အမေ့ခံအတိတ်
အမေ့ခံအတိတ်
စက္ကူဖြူစာတမ်း
စက္ကူဖြူစာတမ်း

၊ ၁၉၄၅ ခုနစ်က ဗြိတိသျှအင်ပါယာကြီး မြေပုံ။
၊ ၁၉၄၅ ခုနစ်က ဗြိတိသျှအင်ပါယာကြီး မြေပုံ။

event_note ခေတ်ကာလများပြပုံ

၁၇ မေ ၁၉၄၅ - ဇွန် ၁၉၄၆

မြန်မာပြည်ဆိုင်ရာ စက္ကူဖြူစာတမ်း

room Myanmar

people Sir William Slim

Read in English

၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာပြည်၏ အနာဂတ်နှင့် ပတ်သက်၍ “စက္ကူဖြူစာတမ်း” ကို တရားဝင် ထုတ်ပြန်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့  (နောက်ပိုင်းတွင် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၊ ဖဆပလ ဖြစ်လာ) သည် စက္ကူဖြူစာတမ်းပါ စီမံကိန်းကို ကန့်ကွက်သည်။ နောက်ဆက်တွဲမှာ မြန်မာပြည်သို့ ပြန်ရောက်လာသော ဗြိတိသျှအာဏာပိုင်များ လိပ်ခဲတည်းလည်း အခြေအနေနှင့် ရင်ဆိုင်ရသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်မြို့၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရသည်အထိ ဖြစ်လာသည်။ နောက်ဆုံးမှာမူ ၁၉၄၈ ခုနှစ်တွင် ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ အဖြစ် မဟုတ်ဘဲ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်။

စက္ကူဖြူစာတမ်းတွင် ပါဝင်သော အဆိုပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဘုရင်ခံကိုယ်တိုင် (မြန်မာခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသည့် "အမှုဆောင်ကောင်စီ"၏ အကူအညီဖြင့်) တိုက်ရိုက်အုပ်ချုပ်မည့် ကာလတစ်ခု ထားရှိရေး နိုင်ငံ့စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး (ထိုစဉ်က ဒုတိယကမ္ဘာစစ်ကြောင့် တိုင်းပြည်မှာ ဖြူခါပြာခါကျလျက် ရှိသည်)၊ ၁၉၄၈ ခုနှစ် မေလမတိုင်ခင် ရွေးကောက်ပွဲများ ကျင်းပရေး။

(၂) ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ အသစ် ဖွဲ့စည်းလိုက်သော မြန်မာလွှတ်တော်က ဝန်ကြီးချုပ်နှင့် အစိုးရသစ်တို့ကို ရွေးချယ်တင်မြှောက်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် တစ်ရပ် ရေးဆွဲရေး။

(၃) နောက်ဆုံးတွင် မြန်မာနိုင်ငံကို (သြစတြေးလျနိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကဲ့သို့) ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည် အဖြစ် လွတ်လပ်ရေး ပေးရေးတို့ ဖြစ်သည်။

ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့နှင့် များစွာသော မြန်မာ မျိုးချစ်ပုဂ္ဂိုလ် အပေါင်းတို့သည် (ဓနသဟာယအဖွဲ့ဝင် အဖြစ် မဟုတ်ဘဲ သမ္မတနိုင်ငံ အဖြစ် လွတ်လပ်ရေး ရမည့်အစား) လက်အောက်ခံနိုင်ငံ အဖြစ် ရပ်တည်ရခြင်း၊ စီမံကိန်းထဲတွင် (ရှမ်းပြည်နယ်ကဲ့သို့) "ခြွင်းချန်နယ်မြေများ" မပါဝင်ခြင်း စသည့် အချက်များကိုလည်း လုံးဝ လက်မခံနိုင်ကြပေ။

၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် (Sir Reginald Dorman-Smith) သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။ ထိုမတိုင်မီ ဇွန်လကလည်း အလွတ်သဘော တစ်ခေါက် လာခဲ့သေးသည်။ စက္ကူဖြူစာတမ်းကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခံရပြီးနောက် ဖဆပလနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့သည်။ ဗြိတိသျှတို့ မြန်မာပြည်မှ အပြီးတိုင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီး ၁၉၄၆ ခုနှစ် ဇွန်လတွင် ဘုရင်ခံ ပြည်တော်ပြန်သွားမှသာ ထိုပဋိပက္ခ ပြီးဆုံးသွားခဲ့သည်။

ဤတွင် အရေးကြီးသော အချက်မှာ ၁၉၄၆ ခုနှစ်က ဗြိတိသျှ လေဘာအစိုးရသည် မြန်မာပြည်မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းမှာ မြန်မာပြည်တွင်းတွင် ဖြစ်ပျက်နေသော ကိစ္စရပ်များကြောင့် သက်သက် မဟုတ်ချေ။ ၁၉၄၅ ခုနှစ် ဇူလိုင်လက ရွေးကောက်ခံရသော လေဘာပါတီသည် နယ်ချဲ့စနစ်ကို အစဉ်တစိုက် ဆန့်ကျင်ကြသူများ ဖြစ်သည်။ ထို့အပြင် အင်္ဂလန်နိုင်ငံသည် အိန္ဒိယနိုင်ငံ (India) နှင့် ပါလက်စတိုင်းနိုင်ငံ (Palestine) ရှိ ပဋိပက္ခများကို ထိန်းမနိုင် သိမ်းမရနှင့် မနိုင်မနင်း ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ဗြိတိသျှတို့ အတွက် မြန်မာပြည်ဆိုသည်မှာ အဓိက မကျသည့် အပြင် စက္ကူဖြူစာတမ်း အကောင်အထည် ဖော်ရေး၊ မဖော်ရေးသည်လည်း အရေးမကြီးလှချေ။

စက္ကူဖြူစာတမ်းကို လက်ခံခဲ့ပါက မြန်မာပြည်သည်လည်း မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၏ လမ်းစဉ် အတိုင်း ဖြစ်နိုင်သည်။ အင်္ဂလန်နိုင်ငံမှ ကုမ္ပဏီများ ပြန်လည် အခြေချကာ ၁၉၅၀ပြည့်နှစ် နှောင်းပိုင်းမှ လွတ်လပ်ရေး ရနိုင်ခြေ ရှိသည်။ (ဤသည်မှာ မြန်မာပြည် အတွက် ပိုကောင်းနိင်ချေ ရှိသလို ပိုဆိုးနိုင်ချေလည်း ဖြစ်နိုင်သည်။) ဖြစ်လာနိုင်သည်မှာ ပြည်တွင်းတွင် ကိုလိုနီအစိုးရကို ဆန့်ကျင်သည့် ကွန်မြူနစ်များ ပုန်ကန်ထကြွလာပြီး စစ်အေးတိုက်ပွဲ၏ စစ်မက်များထဲ မြန်မာပြည် ပါဝင်ရပေဦးမည်။ ယင်းစာတမ်းအရ “မြန်မာပြည်မ”နှင့် “ခြွင်းချန်နယ်မြေများ” (ရှမ်းနှင့် ကရင်နီ နယ်မြေများ၊ ချင်း၊ ကရင်နှင့် ကချင်တောင်တန်းဒေသများ) အကြား ဆက်ဆံရေး မည်သို့မည်ပုံ စခန်းသွားလိမ့်မည်ကိုလည်း မှန်းဆနိုင်ရုံသာ ရှိသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်