အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း

event_note ခေတ်ကာလများပြပုံ

၁၃ ဇူလိုင် ၁၉၄၇

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း

people General Aung San

Read in English

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဦးအောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှ ဖစ်ရှ်ရင်ပြင် (ယခု မဟာဗန္ဓုလပန်းခြံ) ရှိ ပရိသတ်ကို မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ထိုစဉ်က ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) ၏ လက်အောက်တွင် ဖွဲ့စည်းသည့် ကြားဖြတ်အစိုးရ၏ ခေါင်းဆောင် (ယခင်က ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ဝန်ကြီးနှင့် အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ) ဖြစ်ခဲ့သည်။ ဤမိန့်ခွန်းသည် သူ၏ နောက်ဆုံးမိန့်ခွန်း ဖြစ်ပြီး ပြောကြားပြီး ရက်သတ္တပတ် တစ်ပတ် မပြည့်မီ ဦးအောင်ဆန်းနှင့် အမှုဆောင်ကောင်စီဝင်များ အားလုံးလိုလိုပင် လုပ်ကြံခံလိုက်ရသောအခါ မြန်မာပြည်၏ အရေးကြီးသော အလှည့်အပြောင်းကာလတွင် ခေါင်းဆောင်များကို ဆုံးရှုံးခဲ့ရသည်။ 

ထိုနှစ်အစောပိုင်းက ဦးအောင်ဆန်းနှင့် ဝန်ကြီးချုပ် ကလီမန့်အက်တလီ (Clement Attlee) ၏ ဗြိတိသျှ အစိုးရတို့ သဘောတူညီထားခဲ့သည့် အတိုင်း ၁၉၄၇ ခုနှစ် ဧပြီလတွင် မြန်မာပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် တိုင်းပြုပြည်ပြု လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပင်လုံညီလာခံတွင် "တောင်တန်းဒေသ"ကို "ပြည်မဒေသ"ထဲတွင် သွတ်သွင်းရာတွင် ဆောင်ရွက်ရမည့် အချက်အလက်များလည်း အတည်ပြုနိုင်ခဲ့သည်။ (အိန္ဒိယနိုင်ငံ (India) ကဲ့သို့) ဓနသဟာယအဖွဲ့ထဲတွင် အဖွဲ့ဝင် အဖြစ် ဆက်လက် တည်ရှိနေဦးမည်လားကိုမူ အတိအကျ မဆုံးဖြတ်ရသေးပေ။

ဦးအောင်ဆန်းက သူ၏ မိန့်ခွန်း၌ ရှေ့ဆက်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ အတွက် မြန်မာပြည်သူပြည်သားတို့ ယခုထက် ပို၍ စည်းကမ်းရှိကြရန် တိုက်တွန်းခဲ့သည်။ မြန်မာပြည်သည် လွတ်လပ်ရေး ရသည်နှင့် တောက်ပသော အနာဂတ် ရတော့မည် ဟူသော ယနေ့ ခေတ်ပေါ် ယုံတမ်းစကားသည် လက်တွေ့ဖြစ်ရပ်များနှင့် တခြားစီပင်။ ၁၉၄၇ ခုနှစ်က မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယိုယွင်းပျက်စီးနေပြီး ဒုတိယကမ္ဘာစစ်ကြောင့် အခြေခံ အဆောက်အအုံ အားလုံးနီးပါးပင် ပျက်စီးနေခဲ့သည်။ တိုင်းပြည်မှာ ကွန်မြူနစ် ပြည်သူ့စစ်များ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံ (Pakistan) ကို လိုလားသူ မူဂျာဟစ်ဒင် (Mujahideen) လက်နက်ကိုင်များ အပါအဝင် လက်နက်ကိုင် ပုန်ကုန်သူ မျိုးစုံတို့နှင့် ရင်ဆိုင်နေရသည်။   

ကမ္ဘာတစ်ဝှမ်းနှင့် ဒေသတွင်းတွင်လည်း မရေရာမှုများက ပျံ့နှံ့နေခဲ့သည်။ တရုတ်နိုင်ငံတွင် ကွန်မြူနစ်များက အရှေ့မြောက်ဒေသကို သိမ်းထားနိုင်လိုက်ပြီး ချန်ကေရှိတ် (Chiang Kai-shek) ကို အနိုင်တိုက်ရန် ပြင်ဆင်နေလျက်ရှိသည်။ စစ်ဒဏ်ထိထားသည့် ဥရောပအား ပြန်လည်ထူထောင်ရေး အစီအစဉ်တွင် ဆိုဗီယက်ပြည်ထောင်စု (Soviet Union) က မပါဝင်နိုင်ဟု ငြင်းဆန်လိုက်သောကြောင့် ဥရောပတွင် စစ်အေးတိုက်ပွဲနှင့် အာရုံများနေကြသည်။ အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့သည် တိုင်းပြည်ကို နှစ်ခြမ်းပိုင်းရန်နှင့် ပါကစ္စတန်နိုင်ငံကို သီးသန့် နိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် သဘောတူလိုက်သည်။ ထို့ကြောင့် လူပေါင်းသန်းနှင့်ချီကာ ဘုံပျောက်သွားတော့သည်။ အင်ဒိုနီးရှားနိုင်ငံ (Indonesia) တွင် သွေးထွက်သံယိုများသည့် လွတ်လပ်ရေးတိုက်ပွဲက ဇာတ်ရှိန်ကောင်းနေသည်။ ပါလက်စတိုင်းနိုင်ငံ (Palestine) မှာမူ အကြမ်းဖက်မှုများ ပို၍ ပြင်းထန်နေဆဲ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ (Vietnam) တွင် ပြင်သစ်ကိုလိုနီများနှင့် ဟိုချီမင်း၏ ဗီယက်မင်းတို့ တိုက်ပွဲ ဖြစ်နေကြသည်။

မြန်မာနိုင်ငံသည် အခြေအနေ မကောင်းလှသော်လည်း ကျန်သည့် အာရှဒေသများထက် ဆိုးဝါးနေသည် မဟုတ်။ သို့သော် နောင် အနှစ် ၇၀ အတွင်း အာရှနိုင်ငံများ အားလုံးနီးပါး အားကောင်းသည်ထက် အားကောင်းလာပြီး တိုင်းသူပြည်သား အများစုမှာ အေးချမ်းသာယာစွာ ရှင်သန်နေထိုင်လာနိုင်ခဲ့ပြီး မြန်မာပြည်သာလျှင် နောက်ကျကျန်ရစ်ခဲ့လေသည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်