အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာလူမျိုးတို့၏ မျိုးဗီဇသမိုင်းကြောင်း

မြန်မာလူမျိုးတို့၏ မျိုးဗီဇသမိုင်းကြောင်း

Read in English

လွန်ခဲ့သော လေး-ငါးနှစ်အတွင်း မျိုးဗီဇသိပ္ဗံပညာရပ်နယ်ပယ်တွင် အချိုးအကွေ့များ ဖြစ်ပေါ်လာသည်။ ယခုအခါ သိပ္ဗံပညာရှင်များသည် မကြာသေးမီအချိန်ကအထိ ရှိမနေခဲ့သည့် နည်းလမ်းသစ်များ သုံးကာ လူသားမျိုးနွယ်၏ ရှေးအတိတ် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်သစ်များကို  ဖော်ထုတ်နိုင်ခဲ့သည်။ နောင်ငါးနှစ်၊ ဆယ်နှစ်ဆိုလျှင် ဤတိုင်းပြည်၏ မျိုးဗီဇသမိုင်းကြောင်းကို ယနေ့ထက်ပင် ပိုသိရှိလာနိုင်မည် ဖြစ်သည်။ ယနေ့အချိန်ထိ သိရှိထားသည်များ လက်လှမ်းမီသလောက် အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။

(မြန်မာ-Burmese ဟု ဆိုရာတွင် ဧရာဝတီမြစ်ဝှမ်းဒေသမှ မြန်မာစကားပြောသော ဒေသခံလူမျိုး အများစုကို ဆိုလိုပါသည်။)

ခန္ဒာဗေဒအားဖြင့် (မိမိတို့နှင့် ရုပ်ခန္ဓာပိုင်းဆိုင်ရာ အားလုံးနီးပါး ဆင်တူသည့်) ခေတ်သစ်လူသားများသည် လွန်ခဲ့သော ဘီပီ (BP ဟူသည်မှာ ပစ္စုပ္ပန်ကာလ မတိုင်မီ (Before Present) ဟု ဆိုလိုသည်။) နှစ် ၂ သိန်းခန့်က အာဖရိကတိုက်တွင် ဆင့်ကဲ့ပြောင်းလဲခဲ့သည်။

ဘီပီ နှစ် ၁၂၀၀၀၀ တွင် တစ်သုတ်၊ ဘီပီ နှစ် ၆၀၀၀၀ တွင် တစ်သုတ် ထိုခေတ်သစ်လူသားများ အာဖရိကတိုက်ကို စွန့်ခွာခဲ့ကြဟန် ရှိသည်။ ဥရောပတိုက်၊ အာရှတိုက်နှင့် အမေရိကတိုက်ရှိ လူသားများ အားလုံးသည် ဒုတိယအသုတ်မှ ဆင်းသက်လာသည်။

ဘီပီ နှစ် ၆၀၀၀၀ ကာလ ခေတ်သစ်လူသားများသည် အရှေ့အရပ်သို့ အိန္ဒိယ၊ မြန်မာ တဖြည်းဖြည်းနှင့် သြစတြေးလျတိုက်ထိ ရောက်ရှိလာခဲ့သည်။ မြောက်ပိုင်းသို့ ဆက်လက် ရွှေ့ပြောင်းသွားသော လူသားများကမူ ယနေ့ခေတ် အာရှတိုက် အလယ်ပိုင်းသို့ ရောက်ရှိသွားကြသည်။ ထိုအချိန်က ဥရောပတိုက်နှင့် အာရှတိုက်တွင် ခေတ်သစ်လူသားများ ဥရောပတိုက်တွင် နီယန်ဒသယ်လ်များ (Neanderthals)၊ အာရှတိုက်တွင် ဒန်နီဆိုဗန်များ (Denisovans)၊ အင်ဒိုနီးရှားတွင် ဟိုမိုအီရက်တက်စ်များ (Homo Erectus) နှင့် လူပုမျိုးများ (Hobbits) ကဲ့သို့ အခြား လူသားမျိုးစိတ်များလည်း နေထိုင်ကြလျက်ရှိသည်။

ထိုကာလက ပင်လယ်ရေမျက်နှာပြင်သည် ယနေ့ခေတ်ထက် များစွာ နိမ့်ခဲ့သည်။ ယနေ့ခေတ် အရှေ့တောင်အာရှ၏ ဒေသ အတော်များများသည် ကုန်းမြေဆက်စပ်နေသော ဒေသကြီးတစ်ခု ဖြစ်ခဲ့သည်။ ထိုဒေသကို ဆန်းဒါးလန်း (Sundaland) ဟု ခေါ်သည်။ ဘီပီ နှစ် ၂၀,၀၀၀ ခန့်က ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး ဒေသတစ်ခု ဖြစ်ခဲ့ပါလိမ့်မည်။

ဘီပီ နှစ် ၆၀,၀၀၀ မှ ဘီပီ နှစ် ၁၀,၀၀၀ အကြား ကာလများက ဆန်းဒါးလန်းဒေသရှိ အခြားအုပ်စုငယ်များ နေထိုင်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အမဲလိုက် အစာရှာသူ အုပ်စုငယ်များ နေထိုင်ကြသည်။ ထိုအုပ်စုများ မည်သည့် ပုံပန်းသွင်ပြင်သဏ္ဌာန် ရှိခဲ့ကြသည်ကိုတော့ မသိရှိပါ။ သတိပြုသင့်သည်မှာ လွန်ခဲ့သော ဘီပီ နှစ် ၅၀,၀၀၀ မှ ၁၀,၀၀၀ ခန့်က ကမ္ဘာအနှံ့အပြားတွင် နေထိုင်သော လူသားများသည် ယနေ့ခေတ်လူသားများနှင့် ရုပ်သွင်အလုံးစုံ တူချင်မှ တူပေလိမ့်မည်။  

ထိုလူသားများသည် ဆန်းဒါးလန်းမှ မြောက်ဘက် ယနေ့ တရုတ်ပြည်တည်ရှိရာသို့၊ ထိုမှတစ်ဆင့် ဆိုက်ဘေးရီးယား ဒေသသို့၊ အရှေ့ဘက် ဆက်လက်သွားကာ အမေရိကားတိုက်နှင့် အနောက်ဘက်  ဥရောပတိုက်သို့ ရွှေ့ပြောင်းနေထိုင်လာခဲ့ကြသည်။

ဘီပီ နှစ် ၁၀,၀၀၀ ခန့်တွင် ရေခဲခေတ် ကုန်ဆုံးသွားသောအခါ ဥရောပတိုက်နှင့် အာရှတိုက်တို့တွင် ရာသီဥတု အနေအထားများသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ ထိုအခါ မြန်မာပြည်နှင့် အန်ဒမန်ကျွန်းများ အကြားရှိ မြေသားတံတားကို ရေလွှမ်းမိုးသွားခဲ့သည်။ ယနေ့ခေတ် အန်ဒမန်ကျွန်းသားသည်များ မြန်မာပြည်တွင် နေထိုင်ခဲ့ဖူးပြီး ထိုမြေသားတံတား ရေလွှမ်းမိုးသွားပြီးနောက် ကျွန်းပေါ်တွင် ကျန်ရစ်ခဲ့သည့် အမဲလိုက်အစာရှာသူများမှ ဆင်းသက်လာသည်။

ဘီပီ နှစ် ၇,၀၀၀ ခန့်က ယနေ့ခေတ် တရုတ်ပြည်ရှိရာ ဒေသတွင် ထူးခြားသော လူမျိုးစု နှစ်စုရှိခဲ့သည်။ ယခုတော့ မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်သည့် ထိုကဲ့သို့အုပ်စုများကို လူမသိသူမသိ လူမျိုးစုများ (Ghost Populations) ဟု ခေါ်သည်။ တစ်စုမှာ မြစ်ဝါမြစ် တစ်လျှောက် နေထိုင်ခဲ့ကြပြီး ပြောင်းဆန် စိုက်ပျိုးရေး လုပ်ကိုင်ခဲ့ကြသည်။ နောက်လူစု တစ်စုမှာမူ ယန်ဇီမြစ် တစ်လျှောက် နေထိုင်ခဲ့ကြပြီး ဆန်စပါး စိုက်ပျိုးရေး လုပ်ကိုင်ခဲ့ကြသည်။ 

မြန်မာဘာသာ၊ တိဘက်ဘာသာ၊ တရုတ်ဘာသာတို့၏ မူလအရင်းခံ ဘာသာစကားတစ်မျိုးကို မြစ်ဝါဒေသလူမျိုးစုတို့ သုံးစွဲခဲ့ဟန် ရှိသည်။

ယန်ဇီဒေသလူမျိုးစုကမူ မုန္ဒဘာသာ (အိန္ဒိယနိုင်ငံမှ)၊ မွန်ဘာသာ၊ ခမာဘာသာနှင် ဗီယက်နမ်ဘာသာတို့၏ မူလအရင်းခံ ဘာသာစကား တစ်မျိုးကို အသုံးပြုခဲ့ကြဟန် ရှိသည်။ ထိုယန်ဇီဒေသလူမျိုးစုတို့သည် အစောဆုံးသော ဆန်စပါး စိုက်ပျိုးသူများ ဖြစ်ပြီး ဘီပီ ၄,၀၀၀ ခန့်တွင် တောင်ဘက်သို့ ရွေ့ပြောင်းသွားကြရာ အရှေ့တောင်အာရှရှိ အမဲလိုက် အစာရှာသူအုပ်စုများနှင့် ရောနှောသွားခဲ့သည်။ ထိုသို့ ရောနှောမှုမှ အရှေ့တောင်အာရှသား အများစု ဆင်းသက်လာသည်။

မြန်မာလူမျိုးများကမူ ထိုသို့ မဟုတ်ဘဲ အနည်းငယ် ကွဲပြားသည်။ ဤအချက်သည် မကြာသေးမီက မျိုးဗီဇဆိုင်ရာ သုတေသနများကြောင့် ပို၍ပင် သိသာလာခဲ့သည်။ ဘီပီ နှစ် ၄,၀၀၀ ခန့်က လယ်သမားများသည် ယနေ့ခေတ် တရုတ်ပြည် အနောက်တောင်ဒေသသို့ ပထမဦးဆုံး ရွှေ့ပြောင်းရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် မြစ်ဝါဒေသလူမျိုးစုမှ ခွဲထွက်လာသူများ ဖြစ်နိုင်သည်။ သူတို့သည် ထိုဒေသတွင် နှစ်ထောင်သောင်းချီ နေထိုင်နေခဲ့ပြီးသား ဖြစ်သော အရှေ့တောင်အာရှ ဒေသခံ အမဲလိုက် အစာရှာသူများနှင့် ရောနှောသွားကြပြန်သည်။ (ထို့ကြောင့် အရှေ့တောင်အာရှသား အများစုသည် ဘီပီ နှစ် ၄,၀၀၀ ခန့်က ယန်ဇီဒေသ လူမသိသူမသိလူမျိုးစုများနှင့် အရှေ့တောင် အာရှ ဒေသခံ အမဲလိုက် အစာရှာသူ အုပ်စုများ ရောနှောရာမှ ဆင်းသက်လာခြင်း ဖြစ်သော်လည်း မြန်မာအများစုမှာမူ မြစ်ဝါဒေသ လူမသိသူမသိလူမျိုးစုများနှင့် အရှေ့တောင်အာရှ ဒေသခံ အမဲလိုက် အစာရှာသူ အုပ်စုများ ရောနှောရာမှ ဆင်းသက်လာခြင်း ဖြစ်သည်။)

ဘီပီ နှစ် ၂၀၀၀ ခန့် ရောက်သောအခါ တတိယအုပ်စု တစ်ခု ရောက်ရှိလာပြန်သည်။ ယောကျ်ားသား အများစု ပါဝင်သည့် တိဘက်တို-ဘားမန်းနွယ် (Tibeto-Burman) ဘာသာစကားပြော ကြေးခေတ်လူသားများ ဖြစ်သည်။ တိဘက်တို-ဘားမန်း ဘာသာစကား အုပ်စုတွင် မြန်မာဘာသာနှင့် တိဘက်ဘာသာတို့ ပါဝင်သည်။ မျိုးဗီဇအားဖြင့် တိဘက်လူမျိုး၊ မြစ်ဝါဒေသလူမျိုးစုများနှင့် နီးစပ်သည်ဟု မှန်းဆရသည်။ ထိုရွှေ့ပြောင်းလာသော ကြေးခေတ်လူသား အုပ်စုသည်လည်း ဤဒေသတွင် ရှိနေနှင့်သော အုပ်စုများနှင့် ရောယှက်မိပြန်သည်။ တိဘက်တို-ဘားမန်း ဘာသာစကား တစ်ခု ဖြစ်သည့် ပျူဘာသာသည် ဧရာဝတီမြစ်ဝှမ်းဒေသတွင် တွင်ကျယ်လာသည်။

ဘီပီ နှစ် ၁၀၀၀ ခန့်တွင် မြန်မာဘာသာသည် ထပ်ပေါင်းစရာ အစိတ်အပိုင်းတစ်ခု အဖြစ် ထပ်မံ ပေါ်ပေါက်လာသည်။ မြန်မာဘာသာသည် တိဘက်တို-ဘားမန်း ဘာသာစကား  အုပ်စုမှ အိ-မြန်မာဘာသာ (Yi-Burmese) အုပ်စုခွဲတွင် ပါဝင်သည်။ တိဘက်ဘာသာနှင့် ဆက်နွယ်နေသော်လည်း ယနေ့ခေတ် ယူနန်ပြည်နယ် အနောက်ပိုင်းနှင့် စီချွမ်ပြည်နယ် တောင်ပိုင်းတွင် အသုံးပြုသော အိဘာသာစကားနှင့် ပိုမိုနီးစပ်သည်။ လီဆူးဘာသာသည်လည်း အိဘာသာစကား တစ်မျိုး ဖြစ်သည်။ ပျူဘာသာနှင့် မည်သို့  ဆက်စပ်သည်ကိုမူ အတိအကျ မသိရပါ။

အိ-မြန်မာဘာသာသည် ဘီပီ နှစ် ၁၂၀၀၀ ခန့်က နန်ချောင် (Nanzhao) တို့ ကျူးကျော်စဉ်က ပါလာဟန် ရှိသည်။ ထိုစဉ်က အိလူမျိုး (နန်ချောင်မင်းဆက်) တို့သည် ယနေ့ခေတ် တရုတ်ပြည်၏ အနောက်တောင်ပိုင်း ဒေသ အတော်များများကို အုပ်စိုးခဲ့ကြသည်။ ယနေ့ခေတ် တရုတ်ပြည်၏ အနောက်မြောက်ပိုင်း ဒေသများကို အုပ်ချုပ်ခဲ့သည့် တန်ဂူလူမျိုးများ (Tanguts) ကလည်း မြန်မာဘာသာနှင့် နီးစပ်သော ဘာသာစကား တစ်မျိုးကို အသုံးပြုကြသည်။

ထိုတစ်ချိန်တည်းမှာပင် သြစထရိုအာရှတစ် (Austroasiatic) လူမျိုးများနှင့် ရောစပ်မှုများလည်း ထိုဒေသတွင် ရှိနေသေးသည်။ ၎င်းတို့မှာ ယန်ဇီမြစ်လူမျိုးစုနှင့် အရှေ့တောင် အာရှ အမဲလိုက် အစာရှာသူ အုပ်စုများ ရောနှောမိရာမှ ဆင်းသက်လာသူများ ဖြစ်သည်။ ယနေ့အထိ မြန်မာပြည်၏ အရှေ့အရပ်တွင်ရော (ကမ္ဘောဒီယားနှင့် ဗီယက်နမ် လူမျိုးများ) အနောက်အရပ်တွင်ပါ (အိန္ဒိယနိုင်ငံမှ မုန္ဒလူမျိုး) သြစထရိုအာရှတစ် လူမျိုးများ နေထိုင်လျက်ရှိကြသည်။ မွန်လူမျိုးနှင့် ပလောင်လူမျိုးတို့ကလည်း သြစထရိုအာရှတစ် ဘာသာစကားများကိုပင် အသုံးပြုကြသည်။ ထို့ကြောင့် ကြေးခေတ် တိဘက်တို-ဘားမန်း ဘာသာစကားများ မရောက်ခင်က ဒေသအချို့တွင် သြစထရိုအာရှတစ် ဘာသာစကားများ ပိုမိုတွင်ကျယ်ခဲ့သည်ဟု ယူဆနိုင်သည်။

လွန်ခဲ့သော နှစ် ၁၅၀၀ မှ ၅၀၀ အတွင်းတွင် ဘင်္ဂလားနယ်မှ ကုန်းကြောင်းဖြင့်လည်းကောင်း၊ အိန္ဒိယတောင်ပိုင်းမှ ပင်လယ်ခရီးကြောင်းဖြင့်လည်းကောင်း အရှေ့ဘက်သို့ ခရီးဆန့်လာသော လူမျိုးများနှင့်လည်း ရောနှောမှုများ ထပ်မံရှိလာပြန်သည်။ ယနေ့ခေတ် ဘင်္ဂလီ (Bengali) လူမျိုးများသည်ပင် ကြေးခေတ် တိဘက်-မြန်မာနွယ်များနှင့် ရောနှောထားမှုများ ရှိသည်။

အနှစ်ချုပ်လျှင် မြန်မာတို့သည် အဓိကအားဖြင့် အရှေ့တောင်အာရှ ဒေသခံ အမဲလိုက် အစာရှာသူ အုပ်စု၊ မြစ်ဝါဒေသ လူမသိသူမသိလူမျိုးစုနှင့် နောင်တွင် တိဘက်တို-ဘားမန်း ဘာသာစကားပြော ကြေးခေတ်လူသားများ အုပ်စု သုံးခု အပြင် နောက်ပိုင်းတွင် သြစထရိုအာရှတစ် ဘာသာစကား (အထူးသဖြင့် မွန်ဘာသာ) ပြော လူမျိုးစုများနှင့် အိန္ဒိယမှ လူမျိုးစုများတို့ အုပ်စုများ ရောနှောရာမှာ ဆင်းသက်လာသည်ဟု ယူဆနိုင်သည်။

ယနေ့ခေတ် မြန်မာပြည်၏ တိုင်းရင်းသား လူမျိုးများသည် ဖော်ပြပါလူမျိုးစုများ အမျိုးမျိုး ပေါင်းစပ်ရောယှက်ထားခြင်း ဖြစ်နိုင်ပါသည်။ ထို့အတူ မြန်မာပြည်မှ လူတစ်ဦးချင်းကို ကြည့်ပါက အခြားမျိုးဗီဇ ရောနှောမှုများစွာ ရှိနိုင်ပါသေးသည်။ သို့ရာတွင် မြန်မာလူမျိုး အများစု၏ မျိုးဗီဇရာဇဝင်အကြောင်း သိရှိရသည်မှ ဤမျှ ဖြစ်ပါသည်။

သမိုင်းမတွင်မီ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်