၁၉ ဖေဖော်ဝါရီ ၁၉၄၂ - ၂၂ ဖေဖော်ဝါရီ ၁၉၄၂
သြစတြေးလျတို့ မြန်မာ့သမိုင်းကို မည်သို့ ပြောင်းလဲစေခဲ့သနည်း?
people ဦးသန့် Winston Churchill
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဂျပန်စစ်တပ် (Japanese army) သည် ရန်ကုန်မြို့ကို စတင်ဗုံးကြဲသည်။ ထို့နောက် ဂျပန်တပ်များသည် ထိုင်း-မြန်မာနယ်စပ်ကို ကုန်းကြောင်း ဖြတ်ကျော်ချီတက်လာကာ ဇန်နဝါရီလကုန်တွင် မော်လမြိုင်မြို့ကို သိမ်းလိုက်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဗြိတိသျှ (British) တို့၏ "ထိုးဖောက်ရန် မဖြစ်နိုင်သော" အရှေ့တိုင်း ခံတပ်ကြီး ဖြစ်သည့် စင်ကာပူမြို့ (Singapore) သည် ဂျပန်လက်အောက်သို့ ကျရောက်သွားခဲ့ပြီး မဟာမိတ်တပ်သား အယောက် ၈၀,၀၀၀ အဖမ်းခံခဲ့ရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သြစတြေးလျနိုင်ငံ (Australia)၊ ဒါဝင်မြို့ (Darwin) ကို ဂျပန်တို့ ဗုံးကြဲခဲ့သည်။ ဖေဖော်ဝါရီလ ကုန်ခါနီးတွင် ရန်ကုန်မြို့သို့ လျင်မြန်စွာ ချီတက်လာနေသည့် အမှတ် ၁၅ ဂျပန်တပ်မတော်သည် အမှတ် ၁၇ အိန္ဒိယတပ်မတော်ကို အနိုင်ရသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဂျပန်တပ်ကြီးသည် စစ်တောင်းမြစ်ကို ဖြတ်ကျော်ချီတက်လာခဲ့သည်။ မဟာမိတ် (Allies) တို့မှာ ရှမ်းပြည်နယ်တွင်သာ တပ်တစ်တပ် ကျန်ပြီး ရန်ကုန်မြို့မှာ အကာအကွယ် မဲ့နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သြစတြေးလျ တပ်မတော် (AIF) ၏ တပ်ကြောင်း နှစ်ကြောင်း ဖြစ်သော အမှတ် ၆နှင့် အမှတ် ၇ သြစတြေးလျ တပ်မတော်တို့သည် မြောက်အာဖရိကဒေသ (North Africa) နှင့် ဆီးရီးယားဒေသ (Syria) တွင် ဂျာမန်တပ်တို့ကို အနိုင်ရပြီးနောက် အရှေ့ဘက်သို့ ဆက်လက်ချီတက်လာနေသည်။ သမ္မတရုစဗဲ့ (Roosevelt) ၏ ထောက်ခံမှုဖြင့် ဝင်စတန်ချာချီ (Winston Churchill) က စစ်သားဦးရေ ၁၅,၀၀၀ ပါရှိသော (ဗိုလ်ချုပ် အေအက်စ် “တပ်ဘီ” အယ်လန် - A.S “Tubby” Allen ဦးစီးသည့်) အမှတ် ၇ တပ်မကို မြန်မာပြည်သို့ ချီတက်စေပြီး ရန်ကုန်မြို့ကို ခုခံရန် အမိန့်ပေးခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ဒေါသတကြီး ကြေးနန်းကြိုးများ အပြန်အလှန် ပေးပို့ပြီးနောက်တွင် သြစတြေးလျ ဝန်ကြီးချုပ် ဂျွန်ကာတင် (John Curtin) သည် ထိုတပ်ကြောင်းများက မိမိနိုင်ငံကို အကာအကွယ်ပေးရန် လိုအပ်သည်ဟု ယုံကြည်သောကြောင့် ချာချီ၏အမိန့်ကို ငြင်းဆန်ခဲ့သည်။ ဖေဖော်ဝါရီလ ကုန်ခါနီး အမှတ် ၇ ဗြိတိသျှ ကျည်ကာတပ် (ကန္တာရကြွက်များ - the “Desert Rats”) သည် ရန်ကုန်မြို့သို့ ရောက်လာသော်လည်း အခါနှောင်းခဲ့လေပြီ ဖြစ်သည်။ မတ်လ ၇ရက်နေ့တွင် ဂျပန်တို့က ပဲခူးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်ကုန်မြို့မှ ပြည်သူများလည်း ထိုနေ့တွင်ပင် မြို့ကို စွန့်ခွာထွက်ပြေးကြရတော့သည်။
ချာချီ၏ အမိန့်ကို ငြင်းဆန်လိုက်ခြင်းသည် သြစတြေးလျသမိုင်း အတွက် အမှတ်အသား ဖြစ်စေခဲ့သလို မြန်မာ့သမိုင်းတွင်လည်း တစ်ဆစ်ချိုးစေခဲ့လေသည်။ အမှတ် ၇ တပ်မသာ ရန်ကုန်မြို့သို့ ရောက်လာခဲ့လျှင် သို့မဟုတ် ဂျပန်တို့ကိုသာ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ မြန်မာပြည်သည် ဂျပန်လက်အောက်သို့ မရောက်ခဲ့နိုင်သလို မြန်မာ့သမိုင်းသည်လည်း ယခုနှင့် အလုံးစုံ ကွာခြားသွားနိုင်သည်။
ပထမဓာတ်ပုံမှာ ဒုတိယကမ္ဘာစစ် နှောင်းပိုင်းက သြစတြေးလျ စစ်သားများနှင့် မြန်မာကလေးငယ်များကို တွေ့ရသောပုံ ဖြစ်သည်။ (၁၉၄၃-၄၅ ခုနှစ်က မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင်ရေးတွင် သြစတြေးလျလူမျိုး တပ်သားများစွာ ပါဝင်ခဲ့သည်။) နောက်တစ်ပုံတွင် ၁၉၄၃ ခုနှစ်က အမေရိကန် ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်စ် မက်အာသာ (Douglas MacArthur) ကို ကြိုဆိုနှုတ်ဆက်နေသော သြစတြေးလျ ဝန်ကြီးချုပ် ဂျွန်ကာတင်ကို တွေ့ရသည်။
ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်