အမေ့ခံအတိတ်
အမေ့ခံအတိတ်
မန္တလေးမြို့မှ ထူးဆန်းသည့် အမွှေးအမျှင်များ ရှည်လျားနေသော မိသားစု
မဖုံ
မဖုံ

1880s

မန္တလေးမြို့မှ ထူးဆန်းသည့် အမွှေးအမျှင်များ ရှည်လျားနေသော မိသားစု

people King Bagyidaw PT Barnum Shwe Maung

Read in English

တစ်ချိန်တစ်ခါက ကမ္ဘာကျော်ခဲ့သည့် မန္တလေးမြို့မှ ထူးထူးဆန်းဆန်း အမွှေးအမျှင်များ ရှည်လျားနေသော မိသားစု အကြောင်း သိရှိသူ နည်းလှသည်။ 

လာအိုနိုင်ငံ၏ တောင်တန်းဒေသများမှ တစ်ကိုယ်လုံး အမွှေးအမျှင် ပေါက်နေသည့် အမျိုးသားငယ် တစ်ဦးကို တွေ့ရှိရာ ဘကြီးတော်မင်း (၁၈၁၉-၁၈၃၇ ခုနှစ်များတွင် စိုးစံခဲ့သည်။) အား ဆက်သရန် အဝနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ခြင်းမှ အစပြုခဲ့သည်။ ထိုသူကို ရွှေမောင် ဟု အမည်ပေးခဲ့သည်။ သိရှိရသမျှမှာ သူ၏ မိသားစု မျိုးဆက်သုံးဆက်သည် အလွန် ရှားပါးသည့် မွေးရာပါ တစ်ကိုယ်လုံး အမွှေးအမျှင် ထူထပ်စွာ ပေါက်သည့် ရောဂါကို ခံစားခဲ့ရသည်။

၁၈၂၀ ပြည့်နှစ်များတွင် ရွှေမောင်နှင့် သူ၏ မိသားစုကို မြန်မာဘုရင်များက ထောက်ပံ့ခဲ့ကြသည်။ ဘုရင့်နန်းတော်တွင် နေထိုင်ရပြီး ပညာသင်ခွင့်လည်း ရခဲ့သည်။ အလည်အပတ် ရောက်ရှိလာသော ဥရောပတိုက်သားများ ကြည့်ရှုရန် မိမိကိုယ်ကို ပွဲထုတ်ခံခြင်းဖြင့် ဝင်ငွေရှာခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် ရတနာပုံ နေပြည်တော် အသိမ်းခံရသောအခါ ၎င်းတို့သည် ကြောက်လန့်တကြားဖြင့် တောထဲသို့ ထွက်ပြေးခဲ့ကြသည်။ နောက်ပိုင်းတွင် ဦးရွှေမောင်၏ သမီး (မဖုံ) နှင့် မြေးဖြစ်သူ (မောင်ဘိုးဆက်နှင့် မမိ) တို့သည် လန်ဒန်မြို့နှင့် ပါရီမြို့သို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် ယင်းတို့အား ဆပ်ကပ်အဖွဲ့တွင် လူထူးဆန်းအဖြစ် ပြသရန် လူအများက အလုအယက် ဝိုင်းဝန်း ငှားရမ်းကြလေသည်။ နောက်ဆုံး ငှားရမ်းရရှိသွားသူမှာ ပီတီဘာနမ် (PT Barnum - နောင်တွင် ဘာနမ်နှင့် ဘေလီ ဦးစီးသော ကမ္ဘာ့အကောင်းဆုံးပွဲ - Barnum and Baily’s Greatest Show on Earth) ဖြစ်ပြီး ဒေါ်လာတစ်သိန်း (ယနေ့တန်ဖိုးဖြင့် ဒေါ်လာသန်းနှင့်ချီသော ပမာဏ) ဖြင့် စာချုပ်ချုပ်ခဲ့သည်။ သို့နှင့် သူတို့မိသားစုကို ဆပ်ကပ်ပြပွဲများတွင် "ဟင်ဒူ အမွှေးထူ မိသားစု" နှင့် "ဗမာပြည်မှ လူထူးဆန်း အမွှေးထူ မိသားစု" အဖြစ် ပြသခဲ့သည်။ လူထူးဆန်း အဖြစ် လန်ဒန်မြို့၊ ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် ဆက်လက်ပြသခဲ့သည်။

၁၈၈၈ ခုနှစ်တွင် ဝါရှင်တန်မြို့ (Washington) သို့ ရောက်ပြီး မကြာမီ မဖုံ ကွယ်လွန်ခဲ့ပြီး ထိုဇာတိမြေနှင့် မိုင်ပေါင်းများစွာ ကွာဝေးသော နေရာတွင်ပင် ရုပ်အလောင်းကို မြှုပ်နှံထားသည်။ မဖုံ၏ သားသမီးများ ဖြစ်သော မောင်ဘိုးဆက်နှင် မမိတို့ အမေရိကန်ပြည်ထောင်စုတွင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်လား၊ မြန်မာပြည်သို့ ပြန်ရန် ကြိုးစားခဲ့သည်လား စသဖြင့် မည်သို့မည်ပုံ ဆက်လက်နေထိုင်သွားသည်ကိုမူ မသိရပေ။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်