အမေ့ခံအတိတ်
အမေ့ခံအတိတ်
အောင်ဆန်းအက်တလီ စာချုပ်

၁၉၄၆-၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေစဥ် ဗြိတိသျှစစ်အရာရှိများနှင့် အတူ တွေ့ရပုံ
၁၉၄၆-၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေစဥ် ဗြိတိသျှစစ်အရာရှိများနှင့် အတူ တွေ့ရပုံ

event_note ခေတ်ကာလများပြပုံ

၁၃ ဇန်နဝါရီ ၁၉၄၇ - ၂၇ ဇန်နဝါရီ ၁၉၄၇

အောင်ဆန်းအက်တလီ စာချုပ်

room United Kingdom

people General Aung San Clement Attlee Lord Frederick Pethick-Lawrence

Read in English

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှ ၂၇ ရက် အတွင်း လန်ဒန်မြို့ (London) တွင် ဗြိတိသျှအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) နှင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာဧည့်သံတမန် အဖွဲ့တို့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲများမှ အောင်ဆန်း-အက်တလီ စာချုပ် ဖြစ်လာခဲ့သည်။

အောင်ဆန်း-အက်တလီ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူများ၏ "တူညီသော ရည်မှန်းချက်" တစ်ရပ်မှာ “ဗြိတိသျှ ဓနသဟာရနိုင်ငံများတွင် ပါဝင်သည် ဖြစ်စေ၊ မပါဝင်သည် ဖြစ်စေ၊ လွတ်လပ်သော မြန်မာနိုင်ငံ ဖြစ်တည်ရေး”ပင် ဖြစ်သည်။ ထိုစာချုပ်တွင် ရွေးကောက်တင်မြှောက်မည့် အစိုးရအဖွဲ့အတွက် “အမြန်ဆုံး” ရွေးကောက်ပွဲများ ပြုလုပ်ရန်နှင့် အကူးအပြောင်း ကာလတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာ ပါရှိသည်။

၁၉၄၆ ခုနှစ်တွင် အာဏာရလာသော ကလီမန့် အက်တလီ၏ လေဘာအစိုးရသည် အိန္ဒိယနိုင်ငံကိုရော၊ မြန်မာနိုင်ငံကိုပါ လွတ်လပ်ရေး ပေးလိုသည်။ မသေချာသေးသည့် အချက်မှာ မည်သည့်အချိန်တွင် ပေးမည်နှင့် အကူးအပြောင်း အစီအစဉ်များသည် မည်သို့ ဖြစ်သင့်သည်တို့ ဖြစ်သည်။ မကြာမီ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရသွားလျှင် အင်ပါယာ၏ အရှေ့မျက်နှာရှိ မြန်မာပြည်သည်လည်း မဟာဗျူယာအရ အရေးမပါတော့ဟု ဆုံးဖြတ်ကာ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလတွင် အက်တလီ အစိုးရသည် မြန်မာနိုင်ငံကို လျင်မြန်စွာ လွတ်လပ်ရေး ပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် စစ်ဒဏ်ခံထားရသည့် မြန်မာပြည်၏ စီးပွားရေးထက် မာလာယု (Malaya)၊ စင်ကာပူ (Singapore) နှင့် ဟောင်ကောင် (Hong Kong) တို့မှ အနာဂတ် အမြတ်အစွန်းများ ရရှိနိုင်မည်ဟု ယူဆသည်။ မြန်မာပြည်တွင် အမျိုးသားရေး လှုပ်ရှားမှုများကလည်း အရှိန်မြင့်နေသည်။ မြန်မာပြည်ကို လွတ်လပ်ရေး ပေးလိုက်ပါက ဗြိတိသျှတို့ အတွက် တာဝန်တစ်ခု လျော့ပါးသွားပြီး အိန္ဒိယ (India)၊ ပါလက်စတိုင်း (Palestine) နှင့် ပြည်တွင်းရှိ ပိုမို အရေးကြီးနေသော အရေးကိစ္စများကို အာရုံစိုက်နိုင်မည်။(မာလာယုနှင့် စင်ကာပူတွင်ကဲ့သို့) မြန်မာပြည်၏ စီးပွားရေးကို ပြန်လည် တည်ဆောက်ပြီး အနည်းဆုံး နောက်ထပ် ဆယ်နှစ်မျှ ဆက်လက်အုပ်ချုပ်မည့် မူလအစီအစဉ်ကို စောစီးစွာ လွတ်လပ်ရေး ပေးမည့် အစီအစဉ်နှင့် အစားထိုးခဲ့သည်။

ဗြိတိသျှတို့ စဉ်းစားရန် ကျန်သေးသည့် တစ်ခုတည်းသော ကိစ္စမှာ "တောင်တန်းဒေသများ" (အထူးသဖြင့် ချင်း၊ ကချင်၊ ကရင်၊ ရှမ်း၊ ဝနှင့် ကရင်နီပြည်နယ်များ) ကို မည်သို့ စီမံရမည် ဖြစ်သည်။ စစ်ကာလ အတွင်းက (အထူးသဖြင့် မဟာမိတ်တပ်များနှင့် အတူ ပူးပေါင်း၍ ဂျပန်ကို တော်လှန်ခဲ့ကြသော ကရင်နှင့် ကချင်လူမျိုးများ) ကတိကဝတ်များ ပေးထားခဲ့၍ ဗြိတိသျှဘက်မှ အတော်များများက တောင်တန်းဒေသများကို လွတ်လပ်သော မြန်မာနိုင်ငံတွင် ပေါင်းစည်းရန် စိတ်အား မထက်သန်ကြပေ။ လန်ဒန်မြို့ရှိ အခြားသူများကလဲ မြန်မာနိုင်ငံကို ကွန်မြူနစ်တို့ သိမ်းပိုက်မည်ကို စိတ်ပူနေကြပြီး တစစီ ကွဲပြားနေသော နိုင်ငံကို မချန်ခဲ့လိုပေ။ 

ရလဒ်မှာမူ မရေရာခဲ့ချေ။ စာချုပ်တွင် “တောင်တန်းဒေသနှင့် မြေပြန့်ဒေသ (ဥပမာ - မြန်မာပြည်) စောစီးစွာ ပြန်လည်ပေါင်းစည်းရေး” ရှိသင့်သည်ဟု ဆိုသော်လည်း “ထိုဒေသတွင် နေထိုင်သူ လူမျိုးစုများ၏ လွတ်လပ်သော သဘောတူညီချက်ဖြင့်”ဟု ပါရှိသည်။ မကြာမီ အချိန်တွင် ပင်လုံညီလာခံနှင့် တောင်တန်းဒေသ စုံစမ်းရေး ကော်မရှင် ဖြစ်လာသည်။ 

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သော သံတမန်အဖွဲ့တွင် ဖက်ဆစ်တော်လှန်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ဝင်များရော၊ ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဖဆပလ အဖွဲ့ဝင် မဟုတ်သူများပါ ပါဝင်ခဲ့သည်။ စစ်ပြန် နိုင်ငံရေးသမားများ ဖြစ်သော သခင်ဘစိန် (အမျိုးသားရေး အဖွဲ့အစည်း ဖြစ်သည့် ဒို့ဗမာ တည်ထောင်သူ) နှင့် ဦးစော (ဝန်ကြီးချုပ်၊ ၁၉၄၀-၁၉၄၂ ခုနှစ်) တို့က စာချုပ်တွင် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ကြပြီး ရန်ကုန်မြို့သို့ ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောမတူကြောင်း ကြေညာခဲ့သည်။

အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုပြီး ၁၈ လ အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြတို့ လုပ်ကြံခံခဲ့ရသည်။ ဦးစောမှာ ကြိုးပေးခံခဲ့ရသည်။ ဦးတင်ထွဋ်မှာ ကားဗုံးဖြင့် လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်။ သခင်သန်းထွန်း (ဦးအောင်ဆန်း၏ ယောက်ဖဖြစ်သူ) မှာ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး ဦးဘဖေ (လန်ဒန်မြို့တွင် လက်မှတ်ထိုးခဲ့သူ တစ်ဦးနှင့် ဗုဒ္ဓကလျာဏယုဝ အသင်း၊ ဝိုင်အမ်ဘီအေ တည်ထောင်သူ) မှာ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် အဖမ်းခံခဲ့ရသည်။ စောဘဦးကြီး ဦးဆောင်သော ကရင်ခေါင်းဆောင်များမှာ အောင်ဆန်း-အက်တလီ စာချုပ် လက်မှတ်ထိုးပြီး တစ်လအတွင်းပင် ကရင် အမျိုးသား ညီညွတ်ရေး (Karen National Union) ကို ဖွဲ့စည်းပြီး မကြာမီ ပုန်ကုန်ခဲ့ကြသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံတွင် ခေတ်သစ်နိုင်ငံရေး စတင် မွေးဖွားခဲ့သော လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်မှ စ၍ တင်းမာပြင်းထန်သော အစိတ်စိတ် အမွှာမွှာကွဲခြင်းသည် မြန်မာနိုင်ငံရေး လောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

ပထမပုံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အိန္ဒိယနှင့် မြန်မာပြည်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး လော့ဒ် ဖရက်ဒရစ် ပက်သစ်လောရန့်စ် (Lord Frederick Pethick-Lawrence) တို့ကို တွေ့ရသည်။ ဒုတိယပုံမှာ LIFE မဂ္ဂဇင်းတွင် ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ဖော်ပြခဲ့ပုံ ဖြစ်သည်။ နောက်ဆုံးပုံတွင် ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်မြို့ ခရီးစဥ်တွင် ဗြိတိသျှ စစ်အရာရှိများနှင့် တွေ့ဆုံနေပုံ ဖြစ်သည်။ ထိုစဉ်က အသက် ၃၂ နှစ် ပြည့်လုဆဲဆဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံရသည့် ဗြိတိသျှတို့က ၎င်းကို အလွန်ပင် အထင်ကြီးကာ "Excellency" ဟု ခေါ်ဝေါ်ခဲ့ကြသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်