အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဆစ်ကင်ပြည် မိဖုရား ဖြစ်လာနိုင်ခဲ့သော မြန်မာတော်၀င်မင်းသမီး
မင်းသမီး ထိပ်တင်မလတ်
မင်းသမီး ထိပ်တင်မလတ်

အိန္ဒိယနိုင်ငံ၊ အလာလာဘတ်တွင် လင်းပင်မင်းသား၏ မိသားစုကို တွေ့ရပုံ။ (သမီးတော် ထိပ်တင်မလတ်လဲ ပါဝင်သည်။)
အိန္ဒိယနိုင်ငံ၊ အလာလာဘတ်တွင် လင်းပင်မင်းသား၏ မိသားစုကို တွေ့ရပုံ။ (သမီးတော် ထိပ်တင်မလတ်လဲ ပါဝင်သည်။)

ဆစ်ကင်နယ် အိမ်ရှေ့မင်းသား ဆစ်ဒ်ခုမ် တူဒူ နမ်ဂယ်
ဆစ်ကင်နယ် အိမ်ရှေ့မင်းသား ဆစ်ဒ်ခုမ် တူဒူ နမ်ဂယ်

၁၉၁၀ ခုနစ်တွင် မင်းသား ဆစ်ဒ်ခုမ် အတွက် သင့်လျော်နိုင်သည့် မြန်မာကြင်ယာလောင်းလျာများကို ဆစ်ကင်နယ်ရှိ နိုင်ငံရေး အရာရှိတစ်ဦးက တင်ပြစာ။
၁၉၁၀ ခုနစ်တွင် မင်းသား ဆစ်ဒ်ခုမ် အတွက် သင့်လျော်နိုင်သည့် မြန်မာကြင်ယာလောင်းလျာများကို ဆစ်ကင်နယ်ရှိ နိုင်ငံရေး အရာရှိတစ်ဦးက တင်ပြစာ။

မင်းသမီး မလတ်မှ မင်းသား ဆစ်ဒ်ခုမ်ထံသို့ ပြန်စာ။
မင်းသမီး မလတ်မှ မင်းသား ဆစ်ဒ်ခုမ်ထံသို့ ပြန်စာ။

မင်းသမီး မလတ်မှ မင်းသား ဆစ်ဒ်ခုမ်ထံသို့ ပြန်စာ။
မင်းသမီး မလတ်မှ မင်းသား ဆစ်ဒ်ခုမ်ထံသို့ ပြန်စာ။

မြန်မာပြည်နှင့် ဆစ်ကင်နယ်တို့ကို ပြသထားသည့် ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က မြေပုံ။
မြန်မာပြည်နှင့် ဆစ်ကင်နယ်တို့ကို ပြသထားသည့် ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က မြေပုံ။

ယနေ့ခေတ် ဆစ်ကင်နယ်မှ တောင်ကြားတစ်ခု။
ယနေ့ခေတ် ဆစ်ကင်နယ်မှ တောင်ကြားတစ်ခု။

event_note ခေတ်ကာလများပြပုံ

၁၉၁၀ - ဒီဇင်ဘာ ၁၉၁၄

ဆစ်ကင်ပြည် မိဖုရား ဖြစ်လာနိုင်ခဲ့သော မြန်မာတော်၀င်မင်းသမီး

room India

Read in English

ဆစ်ဒ်ခုမ် တူကူ နမ်ဂယ် (HH Sidkeong Tulku Namgyal) သည် ဆစ်ကင်ပြည်နယ် (Sikkim) ၏ ချိုဂယ် (chogyal) သို့မဟုတ် ဘုရင် ဖြစ်သည်။ အဆိုပါဘုရင်သည် မြန်မာမင်းသမီး ထိပ်တင်မလတ်နှင့် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ လက်ဆက်ရန် စီစဉ်ထားသည်။ မင်္ဂလာ မဆောင်မီ ရက်သတ္တပတ် အနည်းငယ်ခန့် အလိုတွင် ပဟေဠိဆန်စွာ ရုတ်တရက် နတ်ရွာစံခဲ့သည်။

ထိုစဉ်အခါက ဆစ်ကင်ပြည်နယ်မှာ ဗြိတိသျှအိန္ဒိယ အင်ပါယာ၏ အစောင့်ရှောက်ခံ ပြည်နယ် တစ်ခု ဖြစ်သည်။ ထိုမတိုင်မီ ၁၆၄၂ ခုနှစ်ကတည်းက နမ်ဂယ်မိသားစုမှ မင်းပြုအုပ်ချုပ်သည့် ဒေသ ဖြစ်သည်။ ယင်းတို့၏ ဘာသာစကားအရ ဘုရင်များကို ချိုဂယ် ဟု ခေါ်ဝေါ်သုံးနှုန်းကြရာ ဆိုလိုရင်းအားဖြင့် ဓမ္မရာဇာ သို့မဟုတ် စစ်မှန်သည့် ဘုရင်ဟု အဓိပ္ပါယ်ရသည်။ ဆစ်ကင်နယ်သားများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး ဆစ်ကင်ဘာသာစကားသည် တိဘက်ဘာသာနှင့် အလွန် နီးစပ်ကာ မြန်မာဘာသာနှင့်လည်း အနည်းငယ် ဆက်စပ်နေသည်။

မင်းသား ဆစ်ဒ်ခုမ် တူဂူ နမ်ဂယ်ကို ၁၈၇၉ ခုနှစ်တွင် မွေးဖွားသည်။ (တစ်ခါက ဆစ်ကင်နယ်၏ လက်အောက်ခံ ဖြစ်ခဲ့သော) ဒါဂျီလင်နယ် (Darjeeling) ရှိ စိန့်ပေါလ်ကျောင်း (St. Paul's) ၌ ပညာသင်ယူခဲ့ပြီး အောက်စဖို့ဒ်တက္ကသိုလ် (Oxford) ရှိ ပန်ဘရွတ်ကောလိပ် (Pembroke College) ၌ ဆက်လက် တက်ရောက်ခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ကြားပြီးနောက်  ကမ္ဘာပတ် ခရီးဆန့်ခဲ့ရာ အမေရိကန်ပြည်ထောင်စု၊ ဥရောပတိုက်၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံများသို့ ရောက်ရှိခဲ့သည်။ ထီးမွေနန်းမွေ ဆက်ခံရမည့်သူ ဖြစ်ပြီး ဘုရင်ဖြစ်လျှင် ဆစ်ကင်နယ်ကို ခေတ်နှင့်အညီ တိုးတက်အောင် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ ထို့ကြောင့် ခေတ်မီပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝင်ဆံ့ကာ အင်္ဂလိပ်စကား ကျွမ်းကျင်သည့် ကြင်ယာတော်ကို အလိုရှိခဲ့သည်။ ဗုဒ္ဓဘာသာ ဘုရင် ဖြစ်သည့်အလျှောက် ဇနီးဖြစ်သူမှာလည်း ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ လိုသည်။ အစက ဂျပန်အမျိုးသမီး တစ်ဦးဦးကို မိဖုရားလောင်း အဖြစ် တော်ကောက်ရန် စဉ်းစားခဲ့သော်လည်း ဗြိတိသျှ အာဏာပိုင်များက (ထိုစဥ်က ယင်းတို့ လက်အောက်ခံ) မြန်မာပြည်မှ သင့်လျော်သော အမျိုးသမီး တစ်ဦးကို စဉ်းစားပါရန် တိုက်တွန်းခဲ့သည်။ ထို့နောက် ၁၉၀၅ ခုနှစ်ဝန်းကျင် ရောက်သောအခါ ဗြိတိသျှ အစိုးရက အောင်သွယ်လုပ်တော့သည်။ ၁၉၁၀ ခုနှစ်တွင် မိဖုရား အလောင်းအလျာ ဖြစ်နိုင်ခြေရှိသော အမျိုးသမီး လေးဦး၏ စာရင်းကို မင်းသားထံ ပေးပို့လာသည်။ အားလုံးမှာ ရှမ်းစော်ဘွား သို့မဟုတ် မြို့စားများ၏ သမီးများ ဖြစ်သည်။ 

(၁) စဝ်မြ၊ အင်းတိန်မြို့စားသမီး၊ အသက် ၁၆ နှစ် 

(၂) စဝ်အို၊ မိုင်းဆစ်မြို့စားသမီး၊ အသက် ၁၇ နှစ် 

(၃) စဝ်ဟွန်၊ လဲချားစော်ဘွားသမီး၊ အသက် ၁၇ နှစ် 

(၄) စဝ်စော၊ မိုင်းကိုင်မြို့စားသမီး၊ အသက် ၁၇ နှစ်တို့ ဖြစ်ကြသည်။ 

ပထမနှစ်ဦးမှာ  ‘မြန်မာစာ ကောင်းကောင်း ကျွမ်းကျင်သည်’ ဟု ဆိုသည်။ တတိယတစ်ဦးမှာ ‘မြန်မာစာ (အတန်အသင့်)နှင့် ရှမ်းစာ ကောင်းကောင်းတတ်ပြီး’ နောက်ဆုံးတစ်ဦးမှာမူ ‘စာမတတ်သော်လည်း’ ‘အတော်ပင် ရုပ်ချောစိတ်လှသည့် မိန်းမပျိုလေး’ ဖြစ်ပေသည်။ တစ်ယောက်မှ အင်္ဂလိပ်စကား မတတ်ချေ။

ထို့နောက်တွင် ဗြိတိသျှတို့က မင်းသားနှင့် ၁၆ နှစ် အရွယ် မြန်မာမင်းသမီး မလတ်နှင့် တွေ့ဆုံပေးရန် စီစဉ်ကြပြန်သည်။ မလတ်မှာ သာယာဝတီဘုရင်၏ သားတော်တစ်ဦး တစ်ဖြစ်လဲ သီပေါမင်း၏ ဝမ်းကွဲညီအစ်ကို တော်စပ်သူ လင်းပင်မင်းသား၏ သမီးတော် ဖြစ်သည်။ လင်းပင်မင်းသားသည် အိန္ဒိယနိုင်ငံ၊ အလာလာဘတ် (Allabad) သို့ ပြည်နှင်ခံထားရပြီး ထိုနေရာတွင် ကြင်ယာတော်၊ သားသမီး ကိုးဦးတို့နှင့်အတူ နေထိုင်လျက် ရှိသည်။ မလတ်မှာ အလာလာဘတ် အသိုင်းအဝိုင်းတွင် ထင်ရှားသည်။ (နောင်တွင် ကိုင်ဇာဘုရင် ဖြစ်လာသူ) ဂျာမနီ အိမ်ရှေ့မင်းသား ဝီဟိမ် (Wilheim) အရှေ့တိုင်းသို့ ခရီးထွက်ခဲ့စဉ် အလာလာဘတ်ကလပ်၌ မလတ်နှင့် ဆုံခဲ့ကြရာ ခရီးစဉ် တစ်လျှောက်လုံး တွေ့ခဲ့ရသမျှ အမျိုးသမီးများထဲတွင် “ကြွေစရာ အကောင်းဆုံးသော အမျိုးသမီး” ဟု မင်းသားက ချီးကျူးခဲ့သေးသည်။ မလတ်သည် (အလာလာဘတ် မိန်းကလေးကျောင်းသို့ တက်ရောက်ခဲ့သည်။) ပညာတတ်တစ်ယောက်ဖြစ်သလို အင်္ဂလိပ်ဘာသာစကား ကောင်းကောင်း ကျွမ်းကျင်သည်။

ထိုသို့ဖြင့် မင်းသား ဆစ်ဒ်ခုမ်နှင့် မင်းသမီး မလတ်တို့လည်း စာရေးဆက်သွယ်ခြင်းဖြင့် သိကျွမ်းသွားကြသည်။ လင်းပင်မင်းသားနှင့် မိသားစုတို့ (ရန်ကုန်မြို့တွင် နေရန်) မြန်မာပြည်ကို ပြန်သွားပြီးနောက် မင်းသား ဆစ်ဒ်ခုမ်က ၁၉၁၂ ခုနှစ်တွင် သွားရောက် လည်ပတ်ခဲ့သေးသည်။ ဗြိတိသျှတို့က လင်းပင်မင်းသား၏ ခွင့်ပြုချက်ရအောင် ဆွဲဆောင်နိုင်ခဲ့သဖြင့် ထိုအချိန်တွင် လက်ထပ်ထိမ်းမြားရန် နှစ်ဦးနှစ်ဘက် သဘောတူထားကြပြီး ဖြစ်သည်။ အစက မင်္ဂလာပွဲကို ၁၉၁၃ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ဆစ်ကင်ဘုရင် ကျန်းမာရေး ချို့ယွင်းလာသောကြောင့် ဆိုင်းငံ့လိုက်ရသည်။ ၁၉၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘုရင်ကြီး နတ်ရွာလားသောအခါ မင်းသားဆစ်ဒ်ခုမ် ထီးနန်းဆက်ခံခဲ့ပြီးနောက် ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို မင်္ဂလာရက် အဖြစ် လျာထားခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ဦးအပေါ် တစ်ဦး မည်မျှ ချစ်ခင်မြတ်နိုးကြောင်း၊ တူနှစ်ကိုယ် လက်တွဲရမည့်ဘ၀ကို မည်မျှ မျှော်လင့်နေကြောင်း စာချွန်တော်လွှာများ အပြန်အလှန် ပို့ရင်း ပြောပြကြသည်။ တကယ်တမ်းတော့ ဖြစ်မလာခဲ့။ 

၁၉၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် ဆစ်ဒ်ခုမ်ကို သူ၏ အိပ်ဆောင်ထဲ၌ အသက်မရှိလျက်သား တွေ့ခဲ့ကြရသည်။ သူသည် အသက် ၃၅ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် နတ်ရွာစံသွားခဲ့သည်။‘ပဟေဠိဆန်သော ကိစ္စ’ ဖြစ်သည်ဟု ဗြိတိသျှတို့က ဆိုကြသည်။ နောင်တွင် မင်းသမီး မလတ်သည် သြစတြေးလျလူမျိုး မြင်းမွေးသူ၊ ဘွတ်ကီဒိုင် တစ်ဦး ဖြစ်သည့် ဟားဘတ်ဘယ်လမီ (Herbert Bellamy) နှင့် အကြောင်းပါသည်။ သူတို့၏ သမီးဖြစ်သူ ဇွန်ရို့စ်ဘယ်လမီ (June-Rose Bellamy, ရတနာနတ်မယ်) မှာ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ၁၉၇၆ မှ ၁၉၇၇ ခုနှစ် အထိ လက်ထပ်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဆစ်ကင်ပြည်နယ်သည် အိန္ဒိယနိုင်ငံအပိုင် နယ်မြေတစ်ခု ဖြစ်လာသည်။ ဆစ်ကင်နယ်၏ နောက်ဆုံး ချိုဂယ်ဘုရင် (ဆစ်ဒ်ခုမ်၏ တူတော်စပ်သူ) သည် ၁၉၈၂ ခုနှစ်တွင် နယူးယောက်မြို့၌ နတ်ရွာစံခဲ့သည်။

မင်းသား၏ ဓါတ်ပုံ၊ ထိပ်တင်မလတ်နှင့် အပြန်အလှန် ပေးပို့ခဲ့ကြသည့် စာလွှာများကို ဆစ်ကင်နန်းတော် မှတ်တမ်းများ (Sikkim Palace Archive)/Project Denjong မှ ရရှိပါသည်။ Project Denjong မှာ ပျောက်ကွယ်လုနီး မှတ်တမ်းမှတ်ရာများကို ထိန်းသိမ်းသည့် ဗြိတိသျှ စာကြည့်တိုက်၏ စီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်