထိန်းသိမ်းပါလိမ့်မည်။ ရန်သူအသစ်စက်စက် အင်္ဂလိပ်တို့၏ အရှေ့အိန္ဒိယကုမ္ပဏီ လက်တွင်းသို့ ဆင်းသက်ရတော့မည့်ကိန်း ဆိုက်သောအခါမှ အမြစ်ကစ မြေလှန်ရမည့် ပြောင်းလဲမှုများ ပြုလုပ်ရန် အသိဝင်လာပါလိမ့်မည်။
~ သန့်မြင့်ဦး၏ The River of Lost Footsteps စာအုပ်မှ ကောက်နှုတ်ပါသည်။
မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်