အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန္တပိုစာချုပ်
event_note ခေတ်ကာလများပြပုံ

၂၄ ဖေဖော်ဝါရီ ၁၈၂၆

ရန္တပိုစာချုပ်

people Sir Archibald Campbell Myoza of Legaing

Read in English

၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အရှေ့အိန္ဒိယကုမ္ဗဏီ ကိုယ်စားလှယ် အနေဖြင့် ဆာအာချီဘောကင်းဘဲ (Sir Archibald Campbell) နှင့် လယ်ကိုင်းမြို့စား မဟာမင်းလှကျော်ထင်တို့သည် ရန္တပိုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်ရေးထိုးလိုက်သောကြောင့်  ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကို အဆုံးသတ်သွားခဲ့ပြီး ထိုနေ့သည်လည်း မြန်မာ့သမိုင်းတွင် အမည်းစက် ထင်ကျန်သည့်နေ့ အဖြစ် အမှတ်တရ ဖြစ်စေခဲ့သည်။ 

နှစ်ဖက်စလုံး၏ တင်းမာမှုများကြောင့် ယင်းစစ်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ၁၈၂၆ ခုနှစ် ရောက်သောအခါ မြန်မာဘုရင့်တပ်များ အလွန် အထိနာနေပြီ ဖြစ်သည်။ ဗြိတိသျှနှင့် အိန္ဒိယတပ်သား အယောက် တစ်သောင်းခွဲ နှင့် မြန်မာတပ်သား ထောင်သောင်းချီ အသက်ဆုံးရှုံးခဲ့လေပြီ။ မြန်မာနှင့် ရှမ်း မင်းညီမင်းသားများ၊ မှူးကြီးမတ်ရာများလည်း ရာနှင့်ချီ သေဆုံးခဲ့ရသည်။ အထူးသဖြင့် ဗိုလ်ချုပ်များ အားလုံးနီးပါးပင် ကျဆုံးခဲ့လေသည်။ ထို့ကြောင့် မြန်မာတို့က မဖြစ်မနေ လက်နက်ချရန် ဖြစ်လာခဲ့ပြီး အာသံနယ် (Assam) ၊ ကချာနယ် (Cachar, အက္ကပါတ် Ekkabat)၊ ဂျိမ်းတိယနယ် (Jaintia)၊ မဏိပူရနယ် (Manipur)၊ ရခိုင်ပြည်နှင့် တနင်္သာရီဒေသတို့တွင် ဝင်မစွက်ဖက်ရန် တွန်းအားပေးခံရသည်။ 

ထိုမျှမကဘဲ အင်းဝနေပြည်တော်မှ စစ်လျော်ကြေး အဖြစ် စတာလင်ပေါင် တစ်သန်းကို အရစ်ကျ ပေးအပ်ရပေမည်။ ၁၈၂၆ ခုနှစ်တွင် ထိုငွေပမာဏမှာ အင်မတန် များပြားသော ပမာဏ ဖြစ်သည်။ ထိုလျော်ကြေးသည် မြန်မာပြည်ကို မွဲပြာကျစေသည့် အပြင် နောက်ဆယ်စုနှစ်များစွာ အထိ မြန်မာ့စီးပွားရေးကို ထိခိုက်စေခဲ့သည်။ ယင်းစစ်ပွဲသည် အရှေ့အိန္ဒိယကုမ္ဗဏီ၏ ဘဏ္ဍာရေးကိုလည်း များစွာ ဆုတ်ယုတ်စေခဲ့သည်။ ယင်းစစ်ပွဲကို အကြောင်းပြုကာ ဗြိတိသျှတို့သည် ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်ကို လည်းကောင်း၊ ၁၈၈၅ ခုနှစ်တွင် မြန်မာပြည် တစ်ပြည်လုံးကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့လေသည်။ 

ဖော်ပြပါပုံမှာ ၁၈၂၄ ခုနှစ်က ကြည့်မြင်တိုင်ခံတပ်ကို ဗြိတိသျှတို့ တိုက်ခိုက်နေပုံ ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်