အမေ့ခံအတိတ်
အမေ့ခံအတိတ်
ယူနန်စစ်ဘုရင်

1920s - ၁၉၆၂

ယူနန်စစ်ဘုရင်

room China

Read in English

၁၉၂၀ ပြည့်နှစ်များနှင့် ၁၉၄၀ ခုနှစ် ကာလ အများစုတွင် လုံယွန် (Long Yun) (ပုံပါပုဂ္ဂိုလ်) သည် "ယူနန်ဘုရင်" အဖြစ် ထင်ရှားခဲ့ပြီး ဒုတိယကမ္ဘာစစ် အတွင်းက ယနေ့ မြန်မာ-တရုတ် နယ်စပ်ဒေသကို အုပ်ချုပ်ခဲ့သည်။ တရုတ်ပြည်တွင် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ကာလက ဖြစ်သည်။ ချန်ကေရှိတ် (Chiang Kai-shek) ခေါင်းဆောင်သည့် အမျိုးသားရေးဝါဒီများက တစ်အုပ်စု၊ မော်စီတုန်း (Mao Zedong) ခေါင်းဆောင်သည့် ကွန်မြူနစ်များက တစ်အုပ်စု၊ ဒေသတွင်း စစ်ဘုရင် မြောက်များစွာ အုပ်ချုပ်သည့် နယ်ပယ်အသီးသီး စသဖြင့် တိုင်းပြည်မှာ အပိုင်းပိုင်း ကွဲနေခဲ့သည်။

လုံယွန်သည် ဟန်တရုတ်လူမျိုး (Han Chinese) မဟုတ်ဘဲ အိလူမျိုး (Yi) ဖြစ်သည်။ (အိဘာသာစကားသည် လီဆူးဘာသာနှင့် အလွန်နီးစပ်ပြီး မြန်မာဘာသာနှင့်လည်း သိပ်မကွဲပြားလှချေ။) သူသည် လမ်းတံတားများ ဖောက်လုပ်ခြင်းနှင့် စက်မှုလုပ်ငန်းသစ်များကို တည်ဆောက်ရန် အားပေးခြင်းတို့ဖြင့် ယူနန်ပြည် (Yunnan) ကို ခေတ်မီတိုးတက်လာစေရန် ကြိုးပမ်းခဲ့သည်။ လုံယွန်လက်ထက်တွင် ယူနန်ဒေသသည် စစ်ရေးအရ အရေးပါသော နယ်တစ်ခု ဖြစ်လာခဲ့သည်။ တရုတ်စစ်တပ်များသည် မြန်မာပြည်ရှိ ဂျပန်တပ်များကို တိုက်ခိုက်ရန် ယူနန်ပြည်မှ သံလွင်မြစ်ကို ကျော်ဖြတ်ခဲ့ကြရသည်။ 

လုံယွန်သည် ယူနန်ပြည်တွင် ဥရောပသား ဂျူးများ (European Jews) အခြေချနေနိုင်မည့် ဇာတိမြေသစ် ဖန်တီးပေးရန်လည်း (၁၉၃၀ ပြည့်နှစ်များက) ကြိုးပမ်းခဲ့သည်။ ယင်းအဆိုပြုခဲ့သည့် ဒေသမှာ တန်ချုံးဒေသ (Tengchong) (မြစ်ကြီးနားမြို့၏ တစ်ဖက်ကမ်း) ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein) ပင် ပါဝင်ခဲ့သေးသည်။ နောက်ဆုံးတွင်မူ တရုတ်အစိုးရက ထိုအစီအစဉ်ကို လက်မခံခဲ့။

၁၉၄၅ ခုနှစ်တွင် လုံယွန်ကို တရုတ်အမျိုးသားရေးဝါဒီများက ဖြုတ်ချခဲ့သည်။ ထို့နောက် ၁၉၄၉-၁၉၅၀ ပြည့်နှစ်များတွင် ယူနန်ပြည်သည်လည်း ကွန်မြူနစ် အုပ်ချုပ်မှုအောက်သို့ ရောက်သွားခဲ့သည်။ လုံယွန်သည် ရာထူးတာဝန်မျိုးစုံကို ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ နောက်ပိုင်းတွင် လုံယွန်၏ သားများထဲမှ တစ်ယောက်သည် ဝါရှင်တန်မြို့ (Washington DC) ရှိ နာမည်ကျော် တရုတ်စားသောက်ဆိုင် ပိုင်ရှင် ဖြစ်လာခဲ့သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်