အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၅၀ ပြည့်နှစ်က လန်ဒန်မြို့ရောက် ၀န်ကြီးချုပ်၊ ဒေါ်မြရီနှင့် ဒေါ်ခင်ကြည်
event_note ခေတ်ကာလများပြပုံ

မေ ၁၉၅၀

၁၉၅၀ ပြည့်နှစ်က လန်ဒန်မြို့ရောက် ၀န်ကြီးချုပ်၊ ဒေါ်မြရီနှင့် ဒေါ်ခင်ကြည်

room United Kingdom

people ဦးနု Daw Mya Yee Daw Khin Kyi Sir Percival Griffiths

Read in English

၁၉၅၀ ပြည့်နှစ်က အင်္ဂလန် (England) ခရီးစဥ်တွင် ဦးနုသည် မြန်မာပြည် တိုင်းရေးပြည်ရေး အခြေအနေမှာ အေးချမ်းတည်ငြိမ်သည့် ပုံပေါ်အောင် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ဦးနုက ပြည်တွင်း ငြိမ်းချမ်းရေး "တစ်နှစ်အတွင်း" ရမည် ဖြစ်ကြောင်း၊ ထိုအတွက် ဗြိတိသျှတို့ဘက်မှ အထောက်အပံ့ ပေးရန်၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါရန် တိုက်တွန်းခဲ့သည်။ ၁၉၅၀ ခုနှစ် မေလ ၂၆ ရက်နေ့က အင်္ဂလန်နိုင်ငံထုတ် Spectator မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဆောင်းပါးတွင်မူ သူ၏ အကောင်းမြင်မှုကို ပြန်လည် ချေပထားသည်။

"အချို့သော မျိုးဆက်များက အနောက်တိုင်း၏ အကောင်းမြင်မှုနှင့် ဆန့်ကျင်သည့် အရှေ့တိုင်း၏ အကျင့်ပါနေသော အဆိုးမြင်မှုနှင့် ပြောဆိုလေ့ ရှိကြသည်။ သို့သော် လတ်တလောတွင် ထိုထုံးစံက ပြောင်းပြန် ဖြစ်လေပြီ။ အနောက်နိုင်ငံများက စိတ်ပျက်လက်ပျက် ဖြစ်နေကြသော်လည်း လောလောလတ်လတ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရခဲ့သည့် အရှေ့တိုင်း နိုင်ငံများက အပြစ်မမြင်နိုင်သော အကောင်းမြင်မှုမျိုးကို လက်စွဲကြဟန် ရှိသည်။ မြန်မာ ဝန်ကြီးချုပ် သခင်နု၏ လတ်တလော လန်ဒန်ခရီးစဥ်တွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် အနာဂတ် အလားအလာများကို အမွှန်းတင်သွားသည်မှာ ဘက်မလိုက်သော လေ့လာသူများ တွေ့ရှိချက်နှင့် လားလားမျှ မဆိုင်ပေ။ ဝန်ကြီးချုပ်က ပုန်ကန်ထကြွမှုများကို ချေမှုန်းနိုင်တော့မည်၊ ကွန်မြူနစ်တို့ကိုလဲ အစိုးရက အသာရပြီ၊ စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းများလည်း အောင်မြင်တော့မည်၊ ထို့ကြောင့် ဗြိတိသျှ ရင်းနှီးမြှုပ်နှံသူများ၊ ပညာရှင်များကလည်း ပူးပေါင်းပါဝင်ကြပါဟု ဆိုသည်။

သူ ဆိုသည့် ထိုလေးချက်ကို လတ်တလောတွင် မြန်မာနိုင်ငံကို ရောက်ဖူးသူ မည်သူမဆို လက်ခံမည် မဟုတ်။"

အိန္ဒိယ အစိုးရ အရာရှိဟောင်း တစ်ဦး ဖြစ်သည့် ဆာပါဆီဗယ် ဂရစ်ဖစ်သ် (Sir Percival Griffiths) ရေးသား၍ "မြန်မာနိုင်ငံ၏ လက်တွေ့ အနေအထား" ဟု အမည်ပေးထားသော ဆောင်းပါးတွင် ဦးနု တင်ပြသည်နှင့် ကွာခြားသည့် (ပို၍ လက်တွေ့ကျသည့်) အနေအထားကို တင်ပြထားသည်။

"မြောက်ဘက်ရှိ တောင်တန်းဒေသများမှ လွဲ၍ မြန်မာတစ်နိုင်ငံလုံးတွင် တရားဥပဒေ စိုးမိုးမှု မရှိတော့သည်မှာ ကြာလှပြီ ဖြစ်သည်။ သူပုန်အဖွဲ့များက အချင်းချင်း အပြိုင်အဆိုင်ပင် ခိုးဆိုးလုယက်မှုများ ပြုလုပ်နေကြသည်။ မြန်မာ့ ဘဏ္ဍာရေးဝန်ကြီး ကိုယ်တိုင်ကပင် ၁၉၄၉ ခုနှစ် စက်တင်ဘာလ အထိ အစိုးရပိုင် ပစ္စည်း ပျက်စီးဆုံးရှုံးမှုမှာ စတာလင်ပေါင် ၁၅,၀၀၀,၀၀၀ မျှ ရှိသည်ဟု ဆိုထားသည်။ ယခုဆိုလျှင် ထို့ထက် များစွာ ပို၍ ပျက်စီးနေတော့မည်။ ဝန်ကြီးက ပုဂ္ဂလိကပိုင် ပစ္စည်း ပျက်စီးဆုံးရှုံးမှုများလည်း ရှိသည်ဟု ဆိုသည်။ အချို့သော မြို့ရွာများတွင် လုံခြုံမှု မရှိသလောက် ဖြစ်သည်။ ယခုအခါ အနည်းငယ် တိုးတက်မှု ရှိသော်လည်း သူပုန်အားလုံးကို ဖမ်းဆီးနိုင်လျှင်ပင် အစိုးရ ယန္တရားကို ပုံမှန် လည်ပတ်နိုင်ရန် အချိန်ကြာဦးမည်။"

၁၉၅၀ ပြည့်နှစ် မေလက အင်္ဂလန်နိုင်ငံ (England) တွင် ရိုက်ကူးခဲ့သော ဤဓါတ်ပုံတွင် ဝန်ကြီးချုပ် ဦးနုနှင့် ဇနီး ဒေါ်မြရီ၊ ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် (လက်ဝဲအစွန်) တို့ကို တွေ့ရသည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်