အမေ့ခံအတိတ်
အမေ့ခံအတိတ်
ယောအတွင်းဝန် ဦးဘိုးလှိုင်၏ တစ်ခုတည်းသော ဓာတ်ပုံ
event_note ခေတ်ကာလများပြပုံ

၁၈၃၀ - ၁၈၈၃

ယောအတွင်းဝန် ဦးဘိုးလှိုင်၏ တစ်ခုတည်းသော ဓာတ်ပုံ

room Canada

people Yaw Atwinwun

Read in English

ဤဦးဘိုးလှိုင်၏ ဓါတ်ပုံကို ဗြိတိသျှ ကိုယ်စားလှယ် တစ်ဦး ဖြစ်သော ဒေါက်တာ ကလီမန့်ဝီလီယံ (Dr. Clement Williams)က မန္တလေးမြို့တွင် ရိုက်ကူးခဲ့သည်။ ဒေါက်တာဝီလီယံသည် မင်းတုန်းမင်းနှင့် မှုးကြီးမတ်ရာများ၏ မိတ်ဆွေကောင်း တစ်ဦး ဖြစ်ခဲ့သည်။ မကြာသေးမီကမှ ဒေါက်တာ၏ အမွေစားအမွေခံများက ဖော်ပြပါဓာတ်ပုံကို အများပြည်သူ ကြည့်ရှုနိုင်ရန် ထုတ်ပြလိုက်သည်။

ဦးဘိုးလှိုင် (၁၈၃၀ - ၁၈၈၃ ခုနှစ်)သည် မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်က ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သက္ကတဘာသာ၊ ပါဠိဘာသာ၊ မြန်မာဘာသာတို့ကို ကျွမ်းကျင်ကာ ဗုဒ္ဓဘာသာ၊ တိုင်းပြည်အုပ်ချုပ်ခြင်း၊ သင်္ချာဘာသာ စသည့် ပညာရပ်ဆိုင်ရာ တန်ဖိုးရှိလှသော စာပေကျမ်းဂန်များစွာကို ရေးသားပြုစုခဲ့သည်။ တိုင်းပြည်ကို ခေတ်နှင့်အမီ တိုးတက်ပြောင်းလဲနိုင်ရေးအတွက် အဓိက ကျသော စီမံကိန်း အတော်များများကို ဦးဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ အနောက်ပိုင်း နည်းပညာသစ်များ ပြည်တွင်းသို့ တင်သွင်းရေး၊ စက်မှုလက်မှု အလုပ်ရုံများ တည်ထောင်ရေး၊ ကြေးနန်းစနစ် အကောင်အထည်ဖော်ရေး၊ မြန်မာဘာသာ မော့စ် အချက်ပြသင်္ကေတ တီထွင်ရေး၊ တိုင်းပြည်၏ ပထမဦးဆုံး ငွေကြေးစနစ် ပေါ်ပေါက်လာရေး စသည့် လုပ်ငန်းများကို ဦးဆောင်ခဲ့သည်။

ဦးဘိုးလှိုင်၏ အရေးပါဆုံးသော ဆောင်ရွက်ချက်များထဲမှ တစ်ခုမှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အဆုံးသတ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဖွဲ့စည်းထားသော ဘုရင့်နိုင်ငံကို ကြိုဆိုသည့် "ရာဇဓမ္မသင်္ဂဟကျမ်း"ကို ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။ တစ်ခါက ဦးဘိုးလှိုင်သည် ဘီယာသောက်ခြင်းကြောင့် နေအိမ်တွင် အကျယ်ချုပ် ခံခဲ့ရဖူးသည်။ အချုပ်ခံနေရစဉ် ကာလ အတွင်း သူ၏ နာမည်ကျော် ကျမ်းတစ်စောင် ဖြစ်သည့် “ဝိမုတ္တိရသကျမ်း”ကို ပြုစုခဲ့သည်။ ကမ္ဘာပေါ်ရှိ ဒဿနအမြင် အမျိုးမျိုးကို ဆန်းစစ်လေ့လာထားသော ကျမ်းတစ်စောင် ဖြစ်သည်။

ဦးဘိုးလှိုင်သည် ဆွေကြီးမျိုးကြီး မိသားစုမှ ပေါက်ဖွားလာခဲ့သည်။ အတွင်းဝန်ရာထူး (ဗြဲတိုက်တော်တွင် ခစားရသည့် မင်းအတိုင်ပင်ခံ မှူးမတ်ကြီး) အပါအဝင် အထက်တန်း ရာထူး အများအပြားကို တာဝန်ယူအမှုထမ်းခဲ့သည်။ ကွယ်လွန်ချိန်၌ ဦးဘိုးလှိုင်၏ ဂုဏ်ထူးဘွဲ့မှာ “သတိုးမင်းကြီး မင်းလှမဟာမင်းခေါင် သီဟသူ” ဖြစ်သည်။ ယောမြို့စားလည်း ဖြစ်ခဲ့သေးသည်။

ဓါတ်ပုံကို ဒေးဗစ်စထရက်ချီ (David Strachey) က Royal Ontario Museum ကို လှူဒါန်းပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်