အမေ့ခံအတိတ်
အမေ့ခံအတိတ်
လွတ်လပ်ရေး သမိုင်းကြောင်းချင်း နီးစပ်ခဲ့သော အိန္ဒိယနှင့် မြန်မာ
event_note ခေတ်ကာလများပြပုံ

၁၅ သြဂုတ် ၁၉၄၇

လွတ်လပ်ရေး သမိုင်းကြောင်းချင်း နီးစပ်ခဲ့သော အိန္ဒိယနှင့် မြန်မာ

room India

၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗြိတိသျှလက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေး ရသည်။ ထိုအချိန်တွင် တိုင်းပြည်မှာ အပိုင်းပိုင်းကွဲနေပြီး တစ်ဆက်တည်းမှာပင် ပါကစ္စတန်နိုင်ငံအသစ် ပေါ်ပေါက်လာခဲ့သည်။ များမကြာမီပင် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်က မြန်မာနိုင်ငံသည် ဓနသဟာယနိုင်ငံများ ပြင်ပ၊ လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံအဖြစ် မရှိသေးပါ။ ထို့ကြောင့် ကော်မရှင်နာမင်းကြီး (ဦးဝင်း)က  နယူးဒေလီသို့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။

မြန်မာနှင့် အိန္ဒိယအကြား လွတ်လပ်ရေးရရန် အစပျိုးသည့်လမ်းစဉ်မှာ နီးစပ်ပတ်သက်မှု ရှိလှသည်။ ခေတ်သစ် မြန်မာ့နိုင်ငံရေးသည် ၁၉၁၇ ခုနှစ် မွန်တေဂူ-ချမ်စ်ဖို့ဒ် (Montagu-Chelmsford) ပြုပြင်ပြောင်းလဲရေးများနှင့်အတူ မွေးဖွားလာခဲ့သည်။ ထိုစဉ်က ဒိုင်အာခီအုပ်ချုပ်မှုပုံစံအသစ်တွင် မြန်မာမပါဝင်မည်ကို စိုးရိမ်ခြင်းမှ အစပြုခဲ့ခြင်းသည်။ ၁၉၂၀ ပြည့်နှစ်မျာနှင့် ၁၉၃၀ ပြည့်နှစ် အစောပိုင်းကာလများက မဟတ္တမဂန္ဒီ (Mahatma Gandhi) နှင့် ပန်ဒစ်နေရူး (Pandit Nehru) တို့ ဦးဆောင်သော အိန္ဒိယအမျိုးသားလွှတ်တော်၏ ရုန်းကန်ကြိုးပမ်းမှုများ၏ အရိပ်အာဝါသအောက်တွင် မြန်မာ့အမျိုသားရေးစိတ်ဓာတ် နိုးကြားတက်ကြွမှု အရှိန်အဟုန်ကောင်းလာခဲ့သည်။ ၁၉၄၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ဂျပန်အုပ်ချုပ်ခံ မြန်မာနိုင်ငံသို့ ဆူဘတ်ချန်ဒရာဘို့စ် (Subhas Chandra Bose)၏ အိန္ဒိယအမျိုးသားတပ်မတော် (Azad Hind Fauj) လာရောက်ခဲ့သေးသည်။ ၁၉၄၆ခုနှစ်တွင် ဗြိတိသျှတို့ မြန်မာနိုင်ငံမှ စွန့်ခွာရန် ဆုံးဖြတ်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ အိန္ဒိယနိုင်ငံမှာ လွတ်လပ်ရေး ရလုခါနီး ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုသို့ဆိုပါလျှင် မြန်မာသည် အိန္ဒိယအရှေ့ပိုင်းအတွက် ဗျူဟာအရ အရေးပါသော နိုင်ငံတစ်ခုမဟုတ်တော့ချေ။ ဘင်္ဂလားနယ် ခွဲထွက်ခြင်း၊ အရှေ့ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာခြင်း (နောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာသည်) နှင့် အိန္ဒိယ အရှေ့မြောက်ဒေသ ဖြစ်ပေါ်လာခြင်း အစရှိသော အိန္ဒိယနိုင်ငံကြီးတစ်ခုလုံး အပိုင်းပိုင်းအစိတ်စိတ် ကွဲသွားခြင်း သဘောသဘာဝသည် နောက်ပိုင်း မြန်မာနိုင်ငံ သမိုင်းကြောင်း ပုံဖော်ပေးခဲ့သည်။

ဓာတ်ပုံမှာ ကော်မရှင်နာမင်းကြီး ဦးဝင်း၊ လော့ဒ်လူးဝစ်မောင့်ဘက်တန် (Lord Louis Mountbatten၊ အိန္ဒိယ၏ နောက်ဆုံးဘုရင်ခံချုပ်၊ ထိုစဉ်က အိန္ဒိယ၏ ပထမဆုံး ဘုရင်ခံ)၊ သခင်နု (ထိုစဉ်က အုပ်ချုပ်ရေးကောင်စီ၏ ဒုတိယဥက္ကဌနှင့် ဝန်ကြီးချုပ် တာဝန်ခံ)၊ ပန်ဒစ်နေရူး (အိန္ဒိယဝန်ကြီးချုပ်) နှင့် နယ်စားကတော် မောင့်ဘက်တန်နှင့် ရာဂျန်ဒရာပရာဆတ် (Rajendra Prasad၊ အိန္ဒိယ တိုင်းပြုပြည်ပြုလွှတ်တော် ဥက္ကဌ၊ နောင်တွင် အိန္ဒိယနိုင်ငံ၏ ပထမဆုံး သမ္မတ) တို့ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က နယူးဒေလီတွင် တွေ့ရပုံ ဖြစ်ပါသည်။


လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်မီး (၁၉ ၄၅ - ၁၉ ၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်