အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ရေနံတွင်းများတည်ရှိရာ ရေနံချောင်း
event_note ခေတ်ကာလများပြပုံ

၁၉၀၅

ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ရေနံတွင်းများတည်ရှိရာ ရေနံချောင်း

Read in English

ဖော်ပြပါပုံတွင် ၁၉၀၅ ခုနှစ်က ရေနံချောင်းမြို့တွင် ဘေ့စ်ဘောကစားရန် အသင့်ပြင်နေကြသော အမေရိကန်လူမျိုး တစ်စုကို တွေ့ရသည်။ ရေနံချောင်းမြို့သည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ရေနံတွင်းလုပ်ငန်းများ တည်ရှိရာ နေရာများထဲမှ တစ်ခု ဖြစ်သည်။ မိရိုးဖလာ သားစဉ်မြေးဆက် ရေနံမြေ ပိုင်ဆိုင်ခွင့်ရသော ရေနံချောင်းမှ တွင်းစားရိုးတို့သည် ခေတ်အဆက်ဆက် "နံ့သာမြေဆီ" ခေါ် ရေနံဆီကို တူးဖော်ထုတ်လုပ်ခဲ့ကြသည်။ ၁၈၅၃ ခုနှစ် မင်းတုန်းမင်း၏ အစိုးရသစ် လက်ထက်မှ စတင်ကာ အိန္ဒိယပြည်သို့ ရေနံ တင်သွင်းရောင်းချခဲ့သည်။ မြန်မာနိုင်ငံသည် အစောဆုံး စွမ်းအင်ထုတ်ကုန် တင်ပို့နိုင်သော တိုင်းပြည်တစ်ခု ဖြစ်လာခဲ့သည်။ 

ဗြိတိသျှအစိုးရ လက်ထက်တွင် ဂလက်စ်ဂိုမြို့ (Glasgow) တွင် အခြေစိုက်သော ဘားမားရေနံကုမ္ပဏီ (Burmah Oil Company) သည် မြန်မာပြည်တွင် အကြီးဆုံးသော ရေနံကုမ္ပဏီ ဖြစ်ခဲ့သည်။ ယင်း၏လက်အောက်ခံကုမ္ပဏီ အင်္ဂလို-ပါရှန်းရေနံ (Anglo-Persian Oil) သည် နောင်တွင် (British Petroleum - BP ဟု လူသိများသော) ဗြိတိသျှရေနံကုမ္ပဏီ  ဖြစ်လာသည်။ ခေတ်ကောင်းခဲ့စဥ်က ဘားမားရေနံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး နိုင်ငံတကာ ကုမ္ပဏီကြီးများထဲမှ တစ်ခု ဖြစ်ခဲ့သည်။ ၂၀ ရာစု အစောပိုင်း မြန်မာပြည်တွင် ကမ္ဘာရေနံ၏ ၂ ရာခိုင်နှုန်းနီးပါးကို တူးဖော်ထုတ်လုပ်ခဲ့သည်။ ထိုပမာဏသည် ယနေ့ခေတ်တွင် ကူဝိတ်နိုင်ငံ (Kuwait) နှင့် ယူအေအီးနိုင်ငံ (UAE) တို့ ထုတ်လုပ်နေသည့် ပမာဏနှင့် တူညီသည်။ အထူးသဖြင့် အိန္ဒိယပြည်သို့ ရေနံဆီ တင်သွင်းသော တိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ ဝင်ရောက်လာသည့်ကာလမှသာ မြန်မာ့ရေနံလုပ်ငန်း အားလုံး ပျက်စီးဆုံးရှုံးသွားခဲ့သည်။ 

၁၉၀၀ ပြည့်နှစ်ကပင် အမေရိကန်လူမျိုးများ (အများစုမှာ တက္ကဆက်ပြည်နယ်မှ ဖြစ်သည်။) သည် ရေနံချောင်းဒေသရှိ ရေနံတွင်းများတွင် လာရောက် အလုပ်လုပ်ကိုင်ခဲ့သည်။ ယင်းတို့သည် ပထမဦးဆုံး ခေတ်မီရေနံတွင်းကို ၁၉၀၄ ခုနှစ်က တူးဖော်ခဲ့ကြသည်။ အချို့မှာ ဘားမားရေနံ ဝန်ထမ်းများ ဖြစ်ကြပြီး အချို့မှာ (အမေရိကန်ကုမ္ပဏီ ယခု အက်ဆွန် - Exxon) စံချိန်မီ ရေနံကုမ္ပဏီနှင့် အခြားကုမ္ပဏီငယ်များမှ ဝန်ထမ်းများ ဖြစ်ကြသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်