အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရွှေတိဂုံဘုရားလမ်းတလျှောက် အောင်ပွဲခံချီတက်နေသော မဟာမိတ်တပ်များ
event_note ခေတ်ကာလများပြပုံ

၁၅ ဇွန် ၁၉၄၅

ရွှေတိဂုံဘုရားလမ်းတလျှောက် အောင်ပွဲခံချီတက်နေသော မဟာမိတ်တပ်များ

people Louis Mountbatten General Aung San

Read in English

ဂျပန်အင်ပါယာ (Japanese Empire) ကို စစ်နိုင်သည့်အတွက် အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန်(Lord Louis Mountbatten) ခေါင်းဆောင်သော မဟာမိတ်တပ်ဖွဲ့များ၏ အောင်ပွဲခံ စစ်ရေးပြပွဲကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်သည်။  အောင်ပွဲခံအခမ်းအနားတွင် လော့ဒ်လူဝီမောင့်ဘက်တန်နှင့်အတူ တက်ရောက်အလေးပြုခဲ့သော မဟာမိတ် စစ်ခေါင်းဆောင်များတွင် ထိုမတိုင်ခင်ကမှ "ဒုတိယ စစ်ဆေးရေးမှူး" အဖြစ် ခန့်အပ်ခံရထားသော ဗိုလ်ချုပ်အောင်ဆန်းလည်း ပါဝင်သည်။ 

စစ်ရေးပြ ချီတက်ရာ၌ အိန္ဒိယတပ်မတော် (Indian Army)၊ တော်ဝင်ရေတပ် (Royal Navy)၊ ဗြိတိသျှမရင်းတပ် (Royal Marines)၊ အမေရိကန်တပ်မတော် (US Army)၊ တရုတ်တပ်မတော် (Chinese Army) နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့မျိုးချစ်တပ်မတော်တို့မှ တပ်စုများ ပါဝင်သည်။ ဗြိတိန် (UK)၊ ပြင်သစ် (France)၊ နယ်သာလန် (Netherlands) နှင့် အခြား ကုလအဖွဲ့ဝင်နိုင်ငံ အလံများနှင့်အတူ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အလံကိုလည်း လွှင့်ထူခွင့် ရခဲ့သည်။  

ဗြိတိန်နိုင်ငံ၏ တော်ဝင်စစ်ပြတိုက်မှ ထိန်းသိမ်းထားသည့် ဤဓါတ်ပုံတွင် မောင့်ဘက်တန်က အလေးပြုခံစင်ရှေ့မှ ချီတက်သွားသော မဟာမိတ်တပ်များ အလေးပြုခံနေပုံကို တွေ့မြင်နိုင်သည်။ အလေးပြုခံစင်မှာ မွန်ဂိုမာရီလမ်း (Montgomery Road) ဆုံ အနီး၊ ဂျူဗလီဟော (Jubilee Hall) နှင့် အင်္ဂလီကန် ဘုရားရှိခိုးကျောင်း (Holy Trinity) အနီးတွင် ရှိသည်။  ကော်မရှင်နာလမ်း (ယခု ဗိုလ်ချုပ် အောင်ဆန်းလမ်း) ပေါ်ရှိ အင်္ဂလီကန်ဘုရားကျောင်းကို အလေးပြုခံစင်နောက်၌  မြင်တွေ့နိုင်သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်