အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြောက်ဦးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား
event_note ခေတ်ကာလများပြပုံ

၆ မေ ၁၆၅၈ - ၁၆၉၂

မြောက်ဦးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား

room India

Read in English

၁၇ ရာစုက ဘင်္ဂလား (Bengal) နှင့် သြရိဿပြည်နယ် (Orissa) တို့၏ ဘုရင်ခံ ရှားရှူးဂျား (Shah Shuja) (ပုံပါပုဂ္ဂိုလ်) သည် မဂိုဘုရင် (Mughal emperor) ရှားဂျဟန် (Shah Jehan) နှင့် မိဖုရား မွန်တပ်ချ်မဟာ (Mumtaj Mahal) တို့၏ ဒုတိယသား ဖြစ်သည်။ မဂိုတို့သည် အိန္ဒိယကျွန်းဆွယ် (Indian subcontinent) တစ်ခုလုံး နီးပါး ကျယ်ပြန့်လှသည့် အင်ပါယာကြီးကို စိုးမိုးအုပ်ချုပ်သူများ ဖြစ်ကြသည်။ မူလက အာရှအလယ်ပိုင်း၌ နေထိုင်ကြပြီး ဆာမာကန်ဒေသ (Samarkand) ကို အုပ်စိုးခဲ့သည့် ကြီးကျယ်ထင်ရှားသော စစ်ဘုရင် တာမာလိန်း (Timur Lang or ခရစ်စတိုဖာ မာလိုး (Christopher Marlowe) ၏ Tamerlane) မှတစ်ဆင့် ဂျင်ဂျစ်ခန် (Genghis Khan) မှ ဆင်းသက်သည်ဟု ဆိုကြသည်။ ပထမဆုံးသော မဂိုဘုရင် ဘာဘူး (Babur) က ၁၅၂၆ ခုနှစ်တွင် ဒေလီမြို့ (Delhi) ကို သိမ်းပိုက်ခဲ့သည်။ ထိုမှတစ်ဆင့် အရှေ့ဘက်သို့ နယ်ပယ်ချဲ့ထွင်ရာ ဂင်္ဂါလွင်ပြင် (Ganges Basin) တစ်ခုလုံးကို သိမ်းပိုက်အောင်နိုင်ခဲ့သည်။ ၁၆၁၂ ခုနှစ်တွင် ကျန်ရှိနေသေးသော အာဖဂန်ဒေသ (Afghan) နှင့် ဟိန္ဒူများ (Hindu) ရှိရာ အရှေ့ပိုင်း ဘင်္ဂလားပြည်နယ်၏ ခုခံမှုများကို အပြီးသတ် ချေမှုန်းနိုင်ခဲ့သည်။ ရခိုင်ပြည်နယ်စပ် ရွှံ့နွံတောကို ရောက်မှသာ စစ်ရပ်တော့သည်။ ဘင်္ဂလားပြည် ဟူ၍ မရှိတော့ဘဲ မဂိုလက်အောက်ခံ ဘင်္ဂလားနယ်သည် ရခိုင်ပြည်၏ အိမ်နီးချင်းသစ် ဖြစ်လာသည်။

ရှားရှူးဂျားသည် ပထမတန်းစား စစ်သည်တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကပင် စစ်ပွဲများစွာတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ဘုရင်ခံဘဝတွင် ဒေသအုပ်ချုပ်ရေးကို နှစ်ကြိမ်တိုင် စွန့်ခွာကာ အနောက်မြောက်ပိုင်းဒေသ၊ ခိုင်ဘာတောင်ကြားလမ်း (Khyber Pass) တစ်လျှောက်ရှိ အာဖဂန်သူပုန်များကို ဦးဆောင်တိုက်ခိုက်ခဲ့သည်။ မဂိုမင်းမျိုးမင်းနွယ် ပီသစွာ ရှားရှူးဂျားသည် အတတ်ပညာ ကောင်းစွာ ကျွမ်းကျင်သူ ဖြစ်သည်။ အနုပညာကို တန်ဖိုးထားကာ ယဉ်ကျေးရည်မွန်သူလည်း ဖြစ်သည်။ သူ၏ နန်းတော်တွင် ထူးချွန်ပြောင်မြောက်သော ပါရှား (Persian) ကဗျာဆရာများ၊ စာပေကျမ်းတတ် ပညာရှင်များနှင့် ပြည့်စုံနေသည်။ မြောက်ပိုင်းမှ ကမ္မရူပပြည် (Kamarupa) နှင့် ကွတ်ချ်ဘီဟာနယ် (Cooch Behar) တို့နှင့် ရံဖန်ရံခါ နယ်စပ်တိုက်ပွဲ အသေးအဖွဲလေးများ ဆင်နွှဲရသည်မှအပ ဘင်္ဂလားပြည်နယ်မှာ အများအားဖြင့် အေးချမ်းနေသည်။ ဒေသခံ နယ်ပယ်စားများကလည်း မဂိုဘုရင်မင်းမြတ်၏ မိသားစုဝင်တစ်ဦး ကိုယ်တိုင် သူတို့၏ အုပ်ချုပ်သူ ဖြစ်လာ၍ အရှိန်အဝါကို ရွံ့နေကြသည်။ ရှားရှူးဂျားသည် ဒက္ကားမြို့ (Dacca) ၌ ခမ်းနားသော အဆောက်အဦးများ ဆောက်လုပ်သည်။ ဘင်္ဂလားနယ်၏ ကြွယ်ဝမှုများကို ဝေစုရယူလိုကြသော အင်္ဂလိပ် (English) နှင့် ဒတ်ချ် (Dutch) ကုန်သည်များကိုလည်း ဘုရင်ခံက ဖိတ်ခေါ်ကြိုဆိုခဲ့သည်။

၁၆၅၇ ခုနှစ် ဆောင်းဦးပေါက်တွင် ရှားဂျဟန်ဘုရင်ကြီး မမာမကျန်း ဖြစ်သည်။ ဘုရင်ကြီး နတ်ရွာစံပြီ၊ သားတော်ကြီး ဒါရာရှိကိုးမင်းသား (Prince Dara Shikoh) က မိမိ ထီးနန်းသိမ်းပိုက်နိုင်ရန် အချိန်ရရေး အတွက် ဤသတင်းကို လျှို့ဝှက်ထားသည်ဟူသော ကောလဟာလများ ထွက်ပေါ်လာသည်။ ထိုအခါ ရှားရှူးဂျား အပါအဝင် အခြားမင်းသား သုံးပါးက ဒေလီမြို့သို့ ချီတက်လာကြသည်။ သွေးထွက်သံယို စစ်ပွဲများစွာ ဖြစ်ပွားပြီးသောအခါ သြရန်ဇက်မင်းသား (Aurangzeb) က အနိုင်ရသွားခဲ့သည်။ ဒါရာမင်းသား ကွပ်မျက်ခံရသည်။ ရှားရှူးဂျားမှာမူ သြရန်ဇက်၏ တပ်မှူးကြီး မားဂျမလား (Mir Jumla) ၏ လိုက်လံတိုက်ခိုက်မှုကြောင့် အရှေ့ဘက်သို့ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

၁၆၅၈ ခုနှစ် မေလ ၆ ရက်နေ့တွင် ရှားရှူးဂျားသည် ပေါ်တူဂီ (Portuguese) သင်္ဘောတစ်စီးကို စီးကာ ဒက္ကာမြို့မှ ရခိုင်ပြည်သို့ ထွက်ခွာလာခဲ့သည်။ ၈ ရက်အကြာတွင် ရခိုင်ဘုရင်၏ ကိုယ်စားလှယ်များနှင့် အဆက်အသွယ် ရလေသည်။ မူလအကြံအစည်မှာ ရခိုင်ပြည်၌ ခေတ္တခဏခိုပြီး မက္ကာမြို့ (Mecca) သို့ ခရီးဆက်ကာ၊ ထိုမှ ပါရှား (Persia) သို့မဟုတ် ကွန်စတန်တီနိုပယ်မြို့ (Constantinople) သို့ သွားရောက်ရန် ဖြစ်သည်။ သို့သော မုတ်သုံရာသီ ဝင်လာပြီ ဖြစ်၍ ပင်လယ်ပြင်တွင် လှိုင်းလေကြမ်းသောကြောင့် ရခိုင်ဘုရင်ထံ ခေတ္တခိုလှုံခွင့်နှင့် နောက်ပိုင်း အနောက်ဘက်သို့ ခရီးဆက်ရန် လိုအပ်သော အကူအညီပေးရန် တောင်းခံခဲ့သည်။

အစတွင် ရှားရှူးဂျားအား ရခိုင်ဘုရင်က လိုလိုလားလား လက်ခံခဲ့သည်။ ထိုစဉ်က ရခိုင်ဘုရင်မှာ စန္ဒသုဓမ္မ ဖြစ်သည်။ မြို့တော်၏ ဆင်ခြေဖုံးတွင် ဧည့်သည်တော်၏ အဆင့်အတန်းနှင့် ကိုက်ညီစေမည့် အိမ်တော်သစ် ဆောက်လုပ်ကာ နေရာချထားပေးသည်။ မြောက်ဦးနေပြည်တော်မှာ အထွဋ်အထိပ် ရောက်နေချိန် ဖြစ်သည့်တိုင် ရှားရှူးဂျားကဲ့သို့သော ထိုကာလက ကမ္ဘာတွင် အကြီးကျယ်ဆုံးသော အင်ပါယာ၏ တော်ဝင်မိသားစုဝင် မဂိုမျိုးနွယ် မင်းသားတစ်ပါး အတွက်မူ ခေတ်နောက်ကျ မဖွံ့ဖြိုးသော တောကျကျ နေရာသာ ဖြစ်ဖွယ်ရာ ရှိသည်။ ထို့ကြောင့် သူက ရခိုင်နန်းတွင်းနှင့် အဆက်အဆံမလုပ်ဘဲ ကင်းကင်း နေသည်။ ထိုအခါ စန္ဒသုဓမ္မ အတွက် မနှစ်မြို့စရာ ဖြစ်လာသည်။ စန္ဒသုဓမ္မက အတူပါလာသည့် များပြားလှစွာသော ရတနာပစ္စည်းများကိုလည်း မျက်စိကျနေသည်။ ထိုအချိန်တွင် သြရန်ဇက်၏ သံအဖွဲ့ ရောက်ရှိလာကာ ဝရမ်းပြေးမင်းသားကို ပြန်အပ်ပါက ထို့ထက် များပြားသော ကျောက်မျက်ရတနာများကို လက်ဆောင်ပေးအပ်မည်ဟု ကမ်းလှမ်းလာသည်။ အချိန်ဆွဲရင်း တရွေ့ရွေ့နှင့် ရှစ်လတိုင်တိုင် ကြာမြင့်သွားလေသည်။ စန္ဒသုဓမ္မသည် ရှားရှူးဂျားကို မဂိုဘုရင် သြရန်ဇက်ထံ မအပ်နှံသော်လည်း မြောက်ဦးမြို့မှ ထွက်သွားခွင့်လည်း မပေးခဲ့။ ချစ်စိတ်မွှန်နေသော ရခိုင်ဘုရင်က ရှားရှူးဂျား၏ အကြီးဆုံး သမီးတော် အမီနာ (Ameena) ကို လက်ဆက်ရန် တောင်းဆိုလေသည်။

သမီးတော်ကို ဤတောသားတစ်ပိုင်း ခေါင်းဆောင်နှင့် လက်ထပ်ပေးရေးမှာ တွေးလေလေ ရှားရှူးဂျား အတွက် အမျက်ထွက်ရလေ ဖြစ်သည်။ ထွက်ပြေးရန်လည်း အခွင့်မသာနေချေ။ ထိုသို့ဖြင့် ကြံမိကြံရာနှင့် ရခိုင်ဘုရင်ကို အာဏာသိမ်းရန် ရှားရှူးဂျား ဆုံးဖြတ်ခဲ့သည်။ သူနှင့် အတူပါလာသော စစ်သည်ကောင်း ၂၀၀ အပြင် ဒေသခံ မူဆလင်အုပ်စုထဲက တချို့ကလည်း သူ့ဖက်မှ ပါဝင်နိုင်လောက်သည်။ အကြံအစည်ကို လျှို့ဝှက်ထားသော်လည်း ရခိုင်ဘုရင်က အချိန်မီ သိရှိသွားလေသည်။ ထိုအခါ ရှားရှူးဂျား၏ နောက်လိုက်များကို အလျင်အမြန် ဖမ်းဆီးခဲ့သည်။ နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှု ရှိခဲ့ပြီး မြို့တော်၏ အချို့နေရာများတွင် မီးလောင်ခဲ့သော်လည်း စန္ဒသုဓမ္မက အလွယ်တကူပင် အသာရခဲ့သည်။ ရှားရှူးဂျားသည် လက်လွတ်ထွက်ပြေးကာ တောထဲတွင် ပုန်းအောင်းနေရသည်။ ရက်သတ္တပတ်များစွာ အကြာတွင် ဖမ်းဆီးရမိသွားပြီး ကွပ်မျက်ခံရသည်။ သူယူဆောင်ခဲ့သော ရွှေငွေပစ္စည်းများကို အရည်ကြိုပြီး နန်းတော်သို့ သယ်ဆောင်သွားခဲ့သည်။ အမီနာနှင့် အခြားမင်းသမီးများကို ရခိုင်ဘုရင်က သိမ်းပိုက်လိုက်သည်။ တစ်နှစ်အတွင်းပင် ပုန်ကုန်ရန် ကြံစည်သည်ဟု သံသယဖြင့် ကျန်ရှိသမျှ တော်ဝင်မိသားစုဝင် အားလုံးကို ကွပ်မျက်လိုက်သည်။ ကိုယ်ဝန်အရင့်အမာနှင့် အမီနာပင် အသတ်ခံရသည်။ ရှားရှူးဂျား၏ သားများမှာ ခေါင်းဖြတ်သတ်ခံရသည်။

ဒေလီမြို့သို့ ထိုသတင်း ရောက်သွားသောအခါ မဂိုဘုရင် သြရန်ဇက် ကြီးစွာ အမျက်ထွက်တော့သည်။ ရှားရှူးဂျားနှင့် ကျန်သူများကို မိမိကိုယ်တိုင် သတ်လိုက သတ်မည်။ သို့သော် နိုင်ငံခြားတိုင်းပြည်မှ မင်းတစ်ပါးက မိမိသွေးသားကို ကွပ်မျက်သည်ကို သည်းမခံနိုင်။ ရခိုင်ဘုရင်ကို သင်ခန်းစာ ပေးရတော့မည်။ ရခိုင်ပြည်၏ နာမည်ကြီးသည့် စစ်အင်အားကိုလည်း အကဲစမ်းလိုသည်။ သို့နှင့် ၁၆၆၅ ခုနှစ်တွင် ရှာရစ္စတာခန် (Shayista Khan) ဆိုသည့် မဂိုလူမျိုး ဘင်္ဂလားဘုရင်ခံသစ်က စစ်သင်္ဘော ၃၀၀၀ မျှ ပါဝင်သော ရေတပ်မကြီးကို ဦးဆောင်ကာ အရှေ့ဘက်ဆီ ရွက်လွှင့်လာတော့သည်။ သံဒွပ်ကျွန်းတွင် တပ်စွဲထားသော ရခိုင်တပ်များကို တိုက်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဘူဇာတ်ယူမစ်ခန် (Burzurg Umid Khan) ၏ အင်အား ၆၅၀၀ ရှိသော တပ်များကလည်း ကမ်းရိုးတန်းတစ်လျှောက် တိုက်ခိုက်လာခဲ့သည်။ စစ်တကောင်းနယ် (Chittagong) ကိုမူ တစ်နှစ်ကြာ ဝိုင်းရံလုပ်ကြံမှ မဂိုတို့ သိမ်းပိုက်နိုင်ခဲ့သည်။ ဤသို့ဖြင့် ရခိုင်တို့၏ အရှေ့ဘင်္ဂလားပြည်ကို နှစ်ပေါင်းတစ်ရာခန့် အုပ်ချုပ်စိုးပိုင်ထားမှု အဆုံးသတ်သွားတော့သည်။ ရခိုင်သား ၂,၀၀၀ ခန့်ကို ကျွန်ဈေးတွင် ရောင်းချကာ ရခိုင်သင်္ဘော ၁၀၀ ကျော်ကိုလည်း သိမ်းဆည်းသွားခဲ့သည်။ မြောက်ဦးတပ်မှ ကြေးစား ပေါ်တူဂီစစ်သား များစွာပင် ဘက်ပြောင်းသွားကြလေသည်။ ထိုသူများကို မဂိုတို့က သူတို့ပိုင်နက်အတွင်း အခြေချ နေထိုင်ခွင့်ပြုခဲ့သည်။ ၎င်းတို့၏ အဆက်အနွယ်များသည် ယနေ့တိုင် ဒက္ကာမြို့၏ တောင်ဘက် ၁၂ မိုင် အကွာရှိ ဖာရင်ဂီဘဇား (Feringhi Bazaar) ဟူသည့် အရပ်တွင် နေထိုင်ကြဆဲ ဖြစ်သည်။

ရှားရှူးဂျား၏ နောက်လိုက်နောက်ပါ အချို့မှာ အသက်မသေဘဲ ကျန်ရစ်ခဲ့သည်။ မအောင်မြင်သော အာဏာလုပွဲ အပြီးတွင် အသတ်မခံရသူများကို ထိန်းသိမ်းကာ ရခိုင်ဘုရင်က လေးသည်တော်များ အဖြစ် အထူးနန်းစောင့်တပ် ဖွဲ့သည်။ ထိုတပ်ဖွဲ့ သည် အိန္ဒိယပြည်မှ ထပ်မံပြောင်းရွှေ့လာကြသူများကြောင့် တဖြည်းဖြည်း အင်အားတောင့်တင်းလာသည်။ ၁၆၉၂ ခုနှစ်တွင် ထိုတပ်ဖွဲ့ကို အပြီးသတ် ဖျက်သိမ်းကာ ရမ်းဗြဲကျွန်းသို့ နယ်နှင်လိုက်သည်။ ၎င်းတို့၏ အဆက်အနွယ်များကို ယနေ့ခေတ်တွင် “ကမန်” ဟု သိကြသည်။ (ကမန် ဆိုသည်မှာ ပါရှားဘာသာဖြင့် "လေး" ဟု အဓိပ္ပါယ် ရသည်။) ကမန်လူမျိုးတို့သည် ရမ်းဗြဲကျွန်းတွင် သာမက ရခိုင်ပြည်နယ် အခြားဒေသများတွင်လည်း နေထိုင်ကြသည်။ ရခိုင်စကားကို ပြောလေ့ ရှိသော်လည်း သူတို့၏ ဘိုးဘေးဖြစ်သော အာဖဂန် သို့မဟုတ် ပါရှားတို့၏ သွင်ပြင်လက္ခဏာများလည်း ရှိနေသေးသည်။ ၎င်းတို့ကို မြန်မာနိုင်ငံရှိ ဌာနေလူမျိုးစု ၁၃၅ စု မှ တစ်ခု အဖြစ် အသိအမှတ် ပြုထားသည်။ မြန်မာဌာနေလူမျိုးစု အုပ်စုများတွင် မဂိုအင်ပါယာမှ ထွက်ပြေးလာသော မင်းသားတစ်ပါး၏ စစ်သည်အနွယ်အဆက်များ ပါဝင်သည်ဟု ဆိုနိုင်ပေသည်။

မဂိုတပ်များ ကျူးကျော်ဖျက်ဆီးပြီးနောက်ပိုင်းတွင် ရခိုင်ပြည်သည် ဘုရင်အုပ်ချုပ်သော နိုင်ငံတစ်ခု အဖြစ် ကောင်းစွာ မရပ်တည်နိုင်တော့ပေ။ ဘင်္ဂလားပြည်နယ်များကို ဝင်ရောက်စီးနင်းပြီး ကျွန်များ ဖမ်းယူနိုင်ချေလည်း မရှိတော့ပေ။ မဂိုတို့က ဒတ်ချ်သင်္ဘောများ ရခိုင်ကမ်းခြေသို့ မကပ်သာအောင် အသေအချာ စောင့်ကြပ်တားဆီးထားသည်။ ရခိုင်ပြည်၏ အခြားတစ်ဖက်တွင်လည်း ကာကွယ်ရေး အလုံအခြုံဖြင့် မြန်မာဘုရင်များ ရှိနေပြီး ရခိုင်ကျူးကျော်မှု မရှိစေရန် အခိုင်အမာ ကာကွယ်ထားသည်။ ဤသို့ဖြင့် မြောက်ဦးပြည်၏ သြဇာအာဏာမှာ တဖြည်းဖြည်းချင်း ယုတ်လျော့သွားလေသည်။ ၁၈ ရာစု အစောပိုင်းတွင် ရခိုင်ကျေးလက်ဒေသများတွင် မင်းမဲ့ဝါဒနှင့် ပဋိပက္ခများစွာ ဖြစ်ပေါ်လျှက် ရှိသည်။ ဆယ်စုနှစ်များစွာ ပုံမှန် ငလျင်လှုပ်ခြင်းများလည်း ရှိနေသည်။ ကာလပျက်၏ အစဟု လူအများက အသိအမှတ် ပြုကြသည်။ ၁၇၆၁ ခုနှစ်တွင် အကြီးအကျယ် ငလျင်လှုပ်ရာ ကမ်းရိုးတန်းတစ်ခုလုံး ငါးပေခန့် မြင့်တက်သွားခဲ့သည်။ ရခိုင်ထီးနန်း ပျက်စီးချိန် တန်လေပြီ။

~ သန့်မြင့်ဦး၏ The River of Lost Footsteps စာအုပ်မှ ကောက်နှုတ်ပါသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်