1st millenium BC
ဘင်္ဂလားပြည် သမိုင်းကြောင်း
room India
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က ရှေးအကျဆုံး အာရီယန် ဘာသာစကား (Aryan) ကို ပြောဆိုကြသော လူ့အဖွဲ့အစည်း တစ်ခု ရှိခဲ့သည်။ ယင်းတို့သည် ဝေဒနတ်ဘုရားများ (Vedic gods) ကို ကိုးကွယ်ကြသည်။ ဂင်္ဂါမြစ် (Ganges) တစ်လျှောက် ယနေ့ ဥတ္တပရာဒက်ရှ် ပြည်နယ် (Uttar Pradesh) ထိုမှတစ်ဆင့် ယနေ့ခေတ် ဘီဟာနယ်များ (Bihar) တည်ရှိရာ အရှေ့ဘက်ဒေသသို့တိုင် ပျံ့နှံ့လာခဲ့ကြသည်။ အမျိုးဇာတ် ခွဲခြားအုပ်ချုပ်နေထိုင်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ နတ်ဆရာက ထိပ်ပိုင်းမှ အုပ်ချုပ်ပြီး အမျိုးဇာတ်၊ သွေးမနှောသည့် ထုံးထမ်းဓလေ့ကို ယုံကြည်ကြသည်။ အနောက်မြောက်ဘက်မှ အာရီယန် အသိုင်းအဝိုင်းသည် မျိုးနွယ် သန့်စင်ကြပြီး အရှေ့ဘက်တွင် တွေ့ရသော လူသစ်များကမူ ကပြားများ ဖြစ်ကြသဖြင့် အနှိမ်ခံရသည်။ ထိုသို့ ရောနှောနေထိုင်ကြသူများတွင် အချို့မှာ အသားအရည် သိသိသာသာ ဖြူသူများလည်း ရှိပြီး အသားအရောင် အမျိုးမျိုး ဖြစ်သည်။ ထိုသို့အမြင်များ ရှိနေလျှက်ပင် ဂင်္ဂါမြစ်ကြေအရပ် အရှေ့ဘက်သို့ ပြောင်းလာသူများထဲမှ မျိုးရိုး"သန့်စင်သူ"၊ "သွေးနှောသူ"တို့သည် ယခင်က နေထိုင်သူများနှင့် ရောနှောနေထိုင်လာရုံမက အချို့ဒေသများတွင် အစားထိုး ဝင်ရောက်လာလေသည်။
ဘီစီ ပထမထောင်စုနှစ် နှောင်းပိုင်းတွင် အာရီယန်ဘာသာစကား ပြောဆိုကြသည့် ခေတ်မီတိုးတက်သော လူ့အဖွဲ့အစည်းတွင် လူပေါင်းစုံ နေထိုင်နေကြပြီ ဖြစ်သည်။ ယခင်လူ့အဖွဲ့အစည်းတွင် ကျွဲနွား မွေးမြူထိန်းကျောင်းသူများနှင့် ဂျုံ၊ ပြောင်းစိုက်သော လယ်သမားများ နေထိုင်ခဲ့ကြသည်။ ဖခင်၏ အရိုက်အရာကို ဆက်ခံသော ခေါင်းဆောင်များ၊ ဝေဒဘုန်းတော်ကြီးများက အုပ်ချုပ်ခဲ့ကြရာမှ နောက်ပိုင်း လူ့အဖွဲ့အစည်းတွင်မူ အရှေ့အရပ်၌ ဆန်စိုက်သော လယ်သမား အသိုင်းအဝိုင်း အဖြစ်သို့ ပြောင်းလဲသွားပြီး မင်းအုပ်ချုပ်သော တိုင်းပြည်များ၊ နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ ထိုအထဲတွင် သိဒ္ဓတ္တဂေါတမ (Siddahartha Gautama) အား မွေးဖွားခဲ့သော ကပ္ပိလဝတ်ပြည် (Kapilavastu) လည်း ပါဝင်သည်။ ထိုပြည်တွင်ပင် ဗုဒ္ဓမြတ်စွာဘုရား အဖြစ်နှင့် သဗ္ဗညုတဉာဏ် လမ်းစဉ်တော်ကို လမ်းညွှန်သင်ကြား ပြသပေးတော်မူခဲ့သည်။
ထိုနောက်ပိုင်း ရာစုနှစ်များ ကြာလာသောအခါ အိန္ဒိယ ကမ္ဘာ၏ အစွန်ဆုံးရှိ ဘင်္ဂလားပြည် (Bengal) သည် ဗုဒ္ဓဘာသာ၏ ဗဟိုချက်မနေရာ ဖြစ်လာခဲ့သည်။ ယူနန်ပြည် (Yunnan)၊ တိဘက်ပြည် (Tibet) မှ တစ်ဆင့် ဂျာဗားပြည် (Java) အထိ အာရှတိုက် နေရာအတော်များများကို ဗုဒ္ဓဘာသာ ပျံ့နှံ့နေသည့်ကာလ ဖြစ်သည်။ ဘင်္ဂလားပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိမှုမှာ အတော်စောလှသည်ဟု ဆိုနိုင်သည်။ ဗုဒ္ဓကိုယ်တော် သီတင်းသုံးနေထိုင်ခဲ့ရာ၊ တရားများ ဟောပြောခဲ့ရာ မဂဓတိုင်း (Magahda) သည် ဘင်္ဂလားပြည်နယ်၏ အနောက်ဘက်တွင် ရှိသည်။ အေဒီ ၇ ရာစုနှစ် အတွင်း အိန္ဒိယပြည်တစ်ဝိုက် လှည့်လည်ရောက်ရှိနေခဲ့သော တရုတ်လူမျိုး ဘုရားဖူးခရီးသည်ကြီး ရွှမ်ကျန်း (Xuanzang) က အသောကဘုရင်ကြီး (Asoka) သည် ဘင်္ဂလားနယ်သို့ ဗုဒ္ဓမြတ်စွာဘုရား ကြွချီတော်မူခဲ့ဖူးသည့် အထိမ်းအမှတ် အဖြစ် ထိုနေရာတွင် စေတီပုထိုးများ တည်ထားစေခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာပေါင်း ထောင်နှင့်ချီပြီး သီတင်းသုံးနိုင်မည့် သိမ်ကျောင်းများ ဆောက်လုပ်စေခဲ့ကြောင်း မှတ်တင်းတင် ရေးသားခဲ့သည်။
နောက်ပိုင်း ဟိန္ဒူဘာသာ (Hindu)၊ အစ္စလာမ်ဘာသာ (Islam) စသော ကိုးကွယ်ရာ ဘာသာသစ်များ ပေါ်ထွန်းလာပြီး အနောက်ဘက်ဒေသသို့ ပျံ့နှံ့လာချိန်တွင်ပင် ဘင်္ဂလားပြည်သည် ဗုဒ္ဓဘာသာ အခိုင်အမာ တည်ရှိရာ ဒေသ ဖြစ်ခဲ့သည်။ ဘင်္ဂလားပြည်ကို ၈ ရာစုမှ ၁၂ ရာစုအထိ စိုးစံခဲ့ကြသော ပါလဘုရင်များ (Pala kings) သည် ဘာသာရေး အလွန်ကိုင်းရှိုင်းကြသည်။ အိန္ဒိယပြည်၏ အခြားဒေသများတွင် ဗုဒ္ဓဘာသာ မှေးမှိန်စပြုလာသော ကာလတွင်ပင် ဘင်္ဂလားပြည်တွင် နောက်ထပ် နှစ်တစ်ရာကျော်ကြာမျှ ဗုဒ္ဓဘာသာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ မဟာယန ဗုဒ္ဓဘာသာဂိုဏ်းခွဲဟု ဆိုကြသော တန္တရ ဗုဒ္ဓဘာသာ (Tantric Buddhism) မွေးဖွားရာ နေရာလည်း ဖြစ်သည်။ ထိုဗုဒ္ဓဘာသာဂိုဏ်းခွဲသည် ခက်ခဲနက်နဲသော ကျင့်စဉ်များကို အဓိက ထားသည်။ ဂိုဏ်းကွဲများစွာသည် ဘင်္ဂလားနယ်မှ အရှေ့ဖျားတစ်လျှောက် ပျံ့နှံ့လာခဲ့သည်။ မြန်မာပြည်မှ တစ်ဆင့် ဗုဒ္ဓဘာသာ အဓွန့်ရှည်ကြာ အမြစ်တွယ်ခဲ့သော တရုတ်နိုင်ငံ (China)၊ ယူနန်ပြည်နယ်အထိ ရောက်ရှိခဲ့လေသည်။
အိန္ဒိယပြည်ဘက်ခြမ်းမှ ဗုဒ္ဓတက္ကသိုလ်နှစ်ခုမှာ အရှေ့အရပ်တွင် နာမည်ကျော်လှသည်။ နာလန္ဒတက္ကသိုလ် (Nalanda) နှင့် ဝိကရမ်သီလ တက္ကသိုလ် (Vikramshila) တို့ ဖြစ်ကြသည်။ နာလန္ဒတက္ကသိုလ်သည် အလွန်ရှေးကျသော တက္ကသိုလ် ဖြစ်ပြီး ၅ ရာစုနှစ်က တည်ထောင်ခဲ့၍ ပါလမင်းများကလည်း အမြဲတစေ ပံ့ပိုးခဲ့ကြသည်။ နာလန္ဒတက္ကသိုလ် ခေတ်ကောင်းချိန်တွင် တရုတ်ပြည်၊ ဂျပန်ပြည် (Japan)၊ ပါရှားပြည် (Persia) နှင့် မြေထဲပင်လယ် (Mediterranean) အရှေ့ဘက်စသော ဝေးလံခေါင်ဖျား ဒေသများမှ ပညာရှင်များ၊ ကျောင်းသားများပင် လာရောက် ပညာဆည်းပူးကြသော တက္ကသိုလ်ကြီး ဖြစ်ခဲ့သည်။ ကမ္ဘာ့ ပထမဆုံး ကျောင်းအိပ်ကျောင်းစား တက္ကသိုလ်ဟု ဆိုနိုင်သည်။ ကျောင်းသားပေါင်း ၁၀,၀၀၀ ကျော်၊ ဆရာပေါင်း ၂,၀၀၀ ခန့်တို့သည် ဧက ၃၀ ကျယ်သော တက္ကသိုလ်ဝန်းထဲရှိ အဆောင်များတွင် နေထိုင်ကြ၊ သင်တန်းခန်းမများတွင် ပညာဆည်းပူးကြ၊ တရားဆောင်များတွင် တရားထိုင်ကြသည်။ ဗုဒ္ဓကျောင်းတော်ရာများနှင့် အသေအချာ ပြုပြင်မွမ်းမံထားသော ပန်းခြံများ၊ တူးဖော်ထားသော ကန်တော်များဖြင့် သာယာသည်။ “ပြဿဒ်မျှော်စင်များသည် နံနက်ခင်း နှင်းငွေ့တွင် ပျောက်ကွယ်နေကြပြီး အပေါ်ထပ်ဆောင်များက မိုးထိထိုးတက်နေကြသည်”ဟု ရွှမ်ကျန်းက မှတ်တမ်းတင်ခဲ့သည်။ နာလန္ဒတက္ကသိုလ်၏ ဗိသုကာလက်ရာမှာ အံ့ဘနန်း လှပခန့်ညားကြောင်း ချီးကျူးသည်။ တက္ကသိုလ်၏ စာကြည့်တိုက်မှာ ကိုးထပ်မြင့်ပြီး တန္တရကျမ်းစာအုပ်များ အပြည့် ရှိသည်။ ကျမ်းများကို ဂရုတစိုက် လက်ရေးနှင့် ကူးရေးသော အခန်းတစ်ခုလည်း ရှိသည်။ တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းတွင် သက္ကတ (Sanskrit) သဒ္ဒါမှ အစ သင်္ချာအထိ ပညာရပ်အားလုံးလိုလို ပါဝင်သည်။ ယနေ့ခေတ် တိဘက်ဗုဒ္ဓဘာသာဆိုသည်မှာ နာလန္ဒတက္ကသိုလ်တွင် သင်ကြားခဲ့သည့် သင်ရိုးများ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများမှ ဆင်းသက်လာသည်။
ဤတန္တရ ဗုဒ္ဓဘာသာ အထွတ်အထိပ်ကာလများက ဘင်္ဂလားပြည်နှင့် တိဘက်ပြည်၊ အိမ်နီးချင်း နီပေါပြည် (Nepal) တို့ အကြား ဆက်စပ်မှု အတော်များခဲ့သည်။ စူမတြားကျွန်း (Sumatra)၊ ဂျာဗားပြည် သာမက မလေးကျွန်းဆွယ် (Malay Peninsula) ကိုပါ အုပ်ချုပ်သည့် သီရိဝိဇယမင်း (Sri Vijaya) ၏ တိုင်းပြည်ထိ အဆက်အသွယ် ရှိခဲ့ကြသည်။ ထိုသီရိဝိဇယမင်း အဆက်ဆက်သည် မလက္ကာ ရေလက်ကြား (straits of Malacca) ကို ချုပ်ကိုင်ထားပြီး အရှေ့မှ အနောက်သို့ ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်ကြသည်။ ရေလမ်းကြောင်းကို အားကိုးအားထားပြု ရပ်တည်သော ထိုမင်းနေပြည်တော်သည် ဘင်္ဂလားပြည်မှလာသော ဗုဒ္ဓဘာသာဂိုဏ်းကွဲ ထွန်းကားရာ ဖြစ်ခဲ့သည်။ နာလန္ဒတက္ကသိုလ်သို့ သွားသော တရုတ်ဘုရားဖူးများသည် ထိုနေရာတွင် စခန်းတစ်ထောက် နားကြသည်။ အိန္ဒိယပြည်မှ ပညာရှင်များ ဖြစ်ကြသော အတိရှ (Atisha) ကဲ့သို့ ပုဂ္ဂိုလ်များလည်း ထိုနေပြည်တော်တွင် တည်းခိုခဲ့ဖူးသည်။ အတိရှသည် တိဘက်ပြည်တွင် ဗုဒ္ဓဘာသာ ပြန့်ပွားစေရန် ဆောင်ရွက်ရာ၌ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ထိုကာလက ဘင်္ဂလားပြည်တွင် ပါလဘုရင်များက မဂဓတိုင်းကို အုပ်စိုးနေကြသည်။ မဂဓတိုင်းဆိုသည်မှာ ဗုဒ္ဓဖွားမြင်တော်မူရာ အရပ် ဖြစ်သည်။ ထိုမင်းဆက်သည် မိရိုးဖလာ ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ နေရာကို စောင့်ရှောက်သူများ အဖြစ် ဂုဏ်သတင်း ကျော်ကြားသည်။ မြန်မာပြည်၊ သီရိဝိဇယပြည်စသည့် အခြားတိုင်းပြည်များမှ သိမ်ကျောင်းများ လာရောက်လှူဒါန်းကြသည်။ အဖိုးတန် ကျောက်မျက်ရတနာများကို ဌာပနာတိုက်တွင် ထားရှိရန် သင်္ဘောများဖြင့် ပို့ဆောင်လှူဒါန်းခဲ့ကြသည်။
ဘင်္ဂလားပြည်တွင် ပါလမင်းများ ကျဆုံးသောအခါ ဗုဒ္ဓဘာသာလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ သေနမင်းဆက်သစ် (Senas) သည် အယူသည်းသော ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။ ယင်းနောက် အစ္စလာမ်ဘာသာ ထွန်းကားလာသည်။ ၁၂ ရာစုနှစ်တွင် အိန္ဒိယပြည် အနောက်မြောက်ပိုင်းဒေသကို အုပ်ချုပ်မင်းမူနေသော တူရကီ (Turkish) နှင့် အာဖဂန် (Afghan) မြင်းတပ်များသည် ဂင်္ဂါမြေပြန့်တစ်လွှားသို့ ဒုန်းစိုင်းဝင်ရောက်လာခဲ့သည်။ မြင်းတပ်တစ်ခု၏ ခေါင်းဆောင်မှာ တူရကီစစ်ဘုရင် မိုဟာမက် ဘက်တီးယား (Muhmmad Bakhtiyar) ဖြစ်သည်။ ဘင်္ဂလားပြည်သို့ လမ်းတစ်လျှောက်တွင် မြို့ရွာများစွာကို ဝင်ရောက်စီးနင်း လုယက်ဓားပြတိုက်သည်။ တွေ့သမျှ ဗုဒ္ဓတက္ကသိုလ်များကို လှန်လှောမွှေနှောက်ကာ ဖျက်ဆီးပစ်သည်။ ဘက်တီးယား၏ ကျူးကျော်မှုမှာ မိုးကြိုးစစ်ဆင်ရေးကဲ့သို့ လျှပ်တစ်ပြက် ဝင်တိုက်ခြင်း ဖြစ်သည်။ စစ်ပွဲ အတွေ့အကြုံ မရှိလှသည့် ဒေသခံဘုရင်များနှင့် တိုင်းသူပြည်သားများသည် အင်အားကြီးသော တူရကီ မြင်းတပ်သား တစ်သောင်းကို ကြောက်လန့်တကြီး ရင်ဆိုင်ရလေတော့သည်။ ကျူးကျော်လာသူသည်များမှာ ယင်းတို့ ဖျက်ဆီးနေကြသည့် ရှေးဟောင်းအမွေအနှစ်၏ တန်ဖိုးကို နားလည်ကြပုံ မရ။ စစ်ပွဲတစ်ခုတွင် ဘက်တီးယား၏ စစ်သားများသည် ကတုံးပြောင်အောင် ရိတ်ထားသည့် ပုဂ္ဂိုလ်များကို အနိုင်တိုက်နိုင်ပြီးမှ ယင်းတို့အတွက် သိမ်းယူစရာ ပေစာကျမ်းစာ ပိဋ္ဋကတ်တိုက်ကြီးများသာ ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ထင်ရှားသော အာဖဂန်ပညာရှင် မင်ဟာဂျူစီရတ် (Mihaju-Siraj) က“တစ်မြို့လုံးမှာ စာပေကျမ်းဂန်လေ့လာတဲ့ နေရာတွေချည်းပဲ တွေ့ရတယ်”ဟုပင် မှတ်တမ်းတင်ခဲ့သည်။ အလွန်ထင်ရှားသည့် ဒန္တပူရီ ဗုဒ္ဓတက္ကသိုလ် (Odantapuri) သည် ထိုကဲ့သို့ ပျက်စီးသွားခဲ့ခြင်း ဖြစ်ပေသည်။
ထိုကျူးကျော်မှု ဖြစ်ပွားပြီးနောက် ရာစုနှစ်ပေါင်းများစွာ ဘင်္ဂလားနယ်သည် မည်သူ့လက်အောက်ခံမှ မဟုတ်ဘဲ လွတ်လပ်သော တိုင်းပြည် အဖြစ် ရပ်တည်ခဲ့သည်။ တိုင်းသူပြည်သား အများစုမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကာ ဗုဒ္ဓဘာသာဝင် အနည်းငယ်မျှ ကျန်ရစ်နိုင်ကောင်းသည်။ တူရကီဖွား အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သည့် အထက်တန်းလွှာ ပုဂ္ဂိုလ်က တိုင်းပြည်ကို အုပ်ချုပ်သည်။ ၁၃ ရာစုနှောင်းပိုင်းတွင် မာကိုပိုလို (Marco Polo) က ဘင်္ဂလားပြည်သည် အိန္ဒိယပြည်နှင့် တူမယောင်ယောင်၊ ကွဲပြားခြားနားပုံကို ရေးသားခဲ့ဖူးသည်။ ဘင်္ဂလားပြည်သူပြည်သားများသည် အစ္စလာမ်ဘာသာဝင်များ မဟုတ်ကြဘဲ “စိတ်ပျက်စရာကောင်းသော ရုပ်တုကိုးကွယ်သူများ” ဖြစ်ကာ “တစ်မူထူးခြားသော ဘာသာစကား”ပြောသူများ ဖြစ်ကြောင်း မှတ်တမ်းတင်သည်။ ဘင်္ဂလားပြည်ကို တူရကီမှ အထက်တန်းလွှာတို့ အုပ်ချုပ်မင်းလုပ်ရာတွင် ဘင်္ဂါလီ (Bengali) ဟိန္ဒူ အထက်တန်းလွှာ၏ အကူအညီကို အားကိုးအားထားပြုရသည်။ သူတို့ဇာတိ အာရှအလယ်ပိုင်းမှ လူများကို ခေါ်ယူစုဆောင်းရန် ဆန္ဒရှိလျှင်ပင် မဖြစ်နိုင်ချေ။ ဘင်္ဂလားပြည်မှ အလွန်ဝေးကွာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားပြည်သည် တူရကီ၊ ပါရှား၊ ဒေသခံ ဘင်္ဂလီ၊ ဟိန္ဒူတို့၏ လွှမ်းမိုးမှုများ ပေါင်းစပ်ရောယှက်နေသော ဒေသတစ်ခု ဖြစ်လာခဲ့သည်။ ထိုအထဲတွင် အရှေ့ အာဖရိကဒေသ (East Africa) မှ ခေါ်ဆောင်လာသည့် အဘီစီးနီးယန်း လူမျိုး (Abyssinians) ငွေဝယ်ကျွန်များပင် ပါရှိသေးသည်။ ယင်းအုပ်စုသည် ၁၄၀၀ ပြည့် အနှောင်းပိုင်းနှစ်များ ထီးလုနန်းလု ကာလအတွင်း တစ်ခဏမှ အာဏာသိမ်းနိုင်ခဲ့သေးသည်။
ဘင်္ဂလားနယ်သည် ကျန်အိန္ဒိယဒေသများနှင့် နိုင်ငံရေးအရ ဆက်စပ်မှု မရှိချေ။ သူပုံစံနှင့်သူ ရပ်တည်ခဲ့သည်။ အစ္စလာမ် ဘာသာ တဖြည်းဖြည်း ပြန့်ပွားလာခဲ့ပြီး အထူးသဖြင့် ဟိန္ဒူဘုရင်ဟောင်းများ အုပ်ချုပ်မှုလျော့ရဲခဲ့သော စိမ့်မြေပေါသည့် အရှေ့ပိုင်းနယ်ပယ်တွင် အစ္စလာမ်ဘာသာ ယုံကြည်မှု များပြားလာကာ နောက်ဆုံးတွင် တိုင်းသူပြည်သား အများစု ကိုးကွယ်သော ဘာသာတစ်ခု ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဒေသတွင်း၌ ဘင်္ဂလား စူလတန်များ တန်ခိုးကြီးလာသည်။ အနီးရှိ ကုချ်ဘီဟာ (Kuch Behar) နှင့် ကမ္မရူပပြည်များ (Kamarupa) ကိုပါ ချဲ့ထွင်သိမ်းပိုက်နိုင်ခဲ့သည်။ သြရိဿ (Orissa) နှင့် တြိပူရပြည်နယ် (Tripura) တို့မှာလည်း ထိုစဉ်က လက်အောက်ခံဒေသများ ဖြစ်သည်။ ထိုစဉ်က ဘင်္ဂလားပြည်သည် ရခိုင်ပြည်နှင့် ဆက်ဆံရေး အင်မတန်ကောင်းကာ ရင်းရင်းနှီးနှီး ရှိခဲ့သည်။ ယနေ့တွင်မူ ရခိုင်ပြည်သည် မြန်မာပြည် အနောက်ဘက်ကမ်းခြေရှိ ပြည်နယ်တစ်ခု ဖြစ်သော်လည်း ၁၅-၁၆ ရာစုနှစ်များတွင် တစ်သီးတစ်သန့် တိုင်းပြည် အဖြစ် အုပ်ချုပ်ရပ်တည်ကာ စစ်အင်အားတောင့်တင်းခဲ့သည်။ ရခိုင်နန်းတော်ထဲတွင် ဗုဒ္ဓဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ လူမျိုးပေါင်းစုံ အမှုထမ်းရွက်ကြသည်။ ထိုမျှမက လစ္စဘွန်း (Lisbon)၊ နာဂါဆာကီ (Nagazaki) စသော ဝေးလံခေါင်ဖျားနယ်များမှ စွန့်စား ခရီးဆန့်ခဲ့ကြသူများလည်း ရခိုင်နန်းတော်ထဲတွင် အမှုထမ်းခဲ့ကြသေးသည်။
ဘင်္ဂလားပြည်သည် အိန္ဒိယ လူ့အဖွဲ့အစည်း အဆင့်မြင့် တိုးတက်ဖွံ့ဖြိုးခြင်း၏ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ ထို့အပြင် သူ့ကိုယ်ပိုင် ရှည်လျားထူးခြားသော သမိုင်းရာဇဝင်လည်း ရှိခဲ့သည်။ အာဖရိကတိုက်မှသည် ဂျာဗားပင်လယ်လွန်အထိ ဒေသတစ်လွှားနှင့် သမိုင်းကြောင်းအရ ဆက်စပ်မှုရှိခဲ့ပေသည်။
~ သန့်မြင့်ဦး၏ Where China meets India စာအုပ်မှ ကောက်နှုတ်ပါသည်။
ပုံမှာ ဘင်္ဂလားပြည်မှ ပါလမင်းဆက်ခေတ်က မဟာယာနဟန် ထုလုပ်ထားသော ၁၁ ရာစုလက်ရာ ဗုဒ္ဓဆင်းတုတော် ဖြစ်သည်။ ပါလမင်းများသည် မဟာယာနနှင့် တန္တရ ဗုဒ္ဓဘာသာ နှစ်မျိုးလုံးကို ကျင့်ကြံခဲ့ကြသည်။
မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်