အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

ဖေဖော်ဝါရီ ၁၉၆၀

ဆိုဗီယက် ဝန်ကြီးချုပ်၏ မြန်မာပြည် ခရီးစဥ်

people ဦးနု General Ne Win Nikita Khrushchev

Read in English

ဆိုဗီယက် (Soviet) ဝန်ကြီးချုပ် နီကီတာ ခရူးရှက် (Nikita Khrushchev) သည် အာရှခရီးစဉ် သွားရောက်ခဲ့စဉ်က မြန်မာနိုင်ငံသို့လည်း လာရောက်ခဲ့ဖူးသည်။ ဗိုလ်ချုပ်နေဝင်း၏ "အိမ်စောင့်အစိုးရ" လက်ထက်က ဖြစ်သည်။ သူ၏ ကိုယ်ရေးမှတ်တမ်းတွင် ခရူးရှက်က တခမ်းတနား ကြိုဆိုကြသည်ကို အလွန်ပင် နှစ်ခြိုက်ကြောင်း ရေးသားခဲ့သည်။ သို့သော် နယူးယောက်တိုင်းမ်စ် (The New York Times) ကမူ ခရူးရှက် "ရန်ကုန်မြို့သို့ ရောက်လာသော အခါ ယဥ်ကျေးစွာ ကြိုဆိုသော်လည်း ဟက်ဟက်ပက်ပက် မရှိလှ" ဟု မှတ်ချက်ပြုခဲ့သည်။

သမ္မတကြီး မန်းဝင်းမောင်က အစိုးရအိမ်တော်၏ ဥယျာဉ်ထဲတွင် ပါတီတစ်ခု ကျင်းပပေးခဲ့ပြီး ခရူးရှက်က အထူးဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့သည်။ သူသည် ထိုစဉ်က ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ်နေဝင်းတို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ် ခရူးရှက်သည် ဦးနုက အလွန် အမေရိကန် (American) ဆန်ပြီး ဗိုလ်ချုပ်နေဝင်းကမူ မြန်မာနိုင်ငံကို မာ့ခ်စ်ဝါဒီလမ်းစဉ် (Marxist) အတိုင်း ဦးဆောင်ကာ ဆိုဗီယက်တို့ကို ပို၍ လိုလားမည်ဟု ရှုမြင်ခဲ့သည်။

ခရီးစဉ် အတွင်း ဆိုဗီယက်ပြည်ထောင်စု (the USSR) က မြန်မာနိုင်ငံကို မိတ်ဖြစ်ဆွေဖြစ် အလို့ငှာ ထောက်ပံ့မှုများ ပြုလုပ်မည်ဟု ကတိကဝတ် ပြုခဲ့သည်။ ဆိုဗီယက်တို့က မြန်မာမြို့များကို ပြန်လည် တည်ဆောက်ခြင်း၊ ရန်ကုန် စက်မှုတက္ကသိုလ်၊ အင်းယားလိတ် (Inya Lake) ဟိုတယ်နှင့် တောင်ကြီးမြို့တွင် ဆေးရုံတစ်ရုံ တည်ဆောက်ခြင်းတို့ဖြင့် ကူညီမည်ဟု ဆိုပြီး မြန်မာတို့က ထိုကုန်ကျစရိတ်နှင့် တူညီသော ပမာဏ အတိုင်း ဆိုဗီယက် ပြည်ထောင်စုသို့ ဆန်တင်ပို့ပေးမည်ဟု ဆိုခဲ့သည်။

၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလက ရုရှား (Russia) ဝန်ကြီးချုပ် နီကီတာ ခရူးရှက်၏ ရန်ကုန်ခရီးစဥ်ကို မှတ်တမ်းတင်ထားသည့် သတင်းမှတ်တမ်း ရုပ်ရှင်တွင် အသံမပါသော်လည်း နယူးယောက်တိုင်းမ်စ် က ဆိုထားသကဲ့သို့ ဟက်ဟက်ပက်ပက် မရှိသော ကြိုဆိုမှု မဟုတ်သည်ကို မြင်တွေ့နိုင်သည်။ ရုပ်ရှင်တွင် ခရူးရှက်၏ မော်တော်ယာဥ်တန်း လေဆိပ်မှ ထွက်ခွာလာပုံနှင့် မြန်မာ့ခေါင်းဆောင်များက နွေးထွေးစွာ ကြိုဆိုပုံကို တွေ့မြင်ရသည်။ ထို့အပြင် ခရူးရှက်က ဗိုလ်ချုပ်အောင်ဆန်း ဗိမာန်တွင် ပန်းခွေချထားပုံ၊ စက်မှုတက္ကသိုလ် တည်ဆောက်မည့် နေရာတွင် သစ်ပင်စိုက်ပေးပုံတို့လဲ ပါရှိသည်။ အဆုံးသတ်တွင် အစိုးရအိမ်တော်တွင် ကျင်းပပေးသည့် ပါတီပွဲ ခမ်းနားပုံကိုလည်း မြင်တွေ့ရသည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်