အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြို့ အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး တရားဝင် လက်နက်ချစဉ်

event_note ခေတ်ကာလများပြပုံ

၁၂ စက်တင်ဘာ ၁၉၄၅

ရန်ကုန်မြို့ အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး တရားဝင် လက်နက်ချစဉ်

people Louis Mountbatten General Aung San General Ichid Jiro Brigadier E.P.E Armstrong

Read in English

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရအိမ်တော်၌ မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော်၏ ခေတ္တ ကာကွယ်ရေး ဦးစီးချုပ် ဂျပန် (Japanese) ဗိုလ်ချုပ်ကြီး အီချိဒါဂျီရို (Ichida Jiro) သည် ဗြိတိသျှ (British) ဗိုလ်မှူးချုပ် အီးအက်ဖ်အီး အမ်းစထရောင်း (E.F.E Armstrong) ရှေ့မှောက်တွင် တရားဝင် လက်နက်ချသည်။ (ဗိုလ်မှူးချုပ် အမ်းစထရောင်းသည် အမှတ် ၁၂ ဗြိတိသျှ တပ်မတော် တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး မွန်တေဂူး စတော့ဖို့ဒ် (Montague Stopford) ၏ လက်အောက်မှ ဖြစ်သည်။) 

တစ်နေ့တည်းမှာပင် စင်ကာပူမြို့ (Singapore) ၌ မဟာမိတ်တပ်များ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန် (Lord Louis Mountbatten) ထံ ဂျပန်တို့ လက်နက်ချသည်။ ထိုမတိုင်မီ ငါးရက် ဖြစ်သော စက်တင်ဘာလ ၇ ရက်နေ့က လော့ဒ်မောင့်ဘက်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် သီဟိုဠ်ပြည် (Ceylon)၊ ကန္ဒီမြို့ (Kandy) တွင် သဘောတူစာချုပ်တစ်ရပ် ရေးထိုးခဲ့သည်။ စာချုပ်အရ ဗမာ့မျိုးချစ်တပ်မတော်မှ တပ်သား  ၅၂၀၀ အထိကို ဗြိတိသျှ မြန်မာတပ်မတော်သို့ လက်ခံသိမ်းသွင်းရန်နှင့် တစ်ခုတည်းသော “ဗမာ့တပ်မတော်” အသစ် ဖွဲ့စည်းရန် ဖြစ်သည်။ 

တရားဝင် လက်နက်ချ အခမ်းအနား (ဒုတိယပုံ) ကို ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပုံ၏ နောက်ခံတွင် ဘွဲ့နှင်းသဘင်ခန်းမကို မြင်တွေ့နိုင်ပါသည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံ၏ မြန်မာပြည်ဆိုင်ရာ တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟိတာရို ခိမုရာ (Heitarō Kimura) နှင့် လက်အောက်ခံ အရာရှိများကို ခန်းမဘေးရှိ ကွင်းပြင်သို့ ခေါ်ဆောင်လာခဲ့သည်။ အခမ်းအနားကို အမှတ် ၁၂ ဗြိတိသျှ တပ်မတော်၏ တပ်မှူး ဗိုလ်ချုပ်ကြီး မွန်တေဂူ စတော့ဖို့က ဦးစီးကြီးကြပ်သည်။ ထို့နောက် ဂျပန်စစ်ဗိုလ် အသီးသီးတို့က တစ်ဖက်မှ ဗြိတိသျှစစ်ဗိုလ် အသီးသီးထံတွင် မိမိတို့၏ ဓါးများကို ပေးအပ်ကြသည်။ ဗိုလ်ချုပ်ကြီး ခိမုရာကမူ ဗိုလ်မှူးချုပ် အီးအက်ဖ်အီး အမ်းစထရောင်းထံတွင် လက်နက်ချပြီး ဗိုလ်မှူးချုပ်က ဗိုလ်ချုပ်ကြီး စတော့ဖို့ထံသို့ လက်နက် ပေးအပ်ခဲ့သည်။ ဓါတ်ပုံထဲတွင် အမှတ် ၂၈ ဂျပန်တပ်မတော်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ရှိုဇို စကူရိုင် (Shozo Sakurai) က ဗိုလ်မှူးချုပ် ဂျေဒီ ရှက်ပ်လန်း (J.D Shapland) (အမှတ် ၁၂ ဗြိတိသျှ တပ်မတော်၏ တော်ဝင် အမြှောက်တပ်၏ တပ်မှူး) ထံတွင် လက်နက်ချနေသည်ကို မြင်တွေ့နိုင်သည်။ ဗိုလ်ချုပ်ကြီး ခိမုရာသည် နောင်တွင် စစ်ရာဇဝတ်မှုဖြင့် သေဒဏ်ချမှတ်ခြင်း ခံရပြီး တိုကျိုမြို့ (Tokyo) တွင် ကြိုးပေးခံခဲ့ရသော်လည်း ဗိုလ်ချုပ်ကြီး စကူရိုင်ကမူ စစ်အပြီးတွင် သူ၏ နောက်ပါအားလုံး ဂျပန်နိုင်ငံကို ပြန်နိုင်မှသာ သူလည်း ပြန်မည်ဟု ဆို၍ မြန်မာနိုင်ငံရှိ စစ်သုံ့ပန်းစခန်း တစ်ခုတွင် ဆက်နေခဲ့သည်။ နှစ်အနည်းငယ် ကြာမှသာ သူ့အား ဂျပန်ပြည်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့ပြီး အသက် ၉၆ နှစ် အရွယ်ထိ နေသွားခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်