အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ့ခေတ်သစ်သမိုင်းတွင် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ဦးတင်ထွဋ်
event_note ခေတ်ကာလများပြပုံ

၁၈၉၅ - ၁၉၄၇

မြန်မာ့ခေတ်သစ်သမိုင်းတွင် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ဦးတင်ထွဋ်

Read in English

ခေတ်သစ်မြန်မာ့သမိုင်းတွင် အရေးပါလှသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော ဦးတင်ထွဋ်ကို ၁၈၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အင်္ဂလန်နိုင်ငံရှိ ဒါဝစ်ချ်ကောလိပ် (Dulwich College) နှင့် ကမ်းဘရစ်ချ်တက္ကသိုလ် (Cambridge)၊ ကွင်းစ်ကောလိပ် (Queen's College) တို့တွင် ပညာဆည်းပူးခဲ့သည်။ ကောလိပ်၌ ရက်ဘီ (Rugby) ကစားသမား အဖြစ် လူသိများခဲ့ပြီး ကျောင်းရက်ဘီအသင်း၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။ ကိန်းဘရစ်ချ် တက္ကသိုလ်မှ ဘွဲ့ရပြီးသည့်နောက်တွင် ဝတ်လုံတော်ရ ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် (ဗြိတိသျှ) အိန္ဒိယစစ်တပ်တွင် ဘုရင့်ပြန်တမ်းဝင် အရာရှိတစ်ဦး အဖြစ် အလုပ်ဝင်ခဲ့သည်။ ဦးတင်ထွဋ်သည် အိန္ဒိယ အရပ်ဘက် အုပ်ချုပ်ရေး ယန္တရား၏ လက်ရွေးစင် အထက်တန်းလွှာ အရာရှိများ လောက (အိုင်စီအက်စ်) သို့ ပထမဦးဆုံး ဝင်နိုင်ခဲ့သည့် မြန်မာလူမျိုး အရာရှိ ဖြစ်သည်။ ၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ် ကာလများ အတွင်း ဦးတင်ထွဋ်သည် ရန်ကုန်မြို့နှင့် မြန်မာပြည်တစ်ဝန်းရှိ ဒေသအနှံ့ရှိ အရပ်ဘက် အစိုးရဌာန ပေါင်းစုံတွင် တာဝန်ထမ်းဆောင်ကာ တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတိုးလာခဲ့သည်။ ထိုစဉ်က ဦးတင်ထွဋ်သည် ရန်ကုန်မြို့ ဂျင်မခါနာကလပ်တွင် ရက်ဘီကစားခွင့် ရရှိခဲ့သော်လည်း ကစားပြီးနောက်တွင် ကလပ်၌ ရေချိုးခွင့်တော့ မရှိခဲ့သည်မှာ ထိုခေတ်ကာလ လူ့အဖွဲ့အစည်းတွင် လူမျိုးရေး ခွဲခြားမှုများကို ရောင်ပြန်ဟပ်နေသည့် ပုံရိပ်တစ်ခု ဖြစ်ပေသည်။ 

ဒုတိယကမ္ဘာစစ် အတွင်းက ဦးတင်ထွဋ်သည် အိန္ဒိယပြည်၊ ဆင်းမလားမြို့ (Simla) ရှိ ဆာပေါ်ထွန်း ခေါင်းဆောင်သည့် မြန်မာပြည်ပြေးအစိုးရ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးတင်ထွဋ်သည် ရဲရဲတောက် အမျိုးသားရေး စိတ်ဓာတ်ရှိသူ ဖြစ်သည်နှင့် အညီ စစ်ပြီးနောက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အပေါင်းအပါ တစ်ယောက် ဖြစ်လာလေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အခန်းကဏ္ဍတို့ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်နားလည်သည့် တစ်ဦးတည်းသော မြန်မာလူမျိုး ဖြစ်သည့် အလျောက် ဦးတင်ထွဋ်သည် ၁၉၄၇ ခုနှစ် အောင်ဆန်း-အက်တလီစာချုပ် ပေါ်ထွက်လာစေခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများတွင် အခရာကျကျ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့ပြင် ယင်းသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အတွက် နောက်ကွယ်မှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် နွေလများသို့ ရောက်သည့်အခါ ဦးတင်ထွဋ်သည် ကြားဖြတ်အစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် လွတ်လပ်ပြီးစ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့လေသည်။ ၁၉၄၈ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နှုတ်ထွက်ကာ အသစ်ဖွဲ့စည်းလိုက်သော "ပြည်ထောင်စု အရန်တပ်ဖွဲ့"၏ တပ်မှူး အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ထိုအရန်တပ်ဖွဲ့ကို ကွန်မြူနစ်များနှင့် စစ်တပ် အတွင်းအပြင်ရှိ အခြားသော "လက်ဝဲဝါဒီ"များကို နှိပ်ကွပ်ရန် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အမှန်မှာ ဦးတင်ထွဋ်သည် ဆိုရှယ်လစ်ဝါဒီတစ်ဦးမဟုတ်ဘဲ အမျိုးသားရေးဝါဒီသမားသာ ဖြစ်ကာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြေလည်ရန် ဆန္ဒရှိခဲ့သည်။ 

၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စပါ့ခ်စ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ၌ ကားဗုံးပေါက်ကွဲရာမှ ဦးတင်ထွဋ်သည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။ အခင်းဖြစ်ပြီး နောက်တစ်နေ့တွင်ပင် ဦးတင်ထွဋ် ကွယ်လွန်အနိစ္စရောက်သွားခဲ့လေသည်။ ယနေ့ထိတိုင် လူသတ်တရားခံကို မဖော်ထုတ်နိုင်ခဲ့သည့် အပြင် လူသတ်မှုအတွက် မည်သူတစ်ဦးတစ်ယောက်မှ အပြစ်ဒဏ်ကျခံခဲ့ခြင်း မရှိခဲ့ချေ။ ထိုခေတ်အခါက ဉာဏ်ရည်ဉာဏ်စွမ်း အရှိဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ဟုပင် ဆိုနိုင်ပေမည့် ဦးတင်ထွဋ်သည် လွတ်လပ်ပြီးစ မြန်မာနိုင်ငံအတွက် အဖိုးတန်လှသော အရည်အချင်းကောင်းတစ်ခု ဖြစ်နိုင်ခဲ့ပေသည်။ 

ပုံမှာ ၁၉၄၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ထုတ် လန်ဒန်သတင်းစာ တစ်စောင်တွင် ပါလာသည့် ဦးတင်ထွဋ် ကွယ်လွန်ကြောင်း သတင်း ဖြစ်သည်။ ပုံတွင် ညာဘက်မှ ဒုတိယမြောက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘေးတွင် ဦးတင်ထွဋ်ကို မြင်နိုင်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်